News

LIVE Show ဒုတိယအဆင့် (ပထမအပတ်) ယှဉ်ပြိုင်ခဲ့ပုံများ

14 May 2018

1,419 Views


The Voice Myanmar ရဲ့ LIVE Show ဒုတိယအဆင့်(ပထမအပတ်) ယှဉ်ပြိုင်မှုကို မေလ ၁၃ ရက်နေ့ည ၉ နာရီမှာ MRTV 4 ရုပ်သံလိုင်းကနေ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ပြသခဲ့ပါတယ်။

ပထမအပတ်ယှဉ်ပြိုင်မှုမှာတော့ အသင်း(Team) ၄ ဖွဲ့ရှိတဲ့အထဲက “Team KP (ကျားပေါက်)” နဲ့ “Team YC (ရန်ရန်ချန်း)” တို့ နှစ်ဖွဲ့ထဲက ပြိုင်ပွဲဝင် စုစုပေါင်း (၈)ဦး သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ အသင်းတစ်သင်းစီက ပြိုင်ပွဲဝင် (၂)ဦးစီ နှုတ်ဆက်ထွက်ခွာခဲ့ကြရပါတယ်။

The Voice Myanmar ပြိုင်ပွဲ အဆင့်တက်လာတာနဲ့အမျှ အကောင်းဆုံးဆိုတဲ့ ပြိုင်ပွဲဝင်တွေသာ ကျန်ရှိနေခဲ့တာမို့ မနေ့ညက LIVE Show ဟာလည်း ပွဲမစမီထဲက ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပါတယ်။ အကြောင်းကြောင့်ကြောင့် မကြည့်ရှုဖြစ်လိုက်တဲ့ ပရိသတ်တွေအတွက် မနေ့ညက ယှဉ်ပြိုင်ခဲ့ပုံများကို အပြည့်အစုံ ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံး ယှဉ်ပြိုင်ရမယ့် အဖွဲ့ကတော့ “Team KP” ဖြစ်ပါတယ်။
နည်းပြ ကျားပေါက်နဲ့အတူ မြက်မြက်မျိုးထက်၊ ဂျဝါအောင်မွန်း၊ နှင်းအိနြေ္ဒရှင် နဲ့ ရဲနိုင်ထူးတို့ ၅ ယောက်ပေါင်းပြီး “ကြွေ” သီချင်းကို စတင်ဧည့်ခံသီဆိုဖျော်ဖြေခဲ့ပါတယ်။
 


ပထမဦးဆုံး သီဆိုယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံလိုက်ရသူက “မြက်မြက်မျိုးထက်” ပါ။ အဝါရောင် တစ်ဆက်ထဲဝတ်စုံ ဝတ်ဆင်ထားတဲ့ “မြက်မြက်မျိုးထက်” က မော်ဒယ်လ်လေးတစ်ယောက်လို သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက် လှပနေပါတယ်။


ဆိုရတာအရမ်းခက်ပြီး ပညာသားတွေအပြည့်ပါနေတဲ့ “Symphony” ကို “မြက်မြက်မျိုးထက်” က အသံအဖော့အဖိ၊ အတက်အကျလေးတွေအပြင် ခိုးသံလေးတွေကို သူ့နေရာနဲ့သူ လိုက်ဖက်ညီအောင် ဆိုသွားနိုင်တာမို့ ပွဲဦးထွက်မှာ The Voice Myanmar ရဲ့ ပရိသတ်တွေ ကျေနပ်အားရခဲ့ကြပါတယ်။
နီနီခင်ဇော်ကလည်း နည်းပြထိုင်ခုံအနီလေးပေါ်ကနေ “Symphony” တေးသွားကို လိုက်ဆိုနေတာ မြင်တွေ့ရမှာပါ။

သီဆိုမှုအပြီးမှာတော့ နည်းပြတွေဆီက ချီးကျူးစကားသံတွေနဲ့အတူ Voting များများရပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
 



