News

ဒိတ်ဒိတ်ကြဲတွေအားလုံး ယှဉ်ပြိုင်ခဲ့တဲ့ LIVE Show ဒုတိယည

8 May 2018

1,406 Views


မေလ (၆) ရက်နေ့ တနင်္ဂနွေနေ့ The Voice Myanmar ရဲ့ LIVE Show ဒုတိယပတ်မှာ တော့ ပရိသတ်တွေအပြည့်အဝ အားပေးနေကြတဲ့ ဒိတ်ဒိတ်ကြဲ ပြိုင်ပွဲဝင်တွေ ပါဝင်လို့ ပိုလို့ ရင်ခုန်စရာကောင်းနေပါတယ်။
ပရိသတ်ရဲ့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှု အရည်အချင်းတွေက တစ်ထပ်တည်းကျခဲ့ရဲ့လားဆိုတာ ကြည့်ကြရအောင်ပါ။

တနင်္ဂနွေ LIVE Show ညအတွက် ပထမဆုံးယှဉ်ပြိုင်ဖို့ အလှည့်ကျတဲ့ အဖွဲ့ကတော့ “Team KP” ကျားပေါက်ရဲ့ အဖွဲ့ဝင် ၃ ဦးပဲဖြစ်ပါတယ်။
ပရိသတ်တွေအားလုံးကလည်း အဆင်သင့်ဖြစ်နေသလို Voting line တွေကိုလည်း ဖွင့်လိုက်ပါပြီ။

အနက်ရောင် လောင်းကုတ်ကြီး ဝတ်ဆင်ထားတဲ့ “ဆူဇန်အေး” က စတိတ်စင်ပေါ်မှာ ခပ်ကြမ်းကြမ်းသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Psycho Killer” သီချင်းနဲ့ စတင်ယှဉ်ပြိုင်ပါတယ်။ သူမရဲ့ မျက်နှာဟန်ပန်၊ အဝတ်အစားဒီဇိုင်းနဲ့ နောက်ခံပုံရိပ်တို့က သီချင်းနဲ့ လိုက်ဖက်ညီနေပါတယ်။


Psycho Killer သီချင်းထဲမှာ ခံစားမှုအာရုံကို စူးစိုက်ပြီး သီဆိုနေတဲ့ “ဆူဇန်အေး” ဟာ သီချင်းနဲ့ တစ်သားတည်းကျနေပြီး အချို့နေရာတွေမှာ အားရပါးရကြီး သီဆိုတဲ့စတိုင်က နားထောင်တဲ့သူတွေအတွက် တစ်ကယ့်ကို ကြက်သီးများပါ ထစေပါတယ်။
ဒီနေ့ည LIVE Show အဖွင့်ကတော့ အရမ်းကို ကြွတက်လွန်းခဲ့ပါတယ်။

 

ယှဉ်ပြိုင်မှု ဒုတိယတစ်ဦးကတော့ “ရဲနိုင်ထူး” ပါ။ ကန်ထရီးသီချင်းတွေကို အသံလုံးကြီးကြီး ခပ်သြသြနဲ့ သီဆိုတတ်တဲ့ သူ့အတွက် ကျားပေါက်က အဲလ်ဗစ်ပရက်စလေရဲ့ သီချင်းအခန့်ကြီးဖြစ်တဲ့ “Love Me Tender” ကို ရွေးချယ်ပေးထားပါတယ်။


စတိတ်စင်ရဲ့အလယ်မှာ ရှေးခေတ်မိုက်စတန်းနဲ့အတူ “ရဲနိုင်ထူး” စတင် သီဆိုလိုက်ချိန်မှာ စတူဒီယိုခန်းမတစ်ခုလုံး ငြိမ်သက်သွားပြီး ငြိမ့်ညောင်းတဲ့ တေးသွားအောက်မှာ အားလုံးပဲ စီးမျောသွားခဲ့ပါတယ်။ အခုလို နူးညံ့တဲ့သီချင်းကို “ရဲနိုင်ထူး” ထက် ကောင်းအောင် သီဆိုနိုင်မယ့်သူမရှိတော့ဘူးလို့ ခံစားလိုက်ရပါတယ်။ ကိုယ်တိုင် နားဆင်သုံးသပ်ကြည့်ပါဦး။

