News

The Voice Myanmar Season 1 အတွက် WINNER တစ်ဦးပေါ်ထွက်ခဲ့ပြီ

3 Jun 2018

17 Views


The Voice Myanmar ရဲ့ ရင်ခုန်စရာအကောင်းဆုံး Grand Final ညကတော့ ပရိသတ်တွေရဲ့ အားပေးလက်ခုပ်သံတွေနဲ့အတူ ဇွန်လ ၃ ရက် တနင်္ဂနွေနေ့ညမှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါပြီ။

ဒီနေ့ညမှာတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ The Voice Myanmar Season 1 ရဲ့ WINNER တစ်ဦး ထိုက်တန်စွာ ပေါ်ထွက်လာခဲ့ပါပြီ။

Grand Final ယှဉ်ပြိုင်မှုမှာတော့ ပြိုင်ပွဲဝင်တွေအားလုံးက (ပရိသတ်ရွေးချယ်ပေးတဲ့ Audience Choice + ပြိုင်ပွဲဝင်စိတ်ကြိုက် WINNER Song) စုစုပေါင်း သီချင်း(၂)ပုဒ်စီနဲ့ သီဆိုယှဉ်ပြိုင်ကြရပါတယ်။

ပထမအကျော့ ယှဉ်ပြိုင်မှုမှာတော့ ပရိသတ်ရွေးချယ်ပေးတဲ့ Audience Choice သီချင်းတွေနဲ့ အရင်ဆုံးယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

ထုံးစံအတိုင်း သီဆိုယှဉ်ပြိုင်မှုတွေ စတာနဲ့တစ်ပြိုင်နက် ပြိုင်ပွဲဝင်တွေအားလုံးကို မဲပေးနိုင်ဖို့ Voting Line တွေအားလုံးကို ဖွင့်ထားလိုက်ပါပြီ။

ဒီနေ့ညရဲ့ ပထမဆုံးသီဆိုယှဉ်ပြိုင်ရသူက “ရန်ရန်ချန်း” ရဲ့ အဖွဲ့မှ “သော်ဒီ” ဖြစ်ပြီး “အမိန့်” (ကျော်ဟိန်း) သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

သော်ဒီရဲ့ပုံစံအတိုင်း ခံစားသက်ဝင်မှုအားကောင်းပြီး သီချင်းရဲ့ အဆုံးသတ်မှာ ကစားသွားတဲ့ဆိုဟန်ကြောင့် ပရိသတ်တွေရဲ့ လက်ခုပ်သံညံခဲ့ပါတယ်။
နီနီခင်ဇော်ကတော့ သော်ဒီကို “ဆရာမကြီး” လို့ နောက်ခဲ့တာကြောင့် ပရိသတ်တွေကပါ “ဆရ မကြီး.. ဆရာမကြီး”နဲ့ သံပြိုင်ရွတ်ပြီး အားပေးခဲ့ကြပါတယ်။
 

 

လင်းလင်းရဲ့ အဖွဲ့က “ငွေစိုး” က ဒုတိယ ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်ရွေးချယ်ပေးခဲ့တဲ့ “အသည်းကွဲဧည့်သည်” (ဖြိုးပြည့်စုံ) သီချင်းကို သီဆိုခဲ့ပါတယ်။

ဒီသီချင်းကို Blind Audition မှာထက် ပိုကောင်းအောင် သီဆိုသွားနိုင်ပြီး ကျားပေါက်က သရုပ်ဆောင်လုပ်ပါလားလို့ မှတ်ချက်ပေးခဲ့တာကို နီနီခင်ဇော်ကလည်း သဘောတူတယ်လို့ ဖြည့်စွက်ခဲ့ပါတယ်။
ဂီတလမ်းကြောင်းကို အရိုးသားဆုံးပုံစံနဲ့ ဖြတ်သန်းနေတဲ့သူဖြစ်တဲ့အတွက် အဲဒီကောင်းကျိုးတွေအားလုံး ပြန်ရမှာပါလို့ လင်းလင်းက မှတ်ချက်ပြုခဲ့ပါတယ်။

 

