News

နည်းပြ (၄)ဦးစလုံး ပျာယာခတ်သွားတဲ့ Blind Audition စတုတ္ထည

17 Mar 2019

1,656 Views


The Voice Myanmar ပရိသတ်ကြီး မျှော်တော်ဇောနဲ့ မောနေရတဲ့ တနင်္ဂနွေနေ့ကို နောက်တစ်ခါ ပြန်ရောက်ခဲ့ပြန်ပါပြီ ဒီနေ့ညကတော့ Blind Audition ရဲ့ စတုတ္ထမြောက် ညတစ်ညလည်းဖြစ်ပါတယ်။ ဒီညမှာ ထူးခြားတာတစ်ခုက နည်းပြ (၄)ဦးစလုံး သူတို့မမျှော်လင့်ထားတဲ့ ပြိုင်ပွဲဝင်တွေဆီက အတွေ့အကြုံတွေကို ရရှိခဲ့ကြတာပါပဲ။
 
ဒီကနေ့ည ယှဉ်ပြိုင်သွားခဲ့ပုံများကို မကြည့်ဖြစ်လိုက်တဲ့ ပရိသတ်တွေအတွက် The Voice Myanmar Blind Audition ညကို ထုံးစံအတိုင်း အရသာမပျက် အစောဆုံး ဖော်ပြပေးလိုက်ရပါတယ်။
 
Blind Audition လေးရက်မြောက်အတွက် ပထမဦးဆုံးပြိုင်ပွဲဝင်က ပုသိမ်မြို့က အသက် ၂၃ နှစ်အရွယ် လူငယ်လေး “ခန့်ရှိုင်း” ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခု ဖွဲ့စည်းထားတဲ့ “ခန့်ရှိုင်း” ရဲ့ ဂီတဝါသနာကို သူ့ရဲ့မိသားစုတစ်ခုလုံးကလည်း အားပေးကြပါတယ်။
 
ပုသိမ်သားလေး “ခန့်ရှိုင်း”က ဒီနေ့ညမှာ ပုသိမ်မြို့ရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ ပုသိမ်သားကြီး၊ ကမ္ဘာတည်သရွေ့ ထာဝရတည်တံ့နေမယ့် သီချင်းတွေကို သီဆိုရေးစပ်ခဲ့တဲ့ ‘ထူးအိမ်သင်’ ရဲ့ ‘ဝေဒနာ’ သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားခဲ့ပါတယ်။
 
 
‘ဝေဒနာ’ သီချင်းဟာ သီဆိုရအခက်ခဲဆုံး ထူးအိမ်သင်ရဲ့ သီချင်းများထဲက တစ်ပုဒ်ဖြစ်ပါတယ်။ “ခန့်ရှိုင်း” ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ သီဆိုမှုက ဒီသီချင်းရဲ့ မူရင်းအဆိုရှင်ကိုတောင် ရုတ်တရက် စဉ်းစားလို့ မရအောင် မေ့သွားတယ်လို့ ဆိုရင် ပိုတယ်လို့ ထင်နေကြပါလိမ့်မယ်။ ဒါကြောင့် ကိုယ်တိုင် အကဲဖြတ်ကြည့်ပါဦး။
 
 
 
Season 1 တုန်းက အသိနောက်ကျခဲ့တာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတဲ့ အခွင့်ရေးကို Season 2 မှာ မလွတ်တမ်းစောင့်ဖမ်းခဲ့သူကတော့ အမျိုးသမီးပြိုင်ပွဲဝင် “C Ko” ဖြစ်ပါတယ်။ ခင်ပွန်းသည်ကလည်း တေးရေးဆရာဖြစ်ပြီး ဂီတလမ်းကြောင်းပေါ်မှာ အတူတူလက်တွဲလျှောက်နေတဲ့ ပျော်စရာ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားသူပါ။
 
 
ခင်ပွန်းဖြစ်တဲ့ တေးရေး ကိုတီ ရေးစပ်ထားတဲ့ “ဒဏ်ရာများ၏ငယ်ကျွန်” ကိုယ်ပိုင်သံစဉ်သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ အခုလို ဘယ်သူနဲ့မှ မရင်းနှီးသေးတဲ့ သီချင်းအသစ်တွေနဲ့ ယှဉ်ပြိုင်မှုဟာ ပြိုင်ပွဲဝင်တွေအတွက်တော့ အန္တရာယ်အကြီးဆုံး စွန့်စားမှုလည်းဖြစ်ပါတယ်။ 
“C Ko” တစ်ယောက် စွန့်စားမှုကို ကျော်ဖြတ်နိုင်ပါ့မလား..? သူမရဲ့ခင်ပွန်းဖြစ်တဲ့ တေးရေးကိုတီ ရဲ့ သီချင်းကရော ဘယ်လိုသီချင်းအမျိုးအစားဖြစ်မလဲဆိုတာ မြည်းစမ်းကြည့်ပါဦး..။
 
 
 
လူတစ်ယောက်ဟာ ကိုယ်ကိုတိုင်က စိတ်ပါဝင်စားတယ်ဆိုရင် အသက်မွေးဝမ်းကျောင်း နှစ်ခုထက်မက တစ်ပြိုင်တည်းလုပ်နိုင်တယ်လို့ ခံယူထားသူကတော့ တာချီလိတ်မြို့က ဆရာဝန်လေး “စိုင်းသိင်္ခအောင်” ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေပြီး အလျဉ်းသင့်ရင် သင့်သလို သီချင်းဆိုပြိုင်ပွဲတွေလည်း ဝင်ပြိုင်လေ့ရှိပါတယ်။
 
 
ဒီနေ့ညမှာတော့ သူ့ဘဝနဲ့ထပ်တူကျပြီး ဘယ်တော့မလုံလောက်ပဲ အမြဲဆက်ကြိုးစားရဦးမယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ “Never Enough” သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဆေးပညာနယ်ပယ်မှာသာမက ဂီတနယ်ပယ်မှာပါ အခြေချချင်တဲ့ “စိုင်းသိင်္ခအောင်” ရဲ့ အိမ်မက်တွေကို နည်းပြတွေက မက်ခွင့်ပေးနိုင်ပါ့မလား..။
 
 
ဘုရားကျောင်းတွေမှာ သီချင်းဆိုလေ့ရှိပေမယ့် သီချင်းဆိုပြိုင်ပွဲအနေနဲ့ အတွေ့အကြုံ လုံးဝမရှိသေးတဲ့ “Grace Mani” က The Voice Myanmar ဟာ သူမရဲ့ ပထမဆုံး အတွေ့အကြုံဖြစ်ပါတယ်။ သူမရဲ့ သီဆိုမှုကို နည်းပြတွေအနေနဲ့ မရွေးချယ်ခဲ့ဖူးဆိုရင်တော့ ဝါသနာရှင်တစ်ယောက် ဆုံးရှုံးသွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
 
တေးရေး ဖိုးတု ရေးစပ်ပြီး ထူးအယ်လင်း သီဆိုအောင်မြင်ခဲ့တဲ့ “အချစ်လို့ခေါ်သလား” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သီချင်းကို ကိုယ်ပိုင်ဟန်ရအောင် ကြိုးစားပြောင်းလဲ သီဆိုနေပေမယ့် ထူးအယ်လင်း ရဲ့ ဆိုဟန်ဆိုပေါက်ထဲကနေ လွတ်အောင် ရုန်းထွက်ဖို့ ခက်နေတဲ့ “Grace Mani” ကို နည်းပြတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာက စိတ်ဝင်စားစရာပါ။
 
 
 
ထူးခြားတဲ့အသံပိုင်ရှင်ကို ရှာဖွေနေတဲ့နေရာမှာ အသက်ကန့်သတ်ချက်တွေ စည်းခြားမထားတဲ့ The Voice Myanmar မှာ Season 1 တုန်းကလည်း အသက်အကြီးဆုံးပြိုင်ပွဲဝင်ဖြစ်တဲ့ “ငွေစိုး” က အားလုံးကို ကျော်တက်ပြီး Winner ဖြစ်သွားခဲ့တာဟာ ပူနွေးနေဆဲပဲရှိပါတယ်။
ဒီတစ်ကြိမ်မှာလည်း စင်ကာပူနိုင်ငံကနေ The Voice Myanmar ကို တကူးတက လာရောက်ယှဉ်ပြိုင်တဲ့ သူတစ်ဦးရှိပါတယ်။ 
“ထင်ကြီး” ဖြစ်ပါတယ်။ အသက်က ၄၀ ရှိပြီဖြစ်ပေမယ့် သူ့ရဲ့ အသံကာလာမှာ ထူးခြားမှုတွေ ရှိနေပါတယ်။
 