ဒုတိယတစ်ယောက်အနေနဲ့ “ဂျဝါအောင်မွန်း” ဖြစ်ပါတယ်။ ဆံပင်ပုံစံကို တွန့်တွန့်လေးတွေ ပြောင်းထားတဲ့ “ဂျဝါ” ရဲ့ မျက်နှာပေါ်မှာ ‘ဒီနေ့တော့အပြီကိုင်ပြီ’ လို့ စိတ်ဆုံးဖြတ်ထားပုံရတဲ့ ယုံကြည်ချက်အငွေ့အသက်တွေက သူ့ရဲ့အပြုံးတွေကြားမှာ အတိုင်းသား ပေါ်လွင်နေပါတယ်။


“မောဟစားသူများ” သီချင်းနဲ့ ယှဉ်ပြိုင်ပါပြီ။ သီချင်းမဆိုမီ အဝင်မှာထဲက အသံရှည်စွဲပြီးအော်လိုက်တာဟာ သူ့ရဲ့ အသံပါဝါနဲ့ သက်လုံကို ထုတ်ရှိုးလိုက်တာပါပဲ။ “မောဟစားသူများ” သီချင်းတစ်ပုဒ်လုံးကို စိတ်ရောကိုယ်ပါ စီးဝင်ပူးကပ်နေပြီး “ဂျဝါ” ရဲ့ ပုံစံအတိုင်း အသံအကြီးအသေး၊ ပါးပါးလှပ်လှပ် အမြင့်ဆုံးထိရောက်အောင် ကွန့်ညွှန့် သီဆိုသွားနိုင်တာက နည်းပြတွေအားလုံးနဲ့ ပရိသတ်ကို အားရကျေနပ်စေခဲ့ပါတယ်။


သီချင်းအပြီးမှာတော့ နီနီခင်ဇော်က ဒီနေ့မှာ “ဂျဝါအောင်မွန်း” အစစ်ကို တစ်ဖန်ပြန်လည်မြင်တွေ့ရတယ်လို့ အရင်အပတ်တွေမှာ သိပ်ပြီးအားမရခဲ့တာကို ညွှန်းဆိုပြီး ချီးကျူးခဲ့ပါတယ်။
လင်းလင်းကလည်း ဂျဝါရဲ့ အမြင့်အသံအတိုင်းလိုက်တုပြီး “သီချင်းဆိုရတာအဆင်ပြေလား၊ Voting များများရပါစေလို့” ကျီစယ်ခဲ့ပါတယ်။
ကျားပေါက်ကတော့ အော်လိုက်တာ ဆံပင်တွေတောင် တွန့်ပြီး နီနီခင်ဇော်ရဲ့ ဆံပင်တွေထိ ကူးစက်သွားတယ်လို့ ဂျဝါရဲ့ ပါဝါကို တင်စားခဲ့ပါတယ်။
 



“နှင်းအိနြေ္ဒရှင်” က ဒီညအတွက် တတိယမြောက် ယှဉ်ပြိုင်သူပါ။ ဂါဝန်အနက်ရောင် လက်အိတ်အနက်ရောင်၊ မျက်နှာတစ်ခြမ်းဖုံး ဇာပါဝါပါးလေးနဲ့တွဲထားတဲ့ ဦးထုပ်သေးသေးလေး ခေါင်းမှာပန်ထားတာက အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ တရုပ်မလေးလို ချစ်စရာကောင်းနေပါတယ်။

ထုံစံအတိုင်းပါပဲ “နှင်းအိနြေ္ဒရှင်” အလှည့်ဆိုရင် ပရိသတ်တွေရော နည်းပြတွေပါ သူဘယ်လို ပညာခန်းတွေနဲ့ ဆိုပြဦးမလဲဆိုတာ အမြဲမျှော်လင့် ရင်ခုန်နေပါတယ်။
ဒီညမှာတော့ ထူးထူးခြားခြား မြန်မာသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ငါ့ရဲ့ Rebecca” နဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။

သူမသီဆိုနေချိန် တစ်လျှောက်လုံး စိတ်ပူပင်စွာနဲ့ ကြည့်နေခဲ့တဲ့ “နီနီခင်ဇော်” ကိုတွေ့ရပါတယ်။ ကိုယ့်ရဲ့အဖွဲ့သားမဟုတ်ပေမယ့် အနုပညာရှင်ပီသစွာ ဒီသီချင်းကို နှင်းအိနြေ္ဒရှင် တစ်ယောက် ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ပါ့မလားလို့ စိုးရိမ်နေမိတာပါ။
သီချင်းအဆုံးမှာတော့ နီနီခင်ဇော်က “နှင်းအိနြေ္ဒရှင်” အစစ်ကို ဒီနေ့ပြန်တွေ့ရပါပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။




