News

သူနိုင်ကိုယ်နိုင် အပြိုင်ကြဲတဲ့ Battle Round

1 Apr 2018

1,463 Views


ဒီနေ့ညကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့ နောက်ထပ်အဆင့်တစ်ဆင့်ဖြစ်တဲ့ Battle Round ကို ယှဉ်ပြိုင်သွားခဲ့ကြတာပဲဖြစ်ပါတယ်။
ယခု Battle Round အဆင့်ဟာ ပြိုင်ပွဲဝင်တွေအတွက် ဘဝတစ်ဆစ်ချိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်သူဟာ LIVE Show အဆင့်ကို တက်ရောက်ရမှာဖြစ်ပြီး ဆုကြေးငွေ သိန်း ၂၀၀ နဲ့အတူ ကမ္ဘာကျော် Universal Music Studio နဲ့ သီချင်းခွေထုတ်လုပ်ခွင့်ရမယ့် ‘WINNER’ ဆုရှင်တစ်ဦးလည်း ဖြစ်နိုင်ခွင့် ရှိနေပါတယ်။

Battle Round မှာတော့ Team တစ်ခုချင်းစီက အဖွဲ့သားနှစ်ဦးက သီချင်းတစ်ပုဒ်ထဲကို အတူတူ စုံတွဲသီဆိုရမှာဖြစ်ပြီး သူတို့ထဲက တစ်ယောက်ကိုပဲ နည်းပြဖြစ်သူက Live Show အဆင့်အတွက် ရွေးချယ်သွားမှာဖြစ်ပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ အိမ်ပြန်သွားရမှာပါ။
ဒါကြောင့်မို့ ဒီနေ့ညမှာ ဘယ်သူတွေက Live Show အဆင့်ကို တက်သွားပြီး ဘယ်သူတွေက အိမ်ပြန်သွားကြရမလဲဆိုတာက ရင်ခုန်စရာကောင်းနေပါတယ်။

Battle Round ပွဲစဉ် ပထမဆုံးအပတ်အတွက် ပထမဦးဆုံး ယှဉ်ပြိုင်ကြရမယ့် ပြိုင်ပွဲဝင် နှစ်ဦးကတော့ “နီနီခင်ဇော်” ရဲ့ အဖွဲ့ထဲက “ဝေနှင်းမောင်” နဲ့ “ဝေနှင်းပွင့်” တို့ ဖြစ်ပါတယ်။
ကြိုးဝိုင်းသဏ္ဍန်ပြင်ဆင်ထားတဲ့ စတိတ်စင်ပေါ်မှာ သူတို့နှစ်ဦးက အတူတူသီဆိုယှဉ်ပြိုင်ကြဖို့ အသင့်ဖြစ်နေကြပါပြီ။

ပရိသတ်တွေထဲမှာလဲ သူတို့နှစ်ဦးရဲ့ သူငယ်ချင်းတွေ လာရောက်အားပေးကြတာတွေ့ရပါတယ်။ “HAVANA” သီချင်းကို Performance တွေနဲ့တွဲဖက်ပြီး သီဆိုယှဉ်ပြိုင်နေပုံက Blind Audition နဲ့ အခြားနားကြီး ခြားနားနေပါတယ်။ နည်းပြ နီနီခင်ဇော်ရဲ့ လေ့ကျင့်ပြင်ဆင်ပေးမှုတွေကြောင့် ပြိုင်ပွဲဆိုတာထက် ဖျော်ဖြေမှုတစ်ခုကို ကြည့်နေရသလိုပါပဲ။
“ဝေနှင်းမောင်” နဲ့ “ဝေနှင်းပွင့်” တို့ နှစ်ယောက် “HAVANA” နဲ့အတူ ဘယ်သူကများ နောက်တစ်ဆင့်အတွက် ရွေးချယ်ခံရမလဲဆိုတာ အားပေးကြည့်ရှုပါဦး..။



ဒုတိယပွဲစဉ်ကတော့ “ကျားပေါက်” ရဲ့ အဖွဲ့မှ “ရိုးရိုး” နဲ့ “စော့စော့ (Tsaw Tsaw)” တို့ အတွဲပဲဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုမစတင်ခင်မှာ သူတို့နှစ်ဦးကို နည်းပြဖြစ်တဲ့ “ကျားပေါက်” က ဘယ်လိုတွေ လေ့ကျင့်သင်ကြားပေးခဲ့လဲဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ “ရိုးရိုး” နဲ့ “စော့စော့” တို့ရဲ့ အမှန်အကန် ယှဉ်ပြိုင်မှုကြီး စတင်ပါပြီ။
စည်သူလွင်ရဲ့ အကောင်းစားသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ဒုတိယလူ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ရိုးရိုးက အရင်ဦးဆုံး စတင်သီဆိုပါတယ်။