 

Blind Audition ထဲက ပရိသတ်တွေကို လှုပ်နှိုးလိုက်သလို ပွဲဆူစေခဲ့သူတစ်ယောက်ဖြစ်တဲ့ “နှင်းအိနြေ္ဒရှင်” က တတိယတစ်ယောက်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သူမသီဆိုယှဉ်ပြိုင်တော့မယ့် အချိန်တိုင်းမှာ ပရိသတ်နဲ့ နည်းပြတွေက အမြဲတမ်း အကြီးကြီးမျှော်လင့်ချက် ထားတတ်ကြပါတယ်။

ဒီညမှာရော အားလုံးရဲ့ မျှော်လင့်ချက်ကို “နှင်းအိနြေ္ဒရှင်” တစ်ယောက် ဖြည့်ပေးနိုင်ခဲ့ပါရဲ့လား..?
“Love Of My Life” သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။

 

Team KP ကျားပေါက်ရဲ့ အဖွဲ့သား ၃ ယောက် ယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်တွေ Vote လုပ်နိုင်အောင် ကြော်ငြာအစီစဉ်ခတ္တခံပေးထားပါတယ်။ အဲဒီနောက်မှာတော့ Voting line တွေ ပိတ်လိုက်ပါပြီလို့ ကိုတေဇာရဲ့ ကြေညာမှုနဲ့အတူ နောက်တစ်ဆင့်အတွက် အဖြေထွက်လာခဲ့ပါပြီ။


“ဆူဇန်အေး” “ရဲနိုင်ထူး” “နှင်းအိနြေ္ဒရှင်” တို့ သုံးဦးထဲမှာ ပရိသတ်မဲအများဆုံးနဲ့ “ရဲနိုင်ထူး” က လွတ်လွတ်ကျွတ်ကျွတ် တက်သွားခဲ့ပါတယ်။
အဲဒီမှာတင် “ကျားပေါက်” ခေါင်းကိုက်ပါတော့တယ်။ “နှင်းအိနြေ္ဒရှင်” ကလည်း အသံပါရမိရှင် “ဆူဇန်အေး” ကလည်း ကိုယ်ပိုင်ဟန်နဲ့ အမြဲကြိုးစားနေသူတစ်ယောက်။
မဖြစ်မနေ တစ်ယောက်ပဲ ရွေးချယ်ခွင့်ရတဲ့အခါ ကျားပေါက်က “နှင်းအိနြေ္ဒရှင်” ကို ရွေးချယ်ခဲ့ပါတယ်။
 

ဒုတိယမြောက် ယှဉ်ပြိုင်ရမယ့် Team ကတော့ “လင်းလင်း”ရဲ့ အဖွဲ့သား ၃ ဦးဖြစ်ပါတယ်။
Voting Line ကို အသစ်ပြန်ဖွင့်လိုက်ပြီး “နန်းဇာခြည်လင်း” “ပြည့်စေမောင်” “Ip Shen Paung” တို့ ၃ ဦးစလုံးကို မသီဆိုခင်ကတည်းက Vote လုပ်နိုင်ပါပြီ။

ပထမဆုံး ယှဉ်ပြိုင်သူကတော့ “နန်းဇာခြည်လင်း” ဖြစ်ပါတယ်။ တေးရေး စောခူဆဲ ရဲ့ “နှုတ်ဆက်ထွက်ခွာခြင်း” နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

စန္ဒယားတစ်လုံးထဲနဲ့ နောက်ခံတီးခတ်ပြီး သီဆိုခဲ့တာကြောင့် ငြိမ့်ညောင်းမှု အပြည့်ခံစားရပါတယ်။ “နန်းဇာခြည်လင်း” ရဲ့ သီဆိုယှဉ်ပြိုင်မှုကို အားပေးကြည့်ရှုပါဦး။