“Team KP” ပထမအပတ် အတွက် နောက်ဆုံးယှဉ်ပြိုင်ခဲ့ရတာကတော့ မန္တလေးက ဆရာဝန်လေး “ရဲနိုင်ထူးပါ”။ ကုတ်အင်္ကျီ နက်ခ်တိုင်၊ ရှုးဖိနပ်အပြည့်အစုံနဲ့ လူကြီးလူကောင်းတစ်ယောက်လို ဝတ်ဆင်ထားတာမို့ စင်ပေါ်မှာ ခန့်ညားလို့နေပါတယ်။

သီချင်းဆိုရင် အင်္ဂလိပ်သီချင်း Oldies တွေကိုမှ ခုံမင်နှစ်သက်တဲ့ “ရဲနိုင်ထူး” ဒီတစ်ခါလည်း အဟောင်းဆုံးတေးတစ်ပုဒ်ဖြစ်တဲ့ “Delilah” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့အသံထူထူ သြသြလေးနဲ့ သံစုံတီးဝိုင်းဆန်ဆန်တီးခတ်ထားတဲ့ “Delilah” ကို တည်ငြိမ်ပိုင်နိုင်စွာနဲ့ သီဆိုနိုင်ခဲ့ပါတယ်။

သီးချင်းအဆုံးမှာ ကျားပေါက်က “ဒီသီချင်းမှာ အော်ခက်စထရာပုံစံကို အကွန့်အညွန့်တွေ ဒီလိုထည့်မယ်ဆိုတာ သူ့အိုင်ဒီယာ ကျွန်တော်တောင် မလုပ်ရဲဘူး၊ သူကဒီလိုမျိုးသာ အပေါ်က ဝတ်ထားတာ အတွင်းမှာ လမ်းသရဲစိတ် နဲနဲရှိတယ်” လို့ ကျေနပ်အားရတဲ့ ပုံစံနဲ့ ချီးကျူးခဲ့ပါတယ်။
 



အခုဆိုရင် Team KP က ပြိုင်ပွဲဝင် ၄ ဦးစလုံး ယှဉ်ပြိုင်ခဲ့ပြီးပြီဖြစ်လို့ Voting line တွေလည်း ပိတ်လိုက်ပါပြီ။ အစီစဉ်တင်ဆက်သူ ကိုတေဇာကျော် က ပရိသတ်ရဲ့ မဲရလဒ်အများဆုံး ပြိုင်ပွဲဝင်ကို ကြေညာပါတယ်။


မဲရလဒ်အများဆုံးအဖြစ် “ရဲနိုင်ထူး” က နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့နိုင်ပါတယ်။ “မြက်မြက်မျိုးထက်” “ဂျဝါအောင်မွန်း” နဲ့ “နှင်းအိနြေ္ဒရှင်” တို့ထဲက တစ်ယောက်ကိုပဲ နည်းပြကျားပေါက် ရွေးချယ်ရမှာပါ။ ဒီအခိုက်အတန့်က အရမ်းရင်ခုန်စရာကောင်းလွန်းပါတယ်။

ကျားပေါက်က “နှင်းအိနြေ္ဒရှင်” ကို ရွေးချယ်လိုက်ပါတယ်။ အဲဒီအချိန်မှာ စတူဒီယိုထဲက ပရိသတ်တွေ အားလုံးက “ဂျဝါ” “ဂျဝါ” လို့ နောက်ကနေ သံပြိုင်အော်ဟစ်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။
ဒီနေရာမှာတော့ ပရိသတ်အများစုနဲ့ နည်းပြ ကျားပေါက်တို့ အနည်းငယ် သဘောထားကွဲလွဲခဲ့တယ်လို့ တွက်ဆမိပါတယ်။

ဒါပေမယ့်လည်း “ဂျဝါအောင်မွန်း” အတွက် အနုပညာလမ်းခရီးက ဖြောင့်ဖြူးနေပြီမို့ ကိုကျားပေါက်က စိတ်ချလက်ချ အနားယူခိုင်လိုက်တယ်လို့ ယူဆမယ်ဆိုရင်လည်း ယူဆနိုင်ပါတယ်။
ကျားပေါက်အဖွဲ့ရဲ့ ယှဉ်ပြိုင်မှုက ဒီနေ့အတွက် အဆုံးသတ်ပါပြီ။

