News

Battle Round မှာ ဘယ်လိုပုံစံမျိုးနဲ့ ယှဉ်ပြိုင်ကြရမှာလဲ..?

28 Mar 2018

1,389 Views


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Blind Audition လူရွေးပွဲကြီး အဆုံးသတ်ခဲ့ပြီမို့ လာမယ့်တစ်ပတ်မှာ ပရိသတ်တွေ ကြည့်ရှုကြရမှာကတော့ Battle Round အဆင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ Battle Round ကို ယှဉ်ပြိုင်ကြရမယ့် ပြိုင်ပွဲရဲ့ပုံစံကို ကြိုတင်ပြီး မိတ်ဆက်ပေးလိုက်ပါရစေ။

ဥပမာပေးခိုင်းနှိုင်းကြည့်မယ်ဆိုရင် Blind Audition အဆင့်ဆိုတာကတော့ ကျောက်ရိုင်းတုံးလေးတွေများစွာထဲက သွေးလိုက်ရင် အရည်လဲ့ပြီး အရောင်တောက်ပလာနိုင်မယ်လို့ ယူဆရတဲ့ ပြိုင်ပွဲဝင်တွေကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
သူတို့လေးတွေဟာ တစ်ကယ့်ကို ကျောက်အရိုင်းတုံးလေးတွေလိုပါပဲ..။

ကျောက်သွေးပညာရှင်လို့ တင်စားရမယ့် နည်းပြတစ်ဦးချင်းစီရဲ့ လက်ထဲမှာ ကျောက်အရိုင်းတုံးလေးတွေ (၁၂) တုံးစီ ရောက်နေပါပြီ။ Battle Round အဆင့်မှာတော့ ကျောက်ရိုင်းတုံးလေးတွေ အားလုံးကို အကာသားလေးတွေ ကွာကျပြီး ဖုံးကွယ်နေတဲ့ ပင်ကိုယ်အရောင်လေးတွေ လက်လာအောင် နည်းပြတွေက သွေးပေးသွားကြမှာပါ။

တစ်နည်းအားဖြင့် နည်းပြတွေက ကိုယ့်ရဲ့ အသင်းသား (၁၂)ဦးကို လိုအပ်တဲ့ အကြံဉာဏ်တွေ လမ်းညွှန်ပေးမှုတွေ လေ့ကျင့်မှုတွေ လုပ်ပေးကြမှာဖြစ်ပါတယ်။
ပြင်ဆင်မှုတွေနဲ့အတူ Battle Round ယှဉ်ပြိုင်ဖို့အတွက် ကိုယ့်ရဲ့အဖွဲ့သား (၁၂) ယောက်ကို နှစ်ယောက်တစ်တွဲစီနဲ့ (၆)စုံဖြစ်အောင် အရင်ဆုံး ရွေးချယ်ပြီး လိုက်ဖက်ညီတဲ့ အတွဲလေးတွေအဖြစ် (Pair)တွဲပေးကြမှာပါ။

Battle Round မှာတော့ သီချင်းတစ်ပုဒ်တည်းကို နှစ်ယောက်သီဆိုရမှာဖြစ်လို့ နည်းပြတွေအတွက် တွဲ(Pair) ပေးရတဲ့နေရာမှာ ပညာသားပါပါတယ်။ ဒါ့အပြင် ယှဉ်ပြိုင်တဲ့အခါ မညီမမျှမှုတွေ မဖြစ်စေဖို့ နှစ်ယောက်စလုံးက အကောင်းဆုံးသီဆိုယှဉ်ပြိုင်နိုင်မယ့် သီချင်းမျိုးကို သူတို့ရဲ့ အသံ၊ သူတို့ရဲ့ သီဆိုနိုင်အားတွေပေါ်မှာ ဆုံးဖြတ်ပြီး ရွေးချယ်ပေးရတာမို့ အတော်လေး လက်ဝင်မယ်လို့ ထင်ပါတယ်။
ဒါကြောင့်မို့ ဒီအဆင့်မှာ နည်းပြတွေရဲ့ အရည်အချင်းတွေကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။

Battle Round နေ့ကိုရောက်လာတဲ့အခါမှာတော့ နှစ်ယောက်တစ်တွဲ သီဆိုပြီးတိုင်း အကောင်းဆုံးလို့ ယူဆတဲ့သူ တစ်ယောက်ထဲကိုပဲ သက်ဆိုင်ရာ နည်းပြကိုယ်တိုင်က ဆုံးဖြတ်ရွေးချယ်ရမှာပါ။
တစ်နည်းအားဖြင့် ကိုယ်တိုင် အပင်ပန်းခံ သွေးပေးထားတဲ့ ကျောက်ရိုင်းလေး (၁၂) တုံးထဲက (၆)တုံးကို ချွင်းချက်မဲ့ ကိုယ်တိုင်ပဲ စွန့်လွှတ်လိုက်ရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ Battle Round အတွက် အနီးကပ်သင်ကြားပြသပေးထားပြီး မိသားစုတွေလို အတူနေလာကြတဲ့အထဲက အသင်းသား (၆) ဦးကို မဖြစ်မနေ လက်လွှတ်လိုက်ရမယ့် အဲဒီအခိုက်အတန့်ဟာ နည်းပြတွေအတွက်တော့ အတော်လေးခက်ခဲမယ့် အချိန်တစ်ခုဖြစ်မယ်ဆိုတာ ကြိုတင်မှန်းဆမိပါတယ်။
 
ကိုယ့်အသင်းသားကို အခြားနည်းပြရဲ့ အဆုံးအဖြတ်နဲ့ ပယ်လိုက်ရတာက ဖြေသိမ့်နိုင်ကောင်းပေမယ့် ကိုယ်ကိုယ်တိုင် နှုတ်ပယ်ရမယ် ဆိုတဲ့ စည်းကမ်းချက်က ပရိသတ်တွေနဲ့အတူ ဝမ်းနည်းကြရလိမ့်မယ်လို့ ထင်ပါတယ်။

ဒါပေမယ့်လည်း အကောင်းဆုံးသော အသံပိုင်ရှင်၊ တစ်နည်းအားဖြင့် အဖိုးတန်ဆုံးသော ကျောက်ကောင်းတစ်ပွင့်ကို ရှာဖွေနေတာဖြစ်လို့ ဒီအခြေနေကိုတော့ ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။

ကိုယ်စီအသင်းတွေထဲက အသင်းသားတွေကို နည်းပြတွေက ဘယ်လိုတွဲပေးထားတယ်ဆိုတာ မသိသေးပါဘူး၊ ဒါပေမယ့် ပရိသတ်တွေအနေနဲ့ ဘယ်သူနဲ့ ဘယ်သူကို တွဲပေးချင်လဲ/တွဲပေးသင့်လဲဆိုတာ ကြိုတင်ခန့်မှန်းနိုင်ဖို့ အသင်းအလိုက် ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။


ကိုယ့်ရဲ့ သဘောထားနဲ့ နည်းပြတွေရဲ့ သဘောထား တစ်ထပ်တည်းကျ မကျဆိုတာကို လာမယ့် ဧပြီလ(၁)ရက်နေ့ တနင်္ဂနွေနေ့ ည ၉ နာရီမှာ MRTV 4 လိုင်းကနေ Battle Round ရဲ့ ပထမဆုံးအပိုင်း(၁) ကို စောင့်မျှော်ကြည့်ရှု တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ပါတယ်။
 

News