 
တေးရေး ကိုမိုးနဲ့ မျိုးကြီး တို့ ပူးပေါင်းရေးဖွဲ့ထားပြီး မျိုးကြီး ရဲ့ “ရှေ့ကလမ်းမများ” သီချင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ မျိုးကြီးရဲ့ သီချင်းတွေဟာ တော်ရုံတန်ရုံ အသံပါဝါနဲ့ ပြိုင်ပွဲဝင်တွေတောင် မထိရဲတာမို့ ဒီသီချင်းကို “ထင်ကြီး” ဘယ်လို သီဆိုသွားမလဲ..၊ နည်းပြတွေရဲ့ အဆုံးအဖြတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ တစ်ကယ်ရင်ခုန်စရာကောင်းတာမို့ မလွတ်တမ်း ကြည့်စေချင်ပါတယ်။
 
 
 
သီချင်းဆိုပြိုင်ပွဲအတော်များများဟာ Hip Hop၊ Rapping အမျိုးစားတွေအတွက် နေရာမရှိသလောက်ပါပဲ။ The Voice Myanmar ကတော့ ဒီလိုဂီတအမျိုးအစား ဝါသနာရှင်တွေကိုလည်း နွေးထွေးစွာ ကြိုဆိုတဲ့နေရာတစ်ခုဖြစ်လို့ ဟစ်ဟော့ကို မြတ်နိုးတဲ့ လူငယ်တွေအတွက် The Voice Myanmar ဟာ သူတို့ရဲ့ ယုံကြည်ရာကို ချပြစရာနေရာတစ်ခု ဖြစ်လာပါတယ်။ The Voice Myanmar နည်းပြ ၄ ဦးထဲမှာ သူတို့ အားအကိုးဆုံးက ရက်ပင်းဆရာကြီး “ရန်ရန်ချန်း” ဖြစ်ပါတယ်။
 
 
Underground HipHop လောကမှာ ၅ နှစ်နီးပါး သီဆိုကျင်လည်နေတဲ့ ရူပဗေဒ ကျောင်းသူလေး “ယမုံဇင်ဦး” က သူ Rap ဆိုတယ်ဆိုတာ ရန်ရန်ချန်း ကို သိစေချင်လို့ပါ ဆိုပြီး ‘မိစန္ဒိ’ ကိုယ်တိုင်ရေးသားသီဆိုတဲ့ “ပစ်တိုင်းထောင်” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ “ယမုံဇင်” ပစ်တိုင်းထောင်နိုင်ပါစေလို့ ဆုတောင်းရင် အားပေးကြည့်ရှုစေချင်ပါတယ်။
 
 
ပြည်မြို့က နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားဖြစ်တဲ့ “N Oo L” က ဂီတတဲ့ မစိမ်းတဲ့သူပါ။ ဖခင်က Lead ဂစ်တာသမားမို့ ငယ်စဉ်ထဲက အဖေနဲ့လိုက်ပြီး စတူဒီယိုတွေထဲထိ သီချင်းတွေ ဆိုဖူးပါတယ်။ 
 
 
စင်ပေါ်မှာ သူသီချင်းစဆိုလိုပြီဆိုတာနဲ့ ကျားပေါက် က ကိုအငဲကြီးလို့ ရုတ်တရက် ထပြောလိုက်ပါတယ်။ ဟုတ်ပါတယ် တေးရေး ဇဝါ ရေးစပ်ပြီး အငဲ သီဆိုထားတဲ့ ‘အနိုင်နဲ့ပိုင်း’ သီချင်းကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ 
 
 
 
ဒီနေ့ညအတွက် ဒုတိယမြောက် အင်္ဂလိပ်သီချင်းတစ်ပုဒ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူက ဇီဝဓါတု ဂုဏ်ထူးတန်း ကျောင်းသားလေး “Biko” ပါ။ သီချင်းဆိုပြိုင်ပွဲအတွေ့အကြုံရှိဖူးသူလည်းဖြစ်ပါတယ်။
 
 
The Voice Myanmar ရဲ့ Winner တစ်ယောက်ဖြစ်လာအောင် အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတဲ့ “Biko” က Sam Smith ရဲ့ “Writing’s On The Wall” သီချင်းနဲ့ ယှဉ်ပြိုင်လို့ နည်းပြတွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။ အရမ်းခက်တဲ့ သီချင်းကိုမှ ရွေးချယ်မိခဲ့တဲ့ “Biko” နည်းပြတွေ ရွေးချယ်တာ ခံရပါ့မလား..?
 