စတိတ်စင်မြင့်ထက်ကို တက်လာတဲ့ “ပြည့်စေမောင်” ရဲ့ ဒီဇိုင်းဟာ လုံးဝခြားနားနေတဲ့ အတွက် ပထမဆုံး အံ့သြရပါတယ်။ ပန့်ခ်ပုံစံ ဆူးပါတဲ့ လယ်သာအင်္ကျီ၊ လက်သည်းနီ အမဲရောင်တွေနဲ့ မျက်နှာကို ဖွေးနေအောင် ပြုပြင်ထားတာတွေဟာ တော်ရုံတန်ရုံလူဆိုရင် မဝတ်ရဲပါဘူး။ ရောခ့်ကာတစ်ယောက်ဖြစ်တဲ့ “ပြည့်စေမောင်” တော့ ဘယ်လို ခံစားရမယ် မသိပါဘူး။ ကိုယ်ကတော့ သူ့အစား နေရထိုင်ရခက်မိပါတယ်။


လက်စသတ်တော့ သူယှဉ်ပြိုင်မယ့် သီချင်းက “Zombie” ဖြစ်နေတာကိုး..။ ဒါကြောင့် သီချင်းနဲ့လိုက်ဖက်အောင် ဝတ်စားထားတာဖြစ်ပါတယ်။ “ပြည့်စေမောင်” ရဲ့ အင်္ဂလိပ်သီချင်း သီဆိုမှုကို မြည်းစမ်းခွင့်ရလိုက်ပါတယ်။



နောက်ဆုံးတစ်ယောက်က “Ip Shen Paung” ဖြစ်ပြီး တေးရေး စိမ့် ရဲ့ “ချယ်ရီလမ်း” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ တောင်ပေါ်သူလေးနဲ့ “ချယ်ရီလမ်း” သီချင်းက တစ်ကယ်ကို လိုက်ဖက်ပြီး လှပနေခဲ့ပါတယ်။


“Ip Shen Paung” သီဆိုမှုကို ကြည့်လိုက်ရင် ဖြူဖြူကျော်သိန်းကို မေ့သွားလောက်အောင် ကိုယ်ပိုင်စတိုင်တွေနဲ့ ဖြည့်စွက်သွားတာကို ကြားရမှာပါ။


သုံးယောက်လုံး သီဆိုယှဉ်ပြိုင်ပြီးသွားခဲ့ပြီဖြစ်လို့ မဲရလာဒ်အဖြေတွေကလည်း အဆင်သင့်ဖြစ်နေပါပြီ။ ဒီအချိန်ဆိုရင် ပရိသတ်တွေလည်း ရင်ခုန်ရသလို နည်းပြတွေလည်း ထွက်ပြေးချင်လောက်အောင် ခေါင်းစားရတဲ့ အချိန်ဖြစ်ပါတယ်။ ကာယကံရှင် ပြိုင်ပွဲဝင်တွေဆိုတာကတော့ ပြောဖွယ်ရာ မရှိတော့ပါဘူး။


မဲရလာဒ်အများဆုံးနဲ့ “Ip Shen Paung” က တက်သွားခဲ့ပါတယ်။
လင်းလင်း က တစ္ဆေတစ်ကောင်ကို ရင်ခွင်ပိုက်လိုက်ပြီး “နန်းဇာခြည်လင်း” ကတော့ သူမရဲ့ သီချင်းလို The Voice Myanmar ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။


တတိယအဖွဲ့ Team YC “ရန်ရန်ချန်း” ရဲ့ အဖွဲ့ထဲမှာလည်း တစ်ကယ့် လက်ရွေးစင်တွေချည်းပါပဲ။
ထုံးစံအတိုင်း Voting Line စဖွင့်လိုက်တာနဲ့အတူ ပထမဦးဆုံးတစ်ယောက် ယှဉ်ပြိုင်ဖို့ ကိုတေဇာက ဖိတ်ခေါ်လိုက်ပါတယ်။