တတိယတစ်ယောက်ကတော့ “ကျားပေါက်” အဖွဲ့မှ အော်ပရာဆရာမလေး “နှင်းအိနြေ္ဒရှင်” က “အရှုံးထက်ပိုသော” (ဖြူဖြူကျော်သိန်း) သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

Battle Round ထက် အခုတစ်ယောက်ထဲဆိုတာ ပိုကောင်းတယ်လို့ နီနီခင်ဇော်က မှတ်ချက်ပေးပါတယ်။ ရန်ရန်ချန်းကတော့ နောက်ထပ်ဆိုမယ့် Winner Song ကျရင် အခုလိုပဲ ကောင်းအောင် ဆိုဖို့မှာကြားခဲ့ပါတယ်။

 

နောက်ဆုံးတစ်ယောက်အဖြစ် “နီနီခင်ဇော်” အဖွဲ့မှ “Mark Jason” ဖြစ်ပြီး “All of Me” (John Legend) သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

သီဆိုမှုအပြီးမှာ “အဆိုတော်ဖြစ်နေပြီးသားပဲ” လို့ ကျားပေါက်က မှတ်ချက်ပေးပါတယ်။ ရန်ရန်ချန်းကတော့ ညွန့်နေအောင်ကောင်းတယ်ဆိုပဲ။ နီနီခင်ဇော်ကတော့ Mark Jason ကသူတောင် မလိုက်နိုင်အောင် အဆိုတော်သူဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

 

Audience Choice သီချင်းများ သီဆိုယှဉ်ပြိုင်မှုကတော့ ပြီးဆုံးသွားခဲ့ပါပြီ ဒုတိယအကျော့ Winner Song ယှဉ်ပြိုင်မှု မစတင်မီမှာ ဧည့်သည်အဆိုတော်အဖြစ် “J Me” က မြူးမြူးကြွကြွ လာရောက်ဖျော်ဖြေခဲ့ပါတယ်။ “J Me” နဲ့အတူ နည်းပြ “ရန်ရန်ချန်း” ကပါ ဝင်ရောက်ပြီး ပူးတွဲသီဆိုခဲ့တာမို့ ပွဲကအရမ်းကို မြိုင်ဆိုင်လွန်းသွားပါတယ်။

*********************

 

Winner Song ယှဉ်ပြိုင်မှုကို သော်ဒီ နဲ့ပဲစတင်လိုက်ပြီး “သော်ဒီ” က “One Moment In Time” (Whitney Houston) ရဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

သီဆိုမှုအပြီးမှာ ဒီသီချင်းကို အခုလို ပရိသတ်တွေရှေ့မှာ သီဆိုဖို့ ငယ်ငယ်ထဲက အိမ်မက်မက်ခဲ့ရကြောင်း သော်ဒီက ပြောကြားခဲ့ပါတယ်။ နုတ်အမြင့်ကြီးတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ခဲ့တဲ့အတွက် နည်းပြတွေအားလုံးရဲ့ ချီးကျူးမှုကို ရခဲ့ပါတယ်။

 

မန္တလေးသားကြီး “ငွေစိုး” က သီချင်းအခန့်ကြီး တစ်ပုဒ်ဖြစ်တဲ့ “ရာဇဝင်များရဲ့သတို့သမီး” (ထူးအိမ်သင်) ရဲ့ သီချင်းကို အော်ခက်စထရာပုံစံနဲ့ ဆန်းသစ်ယှဉ်ပြိုင်ခဲ့ပါတယ်။ ထူခြားတာကတော့ “ငွေစိုး” အပါအဝင် တီးခတ်တဲ့သူတွေကပါ ဧရာဝတီမြစ်ကြောင်းပုံပါတဲ့ တူညီဝတ်စုံ ဝတ်ထားခဲ့ကြပါတယ်။

နီနီခင်ဇော်ကလည်း မျက်ရည်ဝဲလျှက် မတ်တပ်ရပ်ပြီး အားပေးခဲ့ပါတယ်။ ငွေစိုး တာဝန်ကျေတယ်လို့ ရန်ရန်ချန်းက ပြောခဲ့ပါတယ်။ အသ၌်ရပ်အခမ်းနားဆုံးနဲ့ မျက်လုံးထဲမှာ ဧရာဝတီမြစ်ကြီး စီးဆင်းသွားတာကို မြင်လိုက်ရပါတယ်လို့ နီနီက မှတ်ချက်ပြုခဲ့ပါတယ်။
ဒီသီချင်းကို သီဆိုခွင့်ပြုခဲ့တဲ့ ထူးအိမ်သင်ရဲ့ မိသားစုကိုလည်း ကျေးဇူးတင်ကြောင်း လင်းလင်းက ပြောကြားခဲ့ပါတယ်။