ပညာခန်းတွေအများကြီးပါတဲ့ ဒီသီချင်းကို ဘယ်လိုသီဆိုသွားကြမလဲဆိုတာ နည်းပြလေးဦးနဲ့အတူ သူတို့ရဲ့ သူငယ်ချင်းတွေကလည်း စိတ်လှုပ်ရှားနေကြပါပြီ။
“ရိုးရိုး” နဲ့ “စော့စော့” တို့ရဲ့ သီဆိုယှဉ်ပြိုင်မှုအပြီးမှာ ဘယ်သူက တစ်ကယ်ပဲ “ဒုတိယလူ” ဖြစ်ကျန်ခဲ့မလဲဆိုတာ အတူတူရင်ခုန်ကြရအောင်နော်..။
 

 


ဒီတစ်ခါကတော့ ရက်ပ်ပါကြီး “ရန်ရန်ချန်း” အဖွဲ့ထဲက ယှဉ်ပြိုင်ကြရမှာပါ။ “Woofer” နဲ့ “ဂျူလီယာဌေး” တို့ကို တွဲပေးထားပါတယ်။

“အမုန်းမြို့သူ” သီချင်းကို “ဂျူလီယာဌေး” က မယ်လိုဒီသီဆိုပြီး “Woofer” က ရက်ပ်ပင်တွေ ရွတ်ကာ အတွဲညီညီ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ သူတို့စုံတွဲ သီဆိုယှဉ်ပြိုင်မှုအပြီး တစ်ယောက်ယောက်ကို မရွေးချယ်ခင်မှာ ရုတ်တရက် “လင်းလင်း” က စင်ပေါ်တက်သွားပြီး “ဒီနှစ်ယောက်ထဲက ရွေးချယ်မခံရတဲ့ ဘယ်သူပဲဖြစ်ဖြစ်၊ သူစီစဉ်နေတဲ့ သီချင်းခွေမှာ ခေါ်ယူသီဆိုသွားမယ်လို့” ကောက်ခါငင်ကာ ကြေညာခဲ့ပါတယ်။

ဒါကြောင့်မို့ တစ်ယောက်က နောက်တစ်ဆင့်ပါသွားရင်တောင် ကျန်ခဲ့တဲ့ တစ်ယောက်က “လင်းလင်း” စီစဉ်နေတဲ့ သီချင်းခွေမှာ ပါဝင်သီဆိုခွင့်ရသွားမှာဖြစ်လို့ အရမ်းကို ရင်ခုန်စရာကောင်းတယ်နော်..။



နောက်ထပ်ယှဉ်ပြိုင်ရမယ့် အတွဲကတော့ “နီနီခင်ဇော်” အဖွဲ့ထဲက “လှိုင်မျိုးသူ” နဲ့ “Jubilee Tun” တို့ပဲ ဖြစ်ပါတယ်။

“If I ain’t got you” သီချင်းကို တစ်ယောက်တစ်ပိုဒ် သီဆိုစဉ်မှာ “နီနီခင်ဇော်” က မျက်လုံးမှိတ်ထားပြီး အသံကိုပဲ အာရူံစူးစိုက်နားထောင်နေပါတယ်။ “လှိုင်မျိုးသူ” ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက စိတ်လှုပ်ရှားစွာနဲ့ အားပေးနေသလို “Jubilee Tun” ရဲ့ မိခင်ဖြစ်သူကလည်း သားအတွက် ဆုတောင်းပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။
 
ဒီအတွဲကလည်း တစ်ကယ်ကို အတွဲညီလိုက်ဖက်တာမို့ သီချင်းတစ်ပုဒ်ကို ကိုယ်သီဆိုရမယ့်နေရာမှာ အကောင်းဆုံး သီဆိုသွားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အဖြေကတော့ နည်းပြ “နီနီခင်ဇော်” ရဲ့ ရွေးချယ်မှုပေါ်မှာပဲ ရာနှုန်းပြည့် တည်မှီနေပါတယ်။



ဒီတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ “လင်းလင်း” အဖွဲ့ရဲ့ အလှည့်ပဲဖြစ်ပါတယ်။ “လင်းလင်း”က သူ့အဖွဲ့ထဲက “Ryan Htun” နဲ့ “Ce Ce” ကို တွဲပေးထားပါတယ်။ ထူးခြားတာကတော့ သီချင်းတစ်ပုဒ်ထဲကို မြန်မာဗားရှင်း အင်္ဂလိပ်ဗားရှင်း နှစ်မျိုးလုံး ရောစပ်စီစဉ်ပေးထားတာမို့ ယှဉ်ပြိုင်သူတွေရဲ့ သီဆိုမှုအရည်အချင်းကို အပြည့်အဝ မြင်တွေ့ရမှာဖြစ်ပါတယ်။

“ရင်ခွင်ပျောက်သူ + I will Always Love You” ကို အတူတူသီဆိုယှဉ်ပြိုင်ရင်း ဘယ်သူကများ နောက်တစ်ဆင့်တက်သွားနိုင်မလဲဆိုတာကတော့...
 

 


Rock.. Rock.. Rock.. Rocker ကြီးနှစ်ယောက်ကို တွဲပေးလိုက်တဲ့အခါမှာတော့ The Voice Myanmar ရိုက်ကူးရေး စတူဒီယိုကြီးတစ်ခုလုံးက ကြွတက်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ ပရိသတ်တွေ နည်းပြတွေအားလုံး.. အားလုံး မြူးကြွလန်းဆန်းသွားသလို ရုပ်မြင်သံကြားကနေ ကြည့်ရှုနေတဲ့ ပရိသတ်တွေလည်း သွေးဆူသွားအောင် သီဆိုယှဉ်ပြိုင်ခဲ့သူနှစ်ဦးကတော့ “ကျားပေါက်” အဖွဲ့ရဲ့ လက်ရုံးတွေဖြစ်ကြတဲ့ “ဂျဝါအောင်မွန်း” နဲ့ “Waii Ryan” တို့ဖြစ်ပါတယ်။

ကိုညီထွဋ်(ဇော်ဝင်းထွဋ်)ရဲ့ “Rock N Roll Show” သီချင်းက နှစ်ယောက်စလုံးနဲ့ လိုက်ဖက်နေပြီး ပညာသားပါပါ သီဆိုရမယ့်နေရာတွေမှာ နှစ်ဦးစလုံးက ပိုင်ပိုင်နိုင်နိုင်သီဆိုခဲ့ကြတာဖြစ်လို့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို အိမ်ပြန်လွှတ်ရမှာ “ကျားပေါက်” အတွက် နစ်နာမှု တစ်ခုခုရှိနိုင်တယ်လို့တောင် ခံစားရမိပါတယ်။

ယှဉ်ပြိုင်သီဆိုနေတဲ့ နေရာတစ်ခုမှာ “နီနီခင်ဇော်” အကြီးအကျယ်အံ့သြခဲ့ရတဲ့၊ Impressive ဖြစ်ခဲ့ရတဲ့ နေရာလေးတစ်နေရာ ရှိပါတယ်။
ဘယ်နေရာများဖြစ်မလဲ..? နောက်ဆုံးမှာ “ကျားပေါက်” ရဲ့ အဖြေက ဘယ်လိုရှိမလဲဆိုတာ အားပေးလိုက်ကြရအောင်..။


Battle Round ရဲ့ ပထမဦးဆုံးအပတ် ယှဉ်ပြိုင်မှုက ပြီးဆုံးသွားခဲ့ပါပြီ။ ဒီတစ်ပတ်အပြီးမှာတော့ “နီနီခင်ဇော်” ရဲ့ အဖွဲ့သား (၂)ဦး၊ “ကျားပေါက်” ရဲ့ အဖွဲ့သား (၂)ဦး၊ “လင်းလင်း” နဲ့ “ရန်ရန်ချန်း” အဖွဲ့တို့မှ အဖွဲ့သား (၁)ဦးစီ အိမ်ပြန်သွားခဲ့ရပြီဖြစ်ပါတယ်။

နောက်တစ်ပတ် Battle Round မှာလည်း နည်းပြတွေက ဘယ်သူတွေကို တွဲပေးထားပြီး ယှဉ်ပြိုင်မယ့်သီချင်းတွေကို ဘယ်လိုစီစဉ်ပေးထားဦးမလဲဆိုတာကို လာမယ့် ဧပြီ(၈)ရက် တနင်္ဂနွေနေ့ ည ၉ နာရီ MRTV 4 ရုပ်သံလိုင်းကနေ စောင့်မျှော်ကြည့်ရှုကြပါဦး။

The Voice Myanmar Season (1) ရဲ့ ယှဉ်ပြိုင်မှုများ(Update) အားလုံးကို www.youtube.com/thevoicemyanmar မှာ အချိန်မရွေး ပြန်လည်ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်းလည်း အသိပေးပါရစေ။
 

News