စစ်ကိုင်းကနေ လာပြိုင်တဲ့ “Oishi” ပါ။ ဒီတစ်ခါတော့ ပုဆိုးကျွတ်မကျန်ခဲ့ပါဘူး ဘောင်းဘီအရှည် နေကာမျက်မှန်နဲ့ ဒီဇိုင်းက လုံးဝလန်းဆန်းနေပါတယ်။

“Billionaire” သီချင်းကို ရက်ပ်ပင်းစာသားတွေနဲ့ ယှဉ်ပြိုင်သွားပါတယ်။ နီနီခင်ဇော်က ဒီတစ်ခေါက် ဘောင်းဘီရှည်ဝတ်လာပေးတာ ကျေးဇူးတင်တယ်လို့ ကွန်မန့်ပေးခဲ့ပါသေးတယ်။



“ရန်ရန်ချန်း” ရဲ့ အဖွဲ့ထဲမှာ တစ်ယောက်ထဲ ကျန်တော့တဲ့ မိန်းကလေးဖြစ်ပါတယ်။ မန္တလေး ဂီတလောကမှာ နေရာတစ်ခုအသင့်အတင့်ရနေတဲ့ “ခိုင်မြဲသစ္စာ” ရဲ့ အလှည့်ဖြစ်ပါတယ်။
သအို ရဲ့ ထင်ရှားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မဟောင်းတဲ့နေ့” နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။


ဒီတစ်ခါတော့ “ခိုင်မြဲသစ္စာ” ကို တစ်ကယ်အထင်ကြီးသွားပါပြီ။ ပြိုင်ပွဲတစ်လျှောက် သူဆိုခဲ့သမျှတွေထဲမှာ ဒီတစ်ပုဒ်က အကောင်းဆုံးလို့ ကိုယ်ပိုင် အမြင်လေးပြောချင်ပါတယ်။
သီဆိုယှဉ်ပြိုင်မှုလေးကို ကြည့်ပြီး သဘောတူ၊ မတူ သုံးသပ်ပေးပါဦးနော်။



ဒီတစ်ယောက်ကတော့ အားလုံးမျှော်လင့်နေကြတဲ့ “Woofer” ပါ။ ဒါကြောင့်ပြောပါတယ် ဒီတစ်ပတ်က လက်ရွေးစင် ရှယ်တွေချည်းပဲလို့။


“Woofer” က သူ့ရဲ့ထုံစံအတိုင်း ရက်ပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ J Me ရဲ့ “ရေတိမ်နစ်ခြင်း” ကို ပိုင်ပိုင်နိုင်နိုင် မြူးမြူးကြွကြွ ကွက်တိ သီဆိုသွားနိုင်ခဲ့ပါတယ်။


ပြိုင်ပွဲဝင်တွေ ကောင်းလေ ချန်ထားရမယ့်သူကို ရွေးချယ်ရတဲ့ နည်းပြတွေ ဦးနှောက်စားလေ ဖြစ်ပါတယ်။ ဒီတစ်ခါလည်း Voting result ထွက်လာပြီးမှာ “ရန်ရန်ချန်း” ခေါင်းမီးတောက်ခဲ့ရပါတယ်။

ပရိသတ်ရဲ့ မဲရလာဒ်နဲ့ “Ip Shen Paung” က တက်လှမ်းသွားခဲ့ပါတယ်။ “Oishi” နဲ့ “Woofer” ပရိသတ်အကြိုက်က ဘယ်တစ်ယောက်ဖြစ်မလဲ..?


