News

နည်းပြတွေအားလုံး အကြပ်ရိုက်တဲ့ Blind Audition နောက်ဆုံးည

31 Mar 2019

1,494 Views


The Voice Myanmar ရဲ့  Blind Audition နောက်ဆုံးညကတော့ နည်းပြတွေအတွက် နဲနဲခေါင်းစားတဲ့ ညတစ်ညဖြစ်ပါတယ်။ အဖွဲ့သား (၁၀)ယောက်စီ ရရှိထားပြီးကြတာမို့ နည်းပြတစ်ယောက်ကို နောက်ထပ် ပြိုင်ပွဲဝင် (၂)ဦးပဲ ရွေးချယ်ခွင့်ရှိတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အလားအလာကောင်းတဲ့ ပြိုင်ပွဲဝင်ကိုသာ ထိထိမိမိ သေသေချာချာ ဆုံးဖြတ်ပြီး ရွေးချယ်ဖို့ အရေးကြီးနေကြပါပြီ။ ဒီနေ့ညမှာတော့ အရင်ညတွေကလို နည်းပြတွေဆီက တစ်ဒိုင်းဒိုင်းနဲ့ နှိပ်ပြီး ရွေးချယ်ခံရမှုမျိုးကိုတော့ ပြိုင်ပွဲဝင်တွေ မျှော်လင့်လို့ မရနိုင်တော့ပါဘူး။ နည်းပြတွေကိုယ်တိုင်လဲ ကျဉ်းထဲကြပ်ထဲ ရောက်နေပါတယ်။
 
ဒီနေ့ညရဲ့ ပွဲဦးထွက်အဖွင့်ကို သီချင်းမြူးမြူးလေးနဲ့  သီဆိုယှဉ်ပြိုင်ခဲ့သူက “အေးသဇင်မောင်” ပါ။ အနုပညာအလုပ်ကို ငယ်ငယ်ထဲက ဝါသနာပါခဲ့တာကြောင့် လက်ရှိမှာ နိုင်ငံခြားရုပ်သံ ဇာတ်လမ်းတွဲတွေမှာ အသံနဲ့ သရုပ်ဆောင်သူအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ‘ကြမ္မာရဟတ်’ ဆိုတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲကို ကြည့်ဖူးသူတွေအနေနဲ့တော့ သူမရဲ့အသံကို ပြန်လည်မှတ်မိကောင်း မှတ်မိကြမှာပါ။
 
 
မြန်မာသံစဉ်တေးတွေကိုလည်း ခုံခုံမင်မင် သီဆိုခဲ့ဖူးတဲ့ သူမက ဒီနေ့ညမှာတော့ တေးရေး စောခူဆဲ ရေးစပ်ထားတဲ့ “ကြင်နာချင်လွန်းလို့” ဆိုတဲ့ သီချင်းလေးနဲ့ နည်းပြတွေနဲ့ ပရိသတ်တွေကို မြူးကြွလန်းဆန်းစေခဲ့ပါတယ်။ နည်းပြ ၄ ယောက်လုံးကတော့ လှုပ်လှုပ်ရှားရှားတွေ ဖြစ်နေပါပြီ၊ တစ်ယောက်ယောက်ကတော့ ကျိမ်းသေလှည့်မှာ သေချာသလောက်ရှိနေပါတယ်။ ဘယ်သူဖြစ်မလဲဆိုတာကပဲ ပိုပြီးစိတ်ဝင်စားစရာပါ..။
 
 
 
The Voice Myanmar ကို ဝင်ပြိုင်ချင်လွန်းလို့ ဟိုး..အဝေးကြီး ကလေးမြို့ကနေ လာရောက်ယှဉ်ပြိုင်ခဲ့သူက “Kim Kim” ဆိုတဲ့ ချင်းတိုင်းရင်းသူလေး ဖြစ်ပါတယ်။ သီချင်းဆိုတာကို အရူးအမူးဝါသနာပါပြီး YouTