News

နည်းပြတွေကို အကြီးအကျယ်ခေါင်းစားခဲ့တဲ့ Blind Audition ဒုတိယည

3 Mar 2019

1,616 Views


The Voice Myanmar Season 2 ဟာ ပထမဦးဆုံး Blind Audition ညမှာပဲ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့ပြီး နောက်ထပ်အစီစဉ်တွေမှာ ဘယ်လို ပြိုင်ပွဲဝင်တွေ လာရောက်ယှည်ပြိုင်ကြဦးမလဲဆိုတာ အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
 
အကြောင်းကြောင်းကြောင့် ရုပ်သံကနေ အားပေးဖို့အခက်ခဲရှိတဲ့ The Voice Myanmar ပရိသတ်တွေအတွက် Blind Audition ဒုတိယနေ့အကြောင်းလေး ဖော်ပြပေးလိုက်ပါတယ်။
 
Blind Audition ဒုတိယနေ့အစမှာ ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူက အသက် ၁၉ နှစ်အရွယ် ကျောင်းသူလေး “ညိုမီမီထွန်း” ဖြစ်ပါတယ်။ မိခင်ကိုယ်တိုင်က ဂီတဝါသနာရှင်ဖြစ်တာကြောင့် သမီးဖြစ်သူရဲ့ အိမ်မက်တွေကို တစ်ကယ်ဖြစ်လာအောင် ပံ့ပိုးပေးနေပါတယ်။ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့က သူမရဲ့ အိမ်မက်ပဲဖြစ်ပြီး ဒီအိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ The Voice Myanmar ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
 
 
တေးရေး မင်းချစ်သူ ရဲ့ “အမြဲတမ်းမင်းရှိတယ်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သီချင်းအငြိမ် ငြိမ့်ငြိမ့်လေးကို အသံအေးအေးလေးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ “ညိုမီမီထွန်း” တစ်ယောက် နည်းပြတွေရဲ့ အကြိုက်နဲ့ ကိုက်ညီနိုင်ပါ့မလား..?
 
 
 
ဒုတိယမြောက် ပြိုင်ပွဲဝင်ကတော့ “ကျော်ကျော်” ပါ။ အသက် ၂၉ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းဖြစ်ပြီး ယခင်ကလည်း ပြိုင်ပွဲ အတော်များများယှဉ်ပြိုင်ဖူးတဲ့ အတွေ့အကြုံရှိဖူးသူဖြစ်ပါတယ်။ ဒါပေမယ့် မီဒီယာတွေရဲ့ အားနည်းချက်ကြောင့် သူရောက်သင့်တဲ့နေရာတစ်ခုကို ရောက်မလာခဲ့ဘူး လို့ဆိုပါတယ်။ ဒါကြောင့် မြန်မာတစ်နိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ The Voice Myanmar အစီစဉ်မှာ သူ့ရဲ့အနုပညာတွေ ချပြဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။
 
 
သာဒီးလူ ရဲ့ “တစ္ဆေတစ်ကောင်ကတဲ့ည” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သီချင်းတီးလုံးစတာနဲ့ ပထမဦးဆုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသူက ‘အာဇာနည်’ ပါ၊ “Rocker တွေ လာပြန်ပြီ” လို့တောင် အာမေဋိတ်သံ ပြုခဲ့ရပါတယ်။
“ကျော်ကျော်” တစ်ယောက် ပရိသတ်နဲ့ နည်းပြတွေကို တစ်ခုခုလုပ်ပြနိုင်ခဲ့မလား၊ ဘာတွေ အမှတ်တရ ဖြစ်ကျန်ခဲ့လဲဆိုတာ ကြည့်ရှုစေချင်ပါတယ်။
 
 
 
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရုပ်သံအဆိုပြိုင်ပွဲဖြစ်တဲ့ ‘ဆိုကြမယ် ပျော်ကြမယ်’ အစီစဉ်ကစလို့ သီချင်းဆိုပြိုင်ပွဲပေါင်းများစွာ အတွေ့အကြုံရှိခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ကတော့ “ကြယ်စင်” ဖြစ်ပါတယ်။ 
ဂီတနယ်ပယ်ထဲမှာ အောင်မြင်တဲ့ POP အဆိုတော်တစ်ယောက်အဖြစ် နေရာတစ်နေရာရလာချင်တာ သူမရဲ့ အကြီးမားဆုံး အိမ်မက်ဖြစ်ပါတယ်။
 
 
တေးရေး မင်းချစ်သူ ရဲ့ “အချစ်တဲ့လား” သီချင်းနဲ့ နည်းပြတွေရဲ့ အာရုံစိုက်မှုရအောင် ကြိုးစားခဲ့ပါတယ်။ ပြိုင်ပွဲအတွေ့အကြုံ မည်မျှပင်ရှိပါစေ The Voice Myanmar ရဲ့ ဦးတည်ချက်က ထူးခြားတဲ့ အသံပိုင်ရှင်တွေကို ရှာဖွေနေတယ်ဆိုတာကို ပြိုင်ပွဲဝင်တွေ သတိထားအပ်ပါတယ်။ “ကြယ်စင်” တစ်ယောက် Blind Audition စင်မြင်ထက်မှာ လင်းလက်နိုင်ပါ့မလား...?
 
 
 
အောင်မြင်နိုင်ဖို့ မရေရာတဲ့အနုပညာအလုပ်ကို အားမပေးတဲ့ ဖခင်နဲ့ ကိုယ်ဝါဿနာပါရာ ဂီတနှစ်ခုကြား ညှိနှိုင်းပေါင်းစပ်လို့ရအောင် The Voice Myanmar ကနေ သက်သေပြဖို့ လာရောက်ယှဉ်ပြိုင်သူက “ဇေရဲပိုင်” ဖြစ်ပါတယ်။ 
 
 
သူ့ရဲ့ သီချင်းဆိုတဲ့ အနုပညာကို ဖခင်ဖြစ်သူ လက်ခံလာအောင် ကြိုးစားဖို့ တေးရေး ထူးအိမ်သင်ရဲ့ ‘အမေ့ရဲ့ဒုက္ခအိုးလေး’ နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ မြန်မာ့ဂီတလောကမှာ ခေတ်တစ်ခေတ်၊ ဆရာတစ်ဆူအနေနဲ့ သတ်မှတ်ခံထားရတဲ့ ‘ထူးအိမ်သင်’ ရဲ့ သီချင်းတွေဟာ မူရင်းအဆိုရှင်ရဲ့ လွှမ်းမိုးမှုသြဇာကြီးမားတာကြောင့် ပြိုင်ပွဲဝင်တွေအတွက် အရမ်းကို သတိထားရတဲ့ သီချင်းတွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ “ဇေရဲပိုင်” နဲ့ နည်းပြ ၄ ဦး ဘာဆက်ဖြစ်မလဲ...?
 
 
 
အချို့ပြိုင်ပွဲဝင်တွေဟာ The Voice Myanmar ကို လာပြိုင်ထဲက ဘယ်နည်းပြဆီတော့ ရောက်အောင် သွားမယ်ဆိုတဲ့ ခံယူချက်အပြည့် ထည့်ထားသူတွေပါ။ မန္တလေးက လာရောက်ယှဉ်ပြိုင်တဲ့ “ခိုင်ဇင်သွန်း” က သူတို့တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ နည်းပြ ၄ ဦးထဲက ကျားပေါက် ရဲ့ အသင်းသားတစ်ယောက်ပဲ ဖြစ်ချင်နေသူပါ။
 
 
Assistant Music ဆရာမလည်းဖြစ်တဲ့ သူမက “Time To Say Goodbye” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီသီချင်းဟာ ‘ကျားပေါက်’ အကြိုက်ဖြစ်အောင် ရွေးချယ်ထားပုံလည်းရပါတယ်။ သီချင်းအဆုံးမှာ သူမရဲ့ ဆန္ဒတွေပြည့်ဝသွားမလား...?
 
 
 
တေးရေး မောင်သစ်မင်း ရဲ့ ‘ချစ်ဒေါသမီး’ သီချင်းနဲ့ စင်ပေါ်တင်လာသူက “အောင်နိုင်မင်း” ပါ။ အာဇာနည်ရဲ့ သီချင်းကို အာဇာနည်ရဲ့ ရှေ့မှာ ရဲရဲဝံ့ဝံ့ သီဆိုနေတဲ့ “အောင်နိုင်မင်း” က ကံတွေ စမ်းတွေဆိုတာ မယုံကြည်ဘူး၊ ကိုယ်ကြိုးစားမှ ကိုယ်ဖြစ်မှာပါလို့ ခံယူထားတဲ့သူဖြစ်ပါတယ်။
 
 
သီချင်းပြိုင်ပွဲတွေ တစ်ခါမှ ဝင်မပြိုင်ခဲ့ဘူးပေးမယ့် ဂီတလောကနဲ့ မစိမ်းပဲ ရှိုးပွဲတွေလိုက်လံ သီဆိုနေသူလည်းဖြစ်ပါတယ်။ “ခန့်” ဆိုတဲ့ အမည်နဲ့ စီရီးတစ်ခု ထုတ်ခဲ့ဖူးပြီး ထင်သလောက် မအောင်မြင်ခဲ့တဲ့အတွက် The Voice Myanmar မှာ ထပ်မံကြိုးစားခြင်းလည်းဖြစ်ပါတယ်။
“အောင်နိုင်မင်း” ရဲ့ ချစ်ဒေါသ နဲ့ အာဇာနည် ရဲ့ ချစ်ဒေါသ သယ်သူပိုကြီးလဲဆိုတာ ခံစားကြည့်ပါဦး..။
 