“ရန်ရန်ချန်း” ကတော့ နှစ်ယောက်လုံးကို အသေကြိုက်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေ ပြင်းထန်မယ့် ရှေ့ခရီးမှာ လက်နက်အစုံတပ်ဆင်နိုင်မယ့် သူကိုရွေးချယ်ခဲ့ပါတယ်။
“Oishi” ပါ။

“Woofer” ကတော့ ရက်ပ်လမ်းကြောင်းထဲမှာ နေရာတစ်ခု ရနေပြီမို့ သူ့အနေနဲ့ စိတ်ချလက်ချ ထားခဲ့ရတာဖြစ်ကြောင်း ပြောပြပါတယ်။ ရက်ပ်ပါကြီး ရန်ရန်ချန်း ရဲ့ အနုပညာအပေါ် ထားတဲ့ သစ္စာကို အားလုံး တွေ့မြင်ခဲ့ရပါတယ်။ ပရိသတ်တွေကရော ရန်ရန်ချန်းနဲ့ သဘောချင်းမျှပါရဲ့လား..?


အခြားအဖွဲ့တွေ မနာလိုချင်စရာကောင်းလောက်အောင် အရည်အချင်းရှိတဲ့ အဖွဲ့သားတွေ စုနေတဲ့ Team NiNi “နီနီခင်ဇော်” ရဲ့ အဖွဲ့က ဒီနေ့ညမှာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။

“နိုနို” “နိုနို” နဲ့ နီနီခင်ဇော် ချစ်စနိုးနဲ့ ခေါ်တတ်တဲ့ “သက်နိုးဝေ” က ပထမဆုံး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
စင်မြင့်ထက်မှာ ကိုရီးယားမင်းသားလေး တစ်ယောက်လို ချောမောသန့်ပြန်လှပနေတဲ့ “သက်နိုးဝေ” က “မင်းလေးကိုချစ်လို့” ဆိုတဲ့ သီချင်းကို ခံစားချက်အပြည့်နဲ့ တစ်ယောက်ယောက်ကို ရည်ရွယ်ပြီး သီဆိုပုံရပါတယ်။


မျက်လုံးမှာ သူ့ရဲ့ရင်တွင်းခံစားချက်တွေကို မြင်နေခဲ့ရပါတယ်။ သူဘယ်သူ့ကို ရည်ရွယ်ခဲ့တာလဲဆိုတာ ပရိသတ်တွေထဲမှာ ရှာကြည့်လိုက်ပါဦး။

 

အသံကို အရစ်အဝဲတွေ၊ အဝိုက်တွေ လုပ်တတ်လွန်းလို့ သီချင်းနဲ့ မလိုက်ဖက်မှာ နဲနဲစိုးရိမ်မိတယ်လို့ နီနီခင်ဇော် ရည်ညွှန်းသူက “Mark Jason” ပါ။


အင်္ဂလိပ်သီချင်းတွေကိုပဲ ခုံခုံမင်မင် သီဆိုတတ်တဲ့ “Mark Jason” တစ်ယောက် ဒီညမှာတော့ “ဝေဒနာ” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ နီနီခင်ဇော်ရဲ့ စိုးရိမ်ပူပန်မှုတွေကို Mark Jason ရှောင်ရှားနိုင်ပါ့မလား..?

 


ဒီနေ့ညမှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ စင်မြင်ထက်ကို ဖိတ်ခေါ်ခံရသူက “ဝေနှင်းမောင်”။
ဂီတကို ဝါသနာကြီးလွန်းပြီး နည်းပြဖြစ်သူရဲ့ လမ်းညွှန်ပြသမှုတွေအောက်မှာ တစ်သွေမတိမ်း လိုက်နာ ကြိုးစားနိုင်သူလည်းဖြစ်ပါတယ်။


“ဝေနှင်းမောင်” က “Let’s Get Loud” သီချင်းနဲ့ ငြိမ်သက်နေတဲ့ စတူဒီယိုခန်းမကြီး တစ်ခုလုံးနဲ့အတူ တစ်နိုင်ငံလုံးက တီဗီကနေ အားပေးနေတဲ့ ပရိသတ်ကြီးကို နိုးကြားသွားအောင် လှုပ်ခါနိုင်ခဲ့ပါတယ်။ (အဲဒီညက အိပ်ရာဝင်နောက်ကျသွားခဲ့ပေမယ့် တန်ပါတယ်)


