News

မျက်ရည်တွေ ဝေ့ဝဲတက်လာအောင် နီနီ့ ရဲ့ ရင်ကိုထိရှစေခဲ့သူ

11 Mar 2019

31 Views


သီချင်းတစ်ပုဒ်..၊ နားဆင်တဲ့သူရဲ့ ရင်ထဲကို ရောက်ဖို့ဆိုတာ အဓိပ္ပါယ်ပြည့်ဝနေရုံ တစ်ခုထဲနဲ့တော့ မလုံလောက်ပါဘူး။ သီဆိုသူရဲ့ အဆိုပညာနဲ့ ခံစားသက်ဝင်မှုတွေ အတူပေါင်းစပ်မိဖို့လည်း လိုပါသေးတယ်။
 
Blind Audition တတိယနေ့ညမှာတော့ သီချင်းတစ်ပုဒ်ထဲနဲ့ ပရိသတ်တွေကိုသာမက နည်းပြတွေ အားလုံး၊ အထူးသဖြင့် ‘နီနီခင်ဇော်’ ရဲ့ ရင်ထဲကို ထိမှန်အောင် သီဆိုပြနိုင်ခဲ့သူက ပြိုင်ပွဲဝင် “Paul Austin” ဖြစ်ပါတယ်။ 
“When We Were Young” ဆိုတဲ့ သီချင်းဟာ စာသားအဓိပ္ပါယ်ပြည့်ဝရုံသာမက “Paul Austin” ရဲ့ ထူးခြားသိမ်မွေ့တဲ့ အသံနဲ့ ပေါင်းစပ်လိုက်တဲ့အခါ နားဆင်ရသူတွေအားလုံး ကြက်သီးဖုလေးတွေ ဖြန်းကနဲ ထသွားရပါတယ်။ ခန္ဓာကိုယ်က ဒီလိုချက်ခြင်း တုံ့ပြန်မှုမျိုးဆိုတာ လုပ်ယူလိုမရပါဘူး။ နားကနေ ကြားလိုက်ရတဲ့ အသံက နှလုံးသားထဲကို ဖြတ်သန်းပြီး အရသာရှိလိုက်တာ၊ ကောင်းလိုက်တာဆိုတဲ့ ခံစားသိကြောင့် အလိုလို ဖြစ်ပေါ်လာတဲ့ တုံပြန်မှုမျိုးဖြစ်ပါတယ်။
 
 
သီချင်းပထမအပိုဒ်မှာတင် ‘နီနီ’ တစ်ယောက် ရင်ဘတ်ကို လက်လေးနဲ့ဖိလို့ မျက်ဝန်းမှာလည်း မျက်ရည်ဥလေးတွေ ဖျတ်ကနဲ့ ဝေ့ဝဲတက်လာတာကို တွေ့လိုက်ရပါတယ်။ တစ်ပြိုင်တည်းမှာပဲ ‘ကျားပေါက်’ရဲ့ မျက်ခုံးလေး တစ်ဖက် ဆတ်ကနဲ တွန့်သွားပြီး ရုတ်တရက် အသက်ရှုဖို့ မေ့နေရာကနေ သတိပြန်ဝင်လာသလို ဖြစ်သွားတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ “Paul Austin” ရဲ့ ထူးခြားတဲ့ အသံပါဝါစွမ်းအားကြောင့် ဖြစ်ပါတယ်။
 
 
“Paul Austin” ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဈေးကွက်ရှာဖွေရေး တာဝန်ခံရာထူးနဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး The Voice Thailand ကိုလည်း ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးသူပါ။ ဒါပေမယ့် ထိုင်းစကား မကျွမ်းကျင်တဲ့ အားနည်းချက်ကြောင့် ရှေ့မဆက်နိုင်ခဲ့ပါဘူး။
 The Voice Myanmar Season 2 မှာတော့ အလုပ်ကနေ သီးသန့်ခွင့်ယူပြီး သူ့ရဲ့ဝါသနာ၊ အိမ်မက်တွေကို အမိမြန်မာပြည် အရောက်ပြန်လာပြီး ချပြခဲ့သူဖြစ်ပါတယ်။ Blind Audition တတိယနေ့ညမှာ နည်းပြ ၄ ဦးစလုံး အသည်းအသန်လိုချင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လည်းဖြစ်ပါတယ်။
 
 
နောက်ဆုံးမှာတော့ ပြိုင်ပွဲမဝင်ခင်ကထဲက ဆုံးဖြတ်ထားခဲ့တဲ့အတိုင်း စိတကူးမပြောင်းလဲပဲ နည်းပြ “အာဇာနည်” ကို ရွေးချယ်ခဲ့ပါတယ်။ Team R Zarni ထဲရောက်သွားပြီဖြစ်တဲ့ “Paul Austin” တစ်ယောက် Battle Round မှာ ဘယ်သူနဲ့ အပြတ်အသတ် ယှဉ်ပြိုင်ရဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုရပါဦးမည်။
 

News