 
 
Season 1 မှာ ဖောင်တင်တာ နောက်ကျသွားခဲ့ပြီး ပြိုင်ခွင့်မရခဲ့တဲ့ နောက်ထပ် အမျိုးသမီး ပြိုင်ပွဲဝင်ကတော့ “June Rose” ပါ။ ကိုယ်တိုင်လည်း ဂီတာတီးတတ်သူဖြစ်ပြီး လက်ရှိမှာတော့ မသန်မစွမ်းသူတွေ ဖန်တီးလုပ်ကိုင်ထားတဲ့ လက်မှုထည်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ကိုင်နေပါတယ်။
 
 
Avril Lavigne ရဲ့  “My Happy Ending” ကို “June Rose” က ကိုယ်ပိုင်ဟန်နဲ့ ဘယ်လို ယှဉ်ပြိုင်သွားခဲ့လဲဆိုတာ အားပေးကြည့်ရှုပါဦး။
 
 
 
အခုနောက်ဆုံးတစ်ယောက်ကတော့ နည်းပြတွေ အားလုံးကို ဘက်ပေါင်းစုံကနေ အရမ်းအံ့သြသွားအောင် လုပ်ပြသွားနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ သူကတော့ လက်ရှိ မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာသည်တွေကြားမှာ ဖက်ရှင်ဒီဇိုင်းအလုပ်ကို လုပ်ကိုင်နေရင်း ရေပန်းစား အောင်မြင်မှုတွေရနေတဲ့ ဒီဇိုင်နာ “Judson Fish” ဖြစ်ပါတယ်။
 
 
တေးရေး အယ်ဖြူ ရေးသားပြီး အယ်နောင်း သီဆိုထားတဲ့ “မင်းမရှိရင်မဖြစ်လို့” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အဆိုတော်ဖြစ်ချင်ခဲ့ပေမယ့် ဘဝပေးအခြေနေအရ ဖက်ရှင်ဒီဇိုင်နာဖြစ်လာခဲ့ပြီး အခုချိန်မှာ မပြည့်ဝသေးတဲ့ သူ့ရဲ့ဆန္ဒအိပ်မက်ကို The Voice Myanmar မှတ်ကျောက်မှာ လာရောက် အစမ်းသပ်ခံခဲ့တာဖြစ်ပါတယ်။ 
နည်းပြတွေအားလုံး စက်ခလုပ်နှိပ် လှည့်လာပြီး သူ့ကို တွေ့လိုက်ရချိန်မှာ ဖြစ်ပျက်သွားတဲ့ ခံစားမှု၊ အံ့သြမှုတို့က ပရိသတ်တွေအားလုံးကို နားမလည်သွားလောက်အောင် ဖြစ်သွားခဲ့ပါတယ်။ 
 
 
နည်းပြတွေ အားလုံးနဲ့ ရင်းနှီးနေတဲ့ “Jydson Fish” ဘယ်သုံးယောက်ကို ရှေ့မျက်နှာနောက်ထားပြီး ဘယ်တစ်ယောက်ကို ရွေးချယ်သွားမလဲဆိုတာ ကြည့်ရှုရင်း ဒီတစ်ပတ် Blind Audition ဒီမှာတင် အဆုံးသတ်လိုက်ပါရစေ။
 
 
 
နောက်လာမယ့် တနင်္ဂနွေနေ့ Blind Audition ၅ ပတ်မြောက်မှာ ဘယ်လို ပြိုင်ပွဲဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်ဦးမလဲ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ အသစ်တွေ ရှိလာဦးမလဲဆိုတာ The Voice Myanmar နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို ဦးဦးဖျားဖျား ဖော်ပြပေးနေတဲ့ Official Facebook Page The Voice Myanmar ကို LIKE & See First လုပ်ထားပြီး သတင်းတွေ မပြတ်တမ်းရယူလိုက်ပါ။
 

News