 

အော်ပရာဆရာမလေး “နှင်းအိနြေ္ဒရှင်” က “All About That Bass” (Meghan Trainor) ရဲ့ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။

ယှဉ်ပြိုင်မှုမှာ ထီးရောင်စုံလေးတွေနဲ့ဆိုတော့ အရောင်အသွေးစုံတဲ့ ပန်းချီကားတစ်ချက်ကြည့်နေရသလိုပဲလို့ ရန်ရန်ချန်း က မှတ်ချက်ပေးခဲ့ပါတယ်။ နီနီခင်ဇော်ကတော့ “နှင်းအိနြေ္ဒရှင်” မှ ဟုတ်ရဲ့လားလို့ ပြောကြားခဲ့ပါတယ်။


“Mark Jason” က လတ်တလောမှာ ဟစ်ဖြစ်နေတဲ့ “သဘာဝနှင့်တွေ့ဆုံခြင်း” (အောင်ထက်) ရဲ့ သီချင်းနဲ့ နောက်ဆုံးပိတ် ယှဉ်ပြိုင်ခဲ့ပါတယ်။

ယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်တွေက “Mark Jason” “Mark Jason” လို့ ဝိုင်းဝန်းချီးမြောက်အားပေးခဲ့ကြပါတယ်။ နည်းပြတွေ အားလုံးကလည်း ရှေ့ကပြိုင်ပွဲဝင်တွေ အားလုံးကို ပြောသွားခဲ့သလိုပဲ အနုပညာလောကထဲ ဝင်လာဖို့အချိန်တန်ပါပြီလို့ ပြောကြားခဲ့ပါတယ်။

 

သီဆိုယှဉ်ပြိုင်မှု အားလုံးပြီးသွားတဲ့အခါမှာတော့ နည်းပြ(၄)ဦးရဲ့ “Rock n Roll” သီချင်းကို အတူတူပူပေါင်းပြီး သီဆိုဖျော်ဖြေတင်ဆက်သွားတာကို တစ်ဝကြီး ကြည့်ခဲ့ကြရပါတယ်။


နည်းပြ(၄)ဦးရဲ့ ဖျော်ဖြေမှုအပြီးမှာတော့ Voting Line တွေ ပိတ်လိုက်တာနဲ့အတူ ပရိသတ်အားပေးမှု အများဆုံးနဲ့ WINNER ဆုရသွားမယ့် ပြိုင်ပွဲဝင်ကို ကြေညာရတော့မယ့်အချိန် ရောက်လာခဲ့ပါတယ်။

နောက်ဆုံးအဖြေနဲ့အတူ The Voice Myanmar Season 1 ရဲ့ WINNER အဖြစ် “ငွေစိုး” က ရွေးချယ်ခံခဲ့ရပါတယ်။

WINNER ဆုရှင် ဖြစ်တဲ့ “ ငွေစိုး“ ဟာ The Voice Myanmar က ချီးမြှင့်တဲ့ ဆုငွေငွေကျပ်သိန်း ၂၀၀ နဲ့အတူ ကမ္ဘာကျော်တေးထုတ်လုပ်ရေးဖြစ်တဲ့ Universal Music နဲ့ သီချင်းအယ်လ်ဘမ် ထုတ်လုပ်ခွင့်ကို ရရှိသွားပြီဖြစ်ပါတယ်။

The Voice Myanmar ကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း ဆန္ဒနဲ့ထပ်တူကြခဲ့ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်ထပ် ဘယ်သူကများ အရည်အချင်းပြည့်ဝတဲ့ ထူးခြားသော အသံပိုင်ရှင် ဖြစ်လာလိမ့်ဦးမလဲဆိုတာကို နောင်လာမယ့် The Voice Myanmar ရဲ့ Season 2 မှာ စောင့်မျှော်အားပေးကြပါဦး။
 

News