News

The Voice Myanmar Season 2 ရဲ့ အမိုက်စား Blind Audition ပွဲဦးထွက်ည

25 Feb 2019

30 Views


The Voice Myanmar Season 2 ရဲ့ ပထမဦးဆုံး “Blind Audition” ည က ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ စတင်ခဲ့ပါတယ်။ အသံစစ်ဆေးခံမယ့် ပြိုင်ပွဲဝင်တွေကလည်း သူတို့အတွက် အဆုံးအဖြတ်ကို ရင်ခုန်နေကြသလို နည်းပြ ၄ ဦး ကလည်း ခုံအနီကြီးပေါ်မှာ နောက်ပြန်လှည့်ထိုင်ရင်း ဘယ်လိုအမိုက်စား ပြိုင်ပွဲဝင်တွေနဲ့ သူတို့ တွေ့ရ ကြုံမလဲဆိုတာကို ကြိုတင်ရင်ခုန်နေကြပါတယ်။
 
၂၀၁၉ ခုနှစ်ရဲ့ The Voice Myanmar Season 2 မှာတော့ နည်းပြတွေအဖြစ် ကျားပေါက်၊ ရန်ရန်ချမ်း၊ နီနီခင်ဇော်နဲ့ အာဇာနည် တို့က တာဝန်ယူဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ The Voice Myanmar မှာ ပထမဦးဆုံးအကြိမ် နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်သွားမယ့် “အာဇာနည်” က ပွဲဦးထွက်မှာ အကောင်းဆုံးတွေ လုပ်ပြသွားဖို့ရှိတယ်လို့လည်း အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
 
နီနီခင်ဇော်ကတော့ Season 1 တုန်းက သူ့ရဲ့အသင်းကနေ Winner ပေါ်ထွက်ဖို့ သီသီလေးလွဲခဲ့တာကြောင့် အခု Season 2 မှာ Team NiNi ကနေ Winner တစ်ယောက် ရအောင် ကြိုးစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။
 
 
Blind Audition ပထမဦးဆုံးနေ့ရဲ့ အစမှာ The Voice Myanmar ရဲ့ ထုံးစံအတိုင်း နည်းပြ ၄ ဦး အတူတစ်ကွပူးပေါင်းပြီး ကိုယ်ပိုင်သီချင်းတွေကို ပေါင်းစပ်သီဆိုရင်း ပရိသတ်တွေကို နွေးနွေးထွေးထွေး လှုပ်လှုပ်ရှားရှားနဲ့ ကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။
 
 
အခုချိန်ကစပြီးတော့ ပြိုင်ပွဲဝင်တွေရဲ့ အသံကိုသာ နားစွင့်ရင်း အကောင်းတကာ့ အကောင်းဆုံး ပြိုင်ပွဲဝင်တွေကို သူ့တို့ရဲ့ အသင်းသားဖြစ်လာဖို့ နည်းပြ ၄ ဦးစလုံးက အပြိုင်အဆိုင် ရွေးချယ်သွားတော့မှာ ဖြစ်ပါတယ်။
ဒိုင်လူကြီးများအားလုံး ခုံအနီကြီးပေါ်မှာ အဆင်သင့်ဖြစ်နေကြပါပြီ။
 
The Voice Myanmar Season 2 Blind Audition ရဲ့ ပထမဦးဆုံး တစ်ယောက်ကတော့ တောင်ကြီးသားလေး “A ဒေး” ဖြစ်ပါတယ်။ သူကတော့ တောင်ကြီးမြို့မှာ အပျော်တမ်း တီးဝိုင်းအဖွဲ့လေး ဖွဲ့ထားပြီး ပွဲလမ်းသဘင်တွေမှာ သီဆိုလေ့ရှိသူမို့ သီချင်းတွေနဲ့ မစိမ်းဘူးလို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
 
“A ဒေး” က သာဒီးလူ ရဲ့ “ဘီးကျဲ” သီချင်းကို အသံပါဝါကောင်းကောင်းနဲ့ စတင်လိုက်တာကြောင့် နီနီခင်ဇော် နဲ့ အာဇာနည် နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားတာကို မြင်လိုက်ရပါတယ်။
 