*****************************


LIVE Show ယှဉ်ပြိုင်မှု မစတင်ခင်မှာ ရန်ရန်ချန်း နဲ့အတူ စိုင်းN၊ သော်ဒီ၊ ခိုင်မြဲသစ္စာ၊ Oishi တို့ အားလုံး ပူးပေါင်းပြီး တစ်ချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ Acid အဖွဲ့ရဲ့ “အလင်းစက်” သီချင်းကို မြူးမြူကြွကြွ ပရိသတ်ကို ပွဲခံဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
 


ရုပ်ဖြောင့်ဖြောင့် ပိန်ပိန်ပါးပါး၊ လယ်သာဂျက်ကတ်အနက်ရောင်၊ နေကာမျက်မှန်အနက်ရောင်နဲ့ ပထမဆုံး ယှဉ်ပြိုင်ရသူက “စိုင်းN” ပါ။ ယှဉ်ပြိုင်မှုအဆင့်တိုင်းမှာ မြန်မာသီချင်း အေးအေးလေးတွေ သီဆိုခဲ့တဲ့ စိုင်းN က ဒီတစ်ခါ ဆိုမယ့်ဆိုတော့ အယ်ရိုစမစ်ရဲ့ “I Don’t Want To Miss A Thing” ကို ရွေးချလိုက်ပါတယ်။


ဒီသီချင်းက တာဝန်ကြီးလွန်းပေမယ့် “စိုင်းN” ကတော့ ချောချောမွေ့မွေ့ပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ LIVE Show အတွက် သီချင်းရွေးတုန်းက အခက်အခဲတွေ အများကြီးရှိခဲ့တဲ့အကြောင်း၊ ဒီသီချင်းနဲ့မှ အဆင်ပြေသွားခဲ့တယ်လို့ ရန်ရန်ချန်း ပြောပါတယ်။ နီနီခင်ဇော်ကတော့ ဒီနေ့ ယှဉ်ပြိုင်မှုကို အနည်းငယ် အားမလိုအားမရဖြစ်မိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။



 “Oishi” က ဒုတိယယှဉ်ပြိုင်ခဲ့ရပြီး “Thinking Out Loud” သီချင်းကို သူ့ရဲ့ပုံစံအတိုင်း စကားလုံး အသံထွက်ကောင်းကောင်းလေးတွေနဲ့ သီဆိုခဲ့ပါတယ်။ ထူးခြားတာကတော့ သီချင်းတစ်ဝက်လောက်မှာ နီနီခင်ဇော်ရဲ့ ရှေ့တည့်တည့်မှာ မျက်နှာကိုကြည့်ရင်း သီဆိုခဲ့တာမို့ အားလုံးက မျက်လုံးပြူး အံ့အားသင့်ခဲ့ရပါတယ်။ ရန်ရန်ချန်းတောင် ဖုန်းကင်မရာနဲ့ ဓါတ်ပုံလှမ်းရိုက်နေတာ တွေ့လိုက်ပါတယ်။



သီချင်းအဆုံးမှာတော့ ရန်ရန်ချန်းက “မင်းကလည်း လက်ကိုပါဖမ်းကိုင်လိုက်ရမှာ” လို့ ကြပ်ပေးတာကို “Oishi” က ရှက်နေပါတယ်။ နီနီခင်ဇော်ကလည်း ရှက်ပြုံးလေးနဲ့ အခုလိုသူ့ရှေ့မှာ ဒီသီချင်းကို သီဆိုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဒါဟာ မိန်းကလေးတိုင်းရဲ့ အိမ်မက်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။


ဒီတစ်ခါ “သော်ဒီ” ရဲ့ အလှည့်ပါ။ ခေတ်အဆက်ဆက်က မရိုးနိုင်အောင် လူကြိုက်များ နာမည်ကြီးခဲ့တဲ့ “အမိန့်” သီချင်းကို ရွေးချယ်ထားပါတယ်။ “သော်ဒီ” ဟာ ပြိုင်ပွဲအတွေ့အကြုံတွေလည်း ရှိထားသူဖြစ်ပြီး ပင်ကိုယ်က အသံမျိုးစုံကို သူ့နေရာနဲ့သူ ကစားတတ်သူဖြစ်ပါတယ်။