“အခုအချိန်ကနေစပြီး Voting Line တွေကို ပိတ်လိုက်ပါပြီခင်များ” လို့ ကိုတေဇာရဲ့ ကြေညာမှုနဲ့အတူ မရှေးမနှောင်းမှာပဲ မဲရလာဒ်အဖြေတွေ ထွက်လာခဲ့ပါတယ်။ (မြန်လိုက်တာ MPT ရယ်၊ တော်ချက်)


ပရိသတ်အဆုံးအဖြတ်နဲ့ “ဝေနှင်းမောင်” တစ်ယောက် တစ်ကယ်ပဲ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး လွတ်ကျွတ်စွာ တက်သွားခဲ့ပါတယ်။
“သက်နိုးဝေ” နဲ့ “Mark Jason”… နီနီခင်ဇော် ဇောချွေးပြန်ရသလို၊ စိတ်မကောင်းချင်းများစွာနဲ့ မျက်ရည်လည်း ဝဲချင်သလိုလို ဖြစ်ရပါပြီ။ မျက်လုံးကို စုံမှိတ် နဖူးပြင်ကို လက်နဲ့ ထောက်ရင်း စိတ်ထဲမှာတော့ “သက်နိုးဝေ Mark Jason” “သက်နိုးဝေ Mark Jason” “သက်နိုးဝေ Mark Jason” နဲ့ အကြိမ်ပေါင်းများစွာ ရေရွတ်နေမယ်ဆိုတာ ယုံကြည်ပါတယ်။

နောက်ဆုံးမှာတော့ “Mark Jason” ကို ရွေးချယ်ပြီး “သက်နိုးဝေ” ကတော့ နှုတ်ဆက်ထွက်ခွာခဲ့ရပြန်ပါတယ်။

The Voice Myanmar LIVE Show မှာ ပရိသတ်တွေကို တစ်ကယ် အထင်ကြီးမိတာတစ်ခုက ရုပ်ရည်ရူပကာတွေ၊ ဘက်ဂရောင်းတွေအားလုံးကို ဂရုမစိုက်ပဲ ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းစစ်ပေါ်မှာပဲ မဲပေးခဲ့ကြတာပဲဖြစ်ပါတယ်။
ဒါကြောင့် The Voice Myanmar ဟာ အွန်လိုင်းပေါ်မှာ မမျှတမှုတွေရှိတယ်လို့ ဝေဖန်ခံရမှုတွေ မရှိသလောက်ဖြစ်ပြီး ဂုဏ်သိက္ခာရှိတဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုအဖြစ် သတင်းမွှေးလျှက်ရှိပါတယ်။

ဒါ့အပြင် Samsung Myanmar ကလည်း The Voice Myanmar ကို အားပေးကြည့်ရှုတဲ့ ပရိသတ်တွေကို နောက်ဆုံးပေါ် Galaxy J7 Duo အသစ်စက်စက် နှစ်လုံးကို ချက်ခြင်းပဲ မဲဖောက်ပေးတာမို့ The Voice Myanmar ကို ကြည့်ရတာ အရမ်းအရမ်းတန်တယ်လို့ ပရိသတ်ရဲ့ တုံ့ပြန်မှုတွေကိုလည်း ရခဲ့ပါတယ်။

ရင်ခုန်စိတ်လှုပ်ရှားစရာ The Voice Myanmar ရဲ့ အစီစဉ်များကို MRTV 4 ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီမှာ ထုတ်လွှင့်ပြသလျှက်ရှိပြီး ပြန်လည်ပြသမှု Replay ကိုတော့ စနေ့နေ့ည ၉ နာရီမှာ ပြန်လည် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးရင်းနဲ့ နောက်တစ်ပတ် Battle Round ကို စောင့်မျှော်လိုက်ပါဦးနော်။

The Voice Myanmar ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို Official Facebook Page ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး ဖတ်ရှုနိုင်သလို YouTube ဖြစ်တဲ့ www.youtube.com/thevoicemyanmar မှာလည်း ထုတ်လွှင့်ပြသမှု ရုပ်သံဗီဒီယိုများအားလုံးကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။

 

News