News

The Voice Myanmar ရဲ့ LIVE Show မှာ ဘယ်လို ယှဉ်ပြိုင်သွားရမှာလဲ..?

27 Apr 2018

1,389 Views


ယခုတစ်ပတ် တနင်္ဂနွေနေ့ညမှ စတင်ပြီး MRTV 4 ရုပ်သံလိုင်းကနေ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ပြသတော့မယ့် The Voice Myanmar Live Show သီချင်းဆိုပြိုင်ပွဲကြီးမှာတော့ ပရိသတ်တွေအနေနဲ့ နည်းပြတွေနဲ့ တန်းတူ ပြိုင်ပြိုင်ဝင်တွေကို မဲအဆုံးအဖြတ်(Vote) စနစ်နဲ့ ရွေးချယ်ပေးရင်း ရှေ့ဆက်ချီတက်သွားမှာဖြစ်ပါတယ်။

အခုချိန်ကစပြီး ပြိုင်ပွဲဝင်တွေရဲ့ ကံကြမ္မာကို ပရိသတ်တွေကလည်း အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်လို့ ပရိသတ်တစ်ဦးချင်းစီကပဲ အရေးကြီးတဲ့ အကဲဖြတ်လူကြီးမင်းတွေ ဖြစ်လာကြပါပြီ။
နည်းပြလေးဦးအနေနဲ့တော့ သူတို့ရဲ့ အဖွဲ့သားတွေကို ဘယ်သူတက် ဘယ်သူပြုတ်ဆိုပြီး ဆုံးဖြတ်ခွင့် အပြည့်အဝရှိတော့မှာ မဟုတ်တော့ပါဘူး။

ဒါကြောင့်မို့ The Voice Myanmar ရဲ့ Live Show အဆင့် တင်ဆက်မယ့် ပုံစံအဆင့်ဆင့်ကို ပရိသတ်များ သိရှိနည်းစေရန် ရှင်းလင်းဖော်ပြပေးလိုက်ရပါတယ်။

လက်ရှိအချိန်မှာတော့ (ကျားပေါက်၊ နီနီခင်ဇော်၊ လင်းလင်း၊ ရန်ရန်ချန်း) အသင်း ၄ သင်းမှာ ပြိုင်ပွဲဝင်အသင်းသား (၆) ယောက်စီနဲ့ စုစုပေါင်း (၂၄) ယောက်ရှိနေပါတယ်။

 


LIVE Show ကြီး စတင်ပါပြီ..


Live Show ပထမအပတ် (ဧပြီ ၂၉)

မှာတော့ ပထမအသုတ်အနေနဲ့ နည်းပြအသင်း တစ်သင်းစီက ပြိုင်ပွဲဝင် (၃)ဦးစီနဲ့ စုစုပေါင်း (၁၂)ဦး စတင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ယှဉ်ပြိုင်မှုအပြီးမှာ၊ ပရိသတ်မဲအများဆုံးရရှိသူ ၁ ဦး၊ သက်ဆိုင်ရာ နည်းပြက ရွေးချယ်ခဲ့သူ ၁ ဦး။ စုစုပေါင်း ၂ ဦးသား ရှေ့ဆက်တက်သွားမှာဖြစ်ပြီး ကျန်တစ်ဦးကတော့ အိပ်ပြန်ရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ နည်းပြအသင်းတစ်သင်းစီက မဲရလာဒ်အနည်းဆုံးပြိုင်ပွဲဝင် တစ်ဦးစီနဲ့ စုစုပေါင်း (၄)ဦး ဒီတစ်ပတ်မှာ နှုတ်ဆက်ထွက်ခွာ အိမ်ပြန်ကြရမှာဖြစ်ပါတယ်။


Live Show ဒုတိယအပတ် (မေ ၆)

မှာလည်း ဒုတိယအသုတ်အဖြစ် အသင်းတစ်သင်းစီမှာ မပြိုင်ရသေးပဲ ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် (၃)ဦးစီနဲ့ စုစုပေါင်း (၁၂)ဦး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ယှဉ်ပြိုင်မှုအပြီးမှာတော့ ထုံးစံအတိုင်း ပရိသတ်မဲအများဆုံးရရှိသူ ၁ ဦး၊ သက်ဆိုင်ရာ နည်းပြက ရွေးချယ်ခဲ့သူ ၁ ဦး။ စုစုပေါင်း ၂ ဦးသား ရှေ့ဆက်တက်သွားမှာဖြစ်ပြီး ကျန်တစ်ဦးကတော့ အိပ်ပြန်ရမှာဖြစ်ပါတယ်။

ဒီတစ်ပတ်မှာလည်း နည်းပြအသင်းတစ်သင်းစီက မဲရလာဒ်အနည်းဆုံးပြိုင်ပွဲဝင် တစ်ဦးစီနဲ့ စုစုပေါင်း (၄)ဦး နှုတ်ဆက်ထွက်ခွာ အိမ်ပြန်ကြရမှာဖြစ်ပါတယ်။
 


Live Show တတိယအပတ် (မေ ၁၃)

ဒီတစ်ပတ်ကတော့ ပုံစံတစ်မျိုးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အသင်းနှစ်သင်းပဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပရိသတ်ရဲ့  မဲရလာဒ်နဲ့ (၂)ဦး ရွေးချယ်ခံရသလို သက်ဆိုင်ရာ နည်းပြနှစ်ဦးကလည်း ပြိုင်ပွဲဝင် (၂) ယောက်ကို Save လုပ်ပြီး နောက်တစ်ဆင့်ကို ခေါ်သွားနိုင်မှာဖြစ်ပါတယ်။