“အမိန့်” ကို သူ့ရဲ့ သီဆိုပုံက ကျော်ဟိန်းဗားရှင်းလည်း မဟုတ်၊ ဇော်ပိုင်ဗားရှင်းလည်း မဟုတ်ပဲ အော်ရီဂျင်နယ် “သော်ဒီ” ရဲ့ ဗားရှင်းစစ်စစ်လို့ ပြောရမှာပါ။ သီချင်းတစ်ပုဒ်လုံးမှာ နေရာလပ်မရှိ အသံကစား ကွန့်ညွှန့်သွားတာက ချီးကျူးစရာကောင်းပါတယ်။

ရန်ရန်ချန်းက “ကျွန်တော်က ဒီနေရာလေးမှာ ဒီလိုလေးဆိုလိုက်ရင် ပိုကောင်းမယ်လို့ ပြောလိုက်ရုံရှိသေးတယ် သူက ကျွန်တော့်ကို ဆယ်မျိုးလောက် ဆိုပြနိုင်တယ်” လို့ သီချင်းအဆုံးမှာ မှတ်ချက်ပြု ချီးကျူးခဲ့ပါတယ်။
 


ဒီနေ့ညအတွက် နောက်ဆုံးတစ်ယောက်က မန္တလေးသူလေး “ခိုင်မြဲသစ္စာ” ပါ။
အားကစားလုပ်ပြီး ဘော်ဒီဝိတ်ချထားပုံရတဲ့ “ခိုင်မြဲသစ္စာ” က ဒီနေ့ညမှာ လှလှပပနဲ့ မျက်နှာတောင် V shape လေး ဖြစ်လို့နေပါတယ်။

တစ်ပတ်ထက်တစ်ပတ် ပိုပိုကြိုးစားလာတာကို မြင်တွေ့ရပါတယ်။ ဒီနေ့ညမှာလည်း “Girl On Fire” သီချင်းကို ဌါန်တွေမန်တွေအပြည့် ပါဝါအကုန်ထုတ်ပြီး အားစိုက်သီဆိုသွားတဲ့အတွက် ပရိသတ်တွေ သဘောတွေ့ခဲ့ပါတယ်။


အဖွဲ့သားအားလုံး ယှဉ်ပြိုင်ပြီးပြီမို့ အဆုံးအဖြတ်ကို သိရတော့မယ့် အချိန် ရောက်လာခဲ့ပြန်ပါပြီ။
ဒီတစ်ပတ်မှာတော့ Team YC ထဲက ပရိသတ်အားပေးမှု မဲအများဆုံးကို “ခိုင်မြဲသစ္စာ” ကပဲ ဆက်လက်ထိန်းထားနိုင်ခဲ့ပြန်ပါတယ်။


“သော်ဒီ” “Oishi” “စိုင်းN” တို့ သုံးယောက်ထဲက တစ်ယောက်ကို ရန်ရန်ချန်း ရွေးချယ်ရပါမယ်။ ဒီတစ်ပတ်မှာလည်း ရန်ရန်ချမ်းက “သော်ဒီ” ကိုပဲ ထပ်မံရွေးချယ်ခဲ့ပါတယ်။

The Voice Myanmar LIVE Show ဒုတိယအဆင့် (ပထမအပတ်) ကတော့ ပြီ:ဆုံးသွားခဲ့ပြန်ပါပြီ။
အခုဆိုရင် Team KP မှာ (ရဲနိုင်ထူး၊ နှင်းအိနြေ္ဒရှင်) နဲ့ Team YC မှာ (ခိုင်မြဲသစ္စာ၊ သော်ဒီ) တို့ပဲ ကျန်ရှိပါတော့တယ်။

လာမယ့်တနင်္ဂနွေ မေလ(၂၀)ရက်နေ့ ည ၉ နာရီ MRTV 4 ရုပ်သံလိုင်းမှာ Team Lynn(လင်းလင်း) နဲ့ Team NiNi(နီနီခင်ဇော်) တို့ အဖွဲ့သားတွေ ယှဉ်ပြိုင်မှုကို စောင့်မျှော်ကြည့်ရှုကြပါဦး။
 

News