 
 
ပရိသတ်တွေနဲ့ နည်းပြတွေ လန့်ဖြန့်သွားအောင် Vocal power အမြင့်ကြီးနဲ့ စထွက်ခဲ့သူက ပြင်ဦးလွင်မြို့သူလေး “တာတာ” ပါ။ သီချင်းဆိုအတွေ့အကြုံရှိပြီးသူမို့ ယုံကြည်ချက်အားကောင်းတာကို သူမရဲ့ သီဆိုဟန်ကနေ တွေ့ရပါတယ်။
 
 
တေးရေး စစ်အိမ် ရဲ့ ‘မစဉ်းစားချင်ဘူး’ သီချင်းကို ခွန်အားအပြည့်နဲ့ သီဆိုပြသွားတာက အားလုံးကို ကြက်သီးမွေးညှင်း ထသွားစေပါတယ်။ “တာတာ” ရဲ့ သီဆိုမှုကို အားပေးပြီး ကိုယ်တိုင် ဆုံးဖြတ်ကြည့်ပါဦးနော်။
 
 
 
ဖက်ရှင်ဒီဇိုင်းပညာကို ဘန်ကောက်မှာ သင်ယူနေရင်း The Voice Myanmar ပြိုင်ပွဲကို ဝါဿနာကြီးလွန်းလို့ အမီလာရောက်ယှဉ်ပြိုင်ခဲ့သူက ချင်းတိုင်းရင်းသားလေး “Nicholas Pasangma” ဖြစ်ပါတယ်။
 
 
“Perfect” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပြီး သူသီဆိုနေစဉ်မှာ နည်းပြတွေ အထူးအာရုံစိုက်နားထောင်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ နိုင်ငံခြားသီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဟာလည်း အသံထွက်တွေကအစ မပိုင်နိုင်ရင် အန္တရာယ်များတယ်ဆိုတာ ဒီနေရာမှာ တွေ့မြင်ရမှာပါ..။
 
 
 
အစီစဉ်ရဲ့ အပိုင်း တစ်ပိုင်းကို အမိုက်စား ပြိုင်ပွဲဝင်တွေနဲ့ အဆုံးသတ်တတ်တဲ့ The Voice Myanmar ရဲ့ ထုံးစံအတိုင်း Blind Audition ဒုတိယနေ့ရဲ့ နောက်ဆုံးပြိုင်ပွဲကလည်း ပရိသတ်နဲ့ နည်းပြတွေကို အားရစေခဲ့ပါတယ်။
 
 
မန္တလေးမြို့က စင်မြင့်တွေပေါ်မှာ ပရိသတ်အားပေးမှုနဲ့ နေရာတစ်ခု ရှိနှင့်ပြီးသား “ပန်ပန်ကြေးမုံ” က မြန်မာတစ်နိုင်ငံလုံးရဲ့ ပရိသတ်တွေကို သူ့ရဲ့ အဆိုပညာချပြခဲ့ပါတယ်။ တေးရေး အောင်ကိုမြင့် ရေးစပ်ပြီး တင်ဇာမော် သီဆိုထားတဲ့ ‘ပုထုဇဉ်’ သီချင်းကို အလှပဆုံး သီဆိုပြသွားခဲ့ပါတယ်။
 
 
ဒီနေ့ညမှာတော့ ပြိုင်ပွဲဝင် (၉)ဦး ယှဉ်ပြိုင်ခဲ့ပြီး The Voice Myanmar ရဲ့ Blind Audition ဒုတိယနေ့ ပြီးဆုံးခဲ့ပြန်ပါပြီ။ 
အခုဆိုရင် “နီနီခင်ဇော်” ရဲ့ အဖွဲ့မှာ ပြိုင်ပွဲဝင် (၅)ဦး၊ “ကျားပေါက်” (၄)ဦး၊ ရန်ရန်ချန်း (၃)ဦး၊ အာဇာနည် (၃)ဦး တို့ အသီးသီး ရရှိထားကြပြီဖြစ်ပါတယ်။ 
လာမည့် တနင်္ဂနွေနေ့ည Blind Audition တတိယနေ့မှာလည်း ဘယ်လို ပြိုင်ပွဲဝင်တွေ ထပ်မံပေါ်ထွက်လာဦးမလဲဆိုတာ ဆက်ဆက်စောင့်ကြည့်ပါဦး။
 
The Voice Myanmar Season 2 နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို  The Voice Myanmar Facebook   Page ကနေ ပရိသတ်ကြီးနဲ့ အမြဲတမ်း ချိပ်ဆက်ပေးသွားမှာ ဖြစ်လို့ Like & See First လုပ်ထားကြဖို့ မမေ့ကြပါနဲ့ဦးနော်။

News