News

ဖခင်ရဲ့ ဂီတသွေးတွေစီးဆင်းရင်း နှလုံးသားနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ “ဂျူဂျူး”

11 Mar 2019

1,508 Views


မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ The Voice Myanmar Blind Audition မှာ ထူးထူးခြားခြား သီဆိုယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးကို တွေ့ခဲ့ရပါတယ်။ သူကတော့ “ဂျူဂျူး” ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဟာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ အဆိုတော် “တာရာ” ဆိုတာ သိလိုက်ရတဲ့အချိန်မှာ အင်မတန်ပဲ အံ့သြခဲ့ရပါတယ်။
 
ဂီတလောက က နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားပြီး မကြာခင်ကမှ ကွယ်လွန်သွားခဲ့ရတဲ့ တာရာရဲ့ “အစဉ်အမြဲ” “ပုလဲသီတစ်ကွဲစီ” စတဲ့ သီချင်းတွေဟာ ဒီနေ့ထက်ထိ ပရိသတ်တွေကြားမှာ ပျံ့လွင့်နေဆဲဖြစ်ပါတယ်။ 
ဒါပေမယ့် “ဂျူဂျူး” ကတော့ ဖခင်ရဲ့ အောင်မြင်မှုအရိပ်ကို မမှီခိုပဲ ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ပန်းတိုင်ကို အရောက်သွားချင်သူမို့ သူဟာ အဆိုတော်”တာရာ”ရဲ့ သားဖြစ်ကြောင်း လူတွေကို သိပ်အသိမခံချင်ခဲ့ပါဘူး။ ဒီအတွက်ကြောင့်ပဲ နောက်ဆုံးမှာ နည်းပြတွေအားလုံး မျက်နှာနာခဲ့ရတဲ့ အဖြစ်တွေ ဖြစ်သွားခဲ့ရပါတယ်။
 
 
 “ဂျူဂျူး” ရဲ့ ခန္ဓာကိုယ်ထဲမှာ လည်ပတ်စီးဆင်းနေတဲ့ ဖခင်ရဲ့ အနုပညာသွေးတွေက သီချင်းဆိုလိုက်တဲ့ အချိန်မှာ ချက်ချင်းဇာတိပြလာတာကို တွေ့လိုက်ရပါတယ်။ ဝေကြီး ရေးသားပြီး အမျိုးသမီးအဆိုရှင် “ဂျူဝယ်လ်” သီဆိုထားတဲ့ ‘Message’ သီချင်းကို သူ့ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်အောင် အဆိုပညာနဲ့ ပြောင်းလဲပြီး အသံအစွဲအငင် အရစ်အဝိုက်လေးတွေကို ကစားသွားတာဟာ ခံစားမှုရသတစ်မျိုးကို ရလိုက်သလိုခံစားရပါတယ်။
 
သူသီဆိုနေစဉ် တစ်ချိန်လုံးမှာ နည်းပြ ၄ ဦးစလုံးရဲ့ မျက်နှာတွေပေါ်မှာ သီချင်းကို ကိုယ်ပိုင်စတိုင်ပြောင်းထားတဲ့အတွက် အံ့သြမှု၊ အသံကစားတာလွန်ပြီး ဒုက္ခများတွေ့လေမလားဆိုတဲ့ စိုးရိမ်မှုနဲ့ နောက်ထပ် ဘယ်လိုများ အသံတွေ ထပ်ကစားဦးမလဲဆိုတဲ့ စူးစမ်းမှု စတဲ့ အမူအယာတွေကို ရောပွမ်းပြီး တွေ့နေရပါတယ်။ ပရိသတ်တွေ ကိုယ်တိုင်လည်း ဒီလိုပဲ ခံစားနေရမှာ သေချာပါတယ်။
 
ကျားပေါက် က ခလုပ်ပေါ်လက်ကတင်ထားပြီး မကြာခဏဆိုသလို နှိပ်ဖို့ ပြင်ဆင်တာကိုတွေ့ရပါတယ်။ ရန်ရန်ချန်းကလည်း ဂျူဂျူး ရဲ့ သီဆိုဟန်တစ်ချို့ကို လေးစားသွားတာကို တွေ့ရပါတယ်။ အာဇာနည် က နားထောင်ကောင်းကောင်းနဲ့ ဝေဝါးနေဆဲမှာ နီနီခင်ဇော်ကတော့ သူ့ရဲ့ အသံဆော့ကစားသွားတာတွေကို တစ်ခုခြင်း အကဲဖြတ်နေပါတယ်။
သီချင်းဆုံးခါနီးပေမယ့် နည်းပြတွေ ဆုံးဖြတ်ရခက်နေပြီး တစ်ယောက်မှ မလှည့်လာသေးပါဘူး။ “ဂျူဂျူး” ကတော့ သူဆိုပြချင်တဲ့ ပုံစံအတိုင်း သီချင်းတစ်ပုဒ်လုံးကို သပ်သပ်ရပ်ရပ် ဆိုပြသွားခဲ့ပါတယ်။ နောက်ဆုံး အချပိုဒ်အရောက်မှာ “ကျားပေါက်” ရဲရဲဝံ့ဝံ့ဆုံးဖြတ်ပြီး စက်ခလုပ်နှိပ်ချလိုက်ပါတယ်။ “ဂျူဂျူး” အတွက် “ကျားပေါက်” တစ်ယောက်ပဲ လှည့်လာခဲ့ပါတယ်။
 
အားလုံးအပြီးမှာ “အာဇာနည်” က တစ်ယောက်ယောက်နဲ့ တူသလိုလိုရှိလို့ အနုပညာမျိုးရိုးရှိလားလို့ မေးလိုက်တဲ့အခါမှ အဆိုတော်ကြီး “တာရာ” ရဲ့ သားဖြစ်နေတာကို သိလိုက်ရတဲ့အခါ နည်းပြတွေအားလုံးရဲ့ မျက်နှာပေါ်မှာ အံ့သြ အာနားစိတ်တွေဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် “ဂျူဂျူး” တစ်ယောက် နောက်တစ်ဆင့်ကို တက်လှမ်း သွားနိုင်ပြီဖြစ်လို့ ဂုဏ်ယူမိပါတယ်။
 
 
အဆိုတော် “တာရာ” ဟာ ၁၉၉၃ ခုနှစ်က ‘အလင်းတန်းများ’ တေးစီးရီးနဲ့ အောင်မြင်ခဲ့ပြီး အလင်းတန်းများ၊ ပုလဲသီတကွဲစီ၊ အချစ်နဲ့သိမ်းပိုက်ခြင်း၊ ချစ်ခြင်းရဲ့မျက်နှာများ ဆိုတဲ့ တစ်ကိုယ်တော်စီးရီး ၄ ခု ထွက်ရှိခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေထဲကမှ အစဉ်အမြဲ ၊ အသဲကွဲညနေခင်းများ ၊ မျက်စိမှိတ်ထားတယ်(စုံတွဲအဆို ထူးအိမ်သင်)၊ ပုလဲသီတကွဲစီ တို့ဟာ ယနေ့ထက်တိုင် ကျော်ကြားနေဆဲ သီချင်းများဖြစ်ပါတယ်။ 
 
 
“တာရာ” အမည်ရင်း နန္ဒထွန်း ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့ သီချင်းတွေကတော့ ထာဝရရှင်သန်နေဆဲဖြစ်ပါတယ်။
 
“တာရာ” မကွယ်လွန်မီ နောက်ဆုံးသီဆိုရိုက်ကူးခဲ့တဲ့ MTV လေးကို အမှတ်တရ ထည့်ပေးလိုက်ပါတယ်။
 
 

News