 
ဒီနေ့ညတော့ “A ဒေး” အတွက် ပထမဦးဆုံး စက်ခလုပ်နှိပ်ပြီး ခုံလှည့်လာသူက Rocker ကြီး အာဇာနည် ဖြစ်ပါတယ်။ မရှေးမနှောင်းလေးမှာ အပြိုင်အဆိုင် လှည့်လာသူက ကျားပေါက်ဖြစ်ပါတယ်။ ရန်ရန်ချမ်း ကတော့ ပရိသတ်ကို နှိပ်လိုက်ရမလားလို့ ပြန်မေးပေမယ့် မနှိပ်ဖြစ်လိုက်ပါဘူး။ နီနီခင်ဇော်ကလည်း ဆုံးဖြတ်ရခက်နေဟန်တူပြီး သီချင်းဆုံးခါနီးကျမှ နှိပ်လိုက်ပါတယ်။
 
နည်းပြ ၃ ယောက်က “A ဒေး” ကို သူတို့ရဲ့ အဖွဲ့ထဲရောက်အောင် ဘယ်လိုတွေလုကြမလဲ.. “A ဒေး” ကရော ‘ကျားပေါက်’ ‘နီနီခင်ဇော်’ ‘အာဇာနည်’ တို့ သုံးယောက်ထဲက ဘယ်တစ်ယောက်ဆီကို သွားမလဲ ဆိုတာ ရင်ခုန်စေချင်လို့ ပြောမပြတော့ဘူးနော်..။
 
 
နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက်ကတော့ “ဟိန်းဇော်လင်း”ပါ။ မိခင်ဖြစ်သူရဲ့ သီချင်းဆိုတဲ့ ဗီဇက မွေးရာပါလာခဲ့ပြီး ငယ်ငယ်ကတည်းက မိခင်သီချင်းဆိုတဲ့နောက် တကောက်ကောက်လိုက်ရင်းကနေ အခု အသက် ၂၅ နှစ်အရွယ်မှာတော့ ဂီတလမ်းကြောင်းပေါ် အတိုင်းအတာတစ်ခုထိ ရောက်နေပြီဖြစ်တဲ့ သီချင်းသည်လေး ဖြစ်ပါတယ်။ 
 
 
မြန်မာသံစဉ်တွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ “ဟိန်းဇော်လင်း” က Blind Audition ပထမဦးဆုံးနေ့မှာ တေးရေး အယ်ဒီ ရဲ့ ‘ရင်မှာအရင်အတိုင်း’ သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ “ဟိန်းဇော်လင်း” တစ်ယောက် နည်းပြတွေရဲ့ ရွေးချယ်မှု ခံရပါ့မလား ကိုယ်တိုင် ကြည့်ရှုပါဦး။
 
 
The Voice Myanmar ရဲ့ ပထမဦးဆုံး Blind Audition နေ့မှာ ပြိုင်ပွဲဝင် ၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဘယ်ပြိုင်ပွဲဝင်တွေက ရွေးချယ်ခံရပြီး ဘယ်သူတွေက ပထမဆုံးနေ့မှာပဲ အိမ်ပြန်သွားရမလဲ..? နည်းပြတွေကရော သူတို့သဘောကျတဲ့ ပြိုင်ပွဲဝင်တွေကို အပြိုင်အဆိုင် ဘယ်လိုလုကြမလဲဆိုတာ တစ်ကယ် ရင်ခုန်စရာကောင်းပါတယ်။
 
တတိယမြောက် ပြိုင်ပွဲဝင်ကတော့ ရခိုင်တိုင်းရင်းသူလေး “ခွန်းဝတီပြည့်” ပါ။ သီချင်းဆိုတဲ့ အတွေ့အကြုံတော်တော်များများရှိပြီး လက်ရှိမှာလည်း ဂီတလောကထဲ ကျင်လည်နေသူဖြစ်ပါတယ်။ ဂီတမိတ်သင်တန်း ကျောင်းဆင်းဖြစ်တဲ့ သူမက The Voice Myanmar မှာ ဖိုင်နယ်လ်ထိ တက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ 
အကယ်၍ အကယ်၍ ရွေးချယ်ခံရမယ်ဆိုရင်တော့ ကျားပေါက်ရဲ့ အဖွဲ့ထဲ ရောက်ချင်တယ်လို့ ဆိုပါတယ်။
 
 
“ခွန်းဝတီပြည့်” က တေးရေး တူးတူး ရဲ့ ‘မပြောင်းလဲနိုင်တဲ့အချစ်’ ကို ဘာတီးလုံးမှ မပါပဲ ပင်ကိုယ်သံသက်သက်၊ ကီးခိုင်ခိုင်မာမာနဲ့ စပြီးသီဆိုလိုက်တာဟာ ပရိသတ်တွေကို ကြက်သီးဖျန်းဖျန်း ထသွားစေပါတယ်။ 
ဒီလို ခံစားမှုမျိုး နီနီခင်ဇော်လည်း ရလိုက်တယ်ထင်ပါရဲ့ သီချင်းတစ်ပိုဒ်တောင် မဆုံးသေးဘူး စက်ခလုပ်နှိပ်ပြီး တစ်ဖက်ကို လှည့်သွားလို့ ကျန်တဲ့ ၃ ယောက် အံ့သြသွားရပါတယ်။ နီနီခင်ဇော်ရဲ့ မျက်နှာမှာ “ဒါမှ ငါလိုချင်တဲ့လူ” ဆိုတဲ့ ခံစားမှုတစ်ခု ဖြတ်ပြေးသွားတာကို လှစ်ကနဲ တွေ့လိုက်ရပါတယ်။ 
“ခွန်းဝတီပြည့်” တစ်ယောက် နောက်ဆုံးမှာ သူအရမ်းဖြစ်ချင်တဲ့ ကျားပေါက်ရဲ့ အဖွဲ့ဝင် ဖြစ်ခွင့်ရရဲ့လားဆိုတာ သီဆိုယှဉ်ပြိုင်မှုအစဆုံးကို ခံစားအားပေးစေချင်ပါတယ်။
 
 
ထူးထူးဆန်းဆန်း နာမည်နဲ့ နောက်ထပ်ပြိုင်ပွဲဝင်ကတော့ “May Day” ဖြစ်ပါတယ်။ ဟစ်ဟော့ပ်ရဲ့ ဒုတိယမျိုးဆက်သီချင်းတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ နည်းပညာတက္ကသိုလ်ကျောင်းသားလေးက ဟစ်ဟော့ပ်ဂီတတွေ အသွေးသားထဲမှာ စီးဆင်းနေပါတယ်။
 
 
သူကိုယ်တိုင် ရေးစပ်ထားတဲ့ ‘စိတ်ဓါတ်မကျနဲ့’ ဆိုတဲ့ သီချင်းက ဟစ်ဟော့ပ်သီချင်း မကြိုက်ဘူးဆိုတဲ့ ပရိသတ်တွေတောင် နှစ်ခြိုက်သွားစေမယ့် မြူးဇစ် စာသားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဟစ်ဟော့ပ် ဆရာတစ်ဆူဖြစ်တဲ့ ရန်ရန်ချမ်းကြီးက နားစိုက်ထောင်နေမှာတော့ အသေချာပါပဲ..။
 
 
The Voice Myanmar နည်းပြတွေရဲ့ စက်ခလုပ် နှိပ်သံတစ်ချက်နဲ့ အတူ သင့်ကိုမျက်ရည်တွေ ဝေ့ဝဲတက်လာစေမယ့် ပြိုင်ပွဲဝင် နှစ်ဦးကတော့ ရုပ်ချင်းခွဲမရအောင်တူတဲ့ အမွှာညီအစ်မ Twin Stars (ဂျူးလီ၊ ဂျူးမီ) တို့ပဲ ဖြစ်ပါတယ်။ 
 
 
“တီအားမို” သီချင်းကို အနိမ့်ဆုံးအသံနဲ့ ဝင်ပြီးနောက် တစ်ယောက်တစ်လှည့် ဟန်ချက်ညီညီ သီဆိုမှုက နည်းပြတွေရဲ့ ဂီတမှတ်ကျောက်ကို အရည်ပျော်အောင် တိုက်စားပစ်လိုက်သလိုပါပဲ။ ဘယ်သူက အရင်ဦးဆုံးလှည့်လာမလဲ..? “Twin Star” ကရော ဘယ်အဖွဲ့ကို ရောက်သွားမလဲဆိုတာကတော့..။
 
 
လားရှိုးမြို့က တယောဆရာမလေး “ခိုင်” ကလည်း The Voice Myanmar နဲ့ပက်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ရောက်လာခဲ့သူပါ။ 
နည်းပြ ၄ ဦး ကျောပေးထားပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ စတိတ်စင်ထက်ကနေ ယူကီလိလိ(ဂစ်တာအသေးစား) လေးကို ကိုယ်တိုင်တီးခတ်လိုက်ပြီး နည်းပြတွေရဲ့ အာရုံကို ဖမ်းစားဖို့ ကြိုးစားခဲ့ပါတယ်။ 
 
 
“Can’t take my eyes off you” သီချင်းကို ကိုယ်တိုင်တီးခတ်ယှဉ်ပြိုင်ခဲ့တဲ့ ပုံရိပ်တွေကို ခံစားကြည့်ပါဦး။
 
 
တောင်ကြီးသားလေး “ဂျက်စ်” ကလည်း သီချင်းဆိုပြိုင်ပွဲတွေနဲ့ မစိမ်းတဲ့သူဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းသည်ထက်ကောင်းအောင် ပိုကြိုးစားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ The Voice Myanmar မှာ သူ့ရဲ့အရည်အချင်းကို “အထီးကျန်ဝိဉာဉ်” ဆိုတဲ့ သီချင်းနဲ့ ပုံဖော်ပြသခဲ့ပါတယ်။
 
 
 
ဒီနေ့ည Blind Audition ရဲ့ နောက်ဆုံးတစ်ယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်သီဆိုခဲ့သူက “နိုဗန်ထူး” ဖြစ်ပါတယ်။ Metal ဂီတအမျိုးအစားကိုမှ မပြောင်းမလဲ ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အခွေလေး ထွက်နိုင်ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ရှိုးပွဲအတွေ့အကြုံများစွာရှိပြီး ကိုယ်ပိုင်တီးဝိုင်းအဖွဲ့လည်း ထူထောင်ထားသူဖြစ်ပါတယ်။ 
 
 
“နိုဗန်ထူး” က ပရိသတ်တွေနဲ့ နည်းပြတွေကို ဘာတွေချပြသွားမလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားစေချင်ပါတယ်။
 
 
The Voice Myanmar ရဲ့ Blind Audition ပထမဦးဆုံးနေ့ကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ စတင်နိုင်ခဲ့ပါပြီ။ ပရိသတ်တွေရော နည်းပြတွေပါ ပြိုင်ပွဲဝင်တွေရဲ့ အံ့မခမ်းတဲ့ အရည်အချင်းတွေကို စတင်ခံစားလိုက်ရပါတယ်။ ဒါဟာ The Voice Myanmar ရဲ့ ထူးခြားမှုပါ။
နောက်ထပ် Blind Audition နေ့တွေမှာရော အဆိုတော်တဲ့ ဘယ်လို လူစွမ်းကောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာ MRTV 4 ရုပ်သံကနေ တစ်ဆင့် အပတ်စဉ် တနင်္ဂနွေနေ့ ည (၉) နာရီမှာ စောင့်မျှော်အားပေးနိုင်ကြပါတယ်။
 
The Voice Myanmar Facebook Page တို့ကလည်း The Voice Myanmar Season 2 နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပရိသတ်ကြီးနဲ့ အမြဲတမ်း ချိပ်ဆက်ပေးသွားမှာ ဖြစ်လို့ Like & See First လုပ်ထားကြဖို့ မမေ့ကြပါနဲ့ဦးနော်။

News