“လင်းလင်း” နဲ့ “ရန်ရန်ချန်း” တို့ အသင်းနှစ်သင်း စပြိုင်ရပါမယ်။
ဒီတစ်ခါမှာ အသင်းတစ်သင်းစီက ပြိုင်ပွဲဝင် (၄)ဦးစီနဲ့ စုစုပေါင်း(၈)ဦးတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ အသင်းတစ်သင်းစီက ပရိသတ်မဲအများဆုံးရရှိတဲ့ ပြိုင်ပွဲဝင် (၂)ဦး နဲ့ နည်းပြတစ်ဦးစီက Save လုပ်ခဲ့တဲ့ ပြိုင်ပွဲဝင် (၂)ဦး စုစုပေါင်း (၄)ဦးကပဲ နောက်တစ်ဆင့်ကို တက်သွားမှာဖြစ်ပါတယ်။
“လင်းလင်း” နဲ့ “ရန်ရန်ချန်း” အသင်းတစ်သင်းစီမှာ အသင်းသား (၂) ဦးစီနဲ့ စုစုပေါင်း (၄) ဦးသာကျန်ရှိပါတော့မယ်။



Live Show စတုတ္ထအပတ် (မေ ၂၀)


ဒီတစ်ပတ်မှာလည်း အရင်အပတ်တုန်းကလိုပဲ “ကျားပေါက်” နဲ့ “နီနီခင်ဇော်” တို့ အသင်းနှစ်သင်းက ပြိုင်ပွဲဝင် (၄)ဦးစီနဲ့ စုစုပေါင်း(၈)ဦးတို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။


ယှဉ်ပြိုင်မှုအပြီးမှာ၊ အသင်းတစ်သင်းစီက ပရိသတ်မဲအများဆုံးရရှိတဲ့ ပြိုင်ပွဲဝင် (၂)ဦး နဲ့ နည်းပြတစ်ဦးစီက စိတ်ကြိုက်ထပ်မံ ရွေးချယ်တဲ့ ပြိုင်ပွဲဝင် (၂)ဦး စုစုပေါင်း (၄)ဦးကပဲ နောက်တစ်ဆင့်ကို တက်သွားမှာဖြစ်ပါတယ်။


“ကျားပေါက်” နဲ့ “နီနီခင်ဇော်” တို့ အသင်းတစ်သင်းစီမှာလည်း အသင်းသား (၂) ဦးစီနဲ့ စုစုပေါင်း (၄) ဦးပဲကျန်ရှိပါတော့မယ်။



The Voice Myanmar ရဲ့ Live Show အဆင့်တွေကို ဖြတ်ကျော်ရင်း အခုအချိန်မှာတော့ အသင်းတစ်သင်းစီမှာ ပြိုင်ပွဲဝင် (၂)ဦးစီနဲ့ စုစုပေါင်း ပြိုင်ပွဲဝင် (၈) ဦးသာကျန်ပါတော့တယ်။


Live Show ပဉ္စမအပတ် (မေ ၂၇)

ဒီအပတ်ရောက်တဲ့အချိန်မှာတော့ ပြိုင်ပွဲဝင် (၈)ဦးလုံး သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပြီး ယှဉ်ပြိုင်မှုအပြီးမှာ အသင်းတစ်သင်းစီက ပရိသတ်မဲရလာဒ် အနည်းဆုံး တစ်ဦးစီ စုစုပေါင်း (၄) ဦး ထပ်မံနှုတ်ဆက်ထွက်ခွာ ကြရမှာဖြစ်ပါတယ်။


အခုဆိုရင် အသင်းတစ်သင်းစီမှာ ပြိုင်ပွဲဝင် (၄)ဦးပဲ ကျန်ရှိတော့မှာဖြစ်ပြီး နောက်ဆုံး Grand Final ကို တက်ရောက်သွားကြပါပြီ။
The Voice Myanmar Season 1 ရဲ့ WINNER က ဘယ်သူဖြစ်လာမလဲဆိုတာ နောက်တစ်ပတ်မှာ ရင်ခုန်စောင့်စားရင်းနဲ့ အဖြေထွက်လာမှာဖြစ်ပါတယ်။

Grand Final (ဇွန် ၃)


ဒီနေ့ကတော့ အားလုံးမျှော်လင့်နေကြတဲ့ The Voice Myanmar Season 1 Grand Final နေ့ဖြစ်ပါတယ်။
ဒီနေ့ညမှာတော့ ထူးခြားတဲ့အသံပိုင်ရှင် WINNER တစ်ဦး ထွက်ပေါ်လာမှာဖြစ်ပြီး ဆုငွေ ကျပ်သိန်း ၂၀၀ နဲ့အတူ Universal Music နဲ့ သီးချင်းအယ်လ်ဘမ် ထွက်ရှိနိုင်မယ့် ဧရာမအခွင့်အရေးကြီးတွေကို ပိုင်ဆိုင်ခွင့်ရသွားမှာဖြစ်ပါတယ်။

ယခုတင်ဆက်မယ့် LIVE Show တွေအားလုံးက ပရိသတ်တွေရဲ့ မဲပေး(Vote) စနစ်နဲ့ ဆုံးဖြတ်သွားမှာမို့ ကိုယ်တစ်ကယ် နှစ်သက်အားပေးတဲ့ ပြိုင်ပွဲဝင်တစ်ယောက် တောက်ပလင်းလက်တဲ့ အနုပညာကြယ်ပွင့် ဖြစ်လာအောင် မဲပေးကြပါဦးလို့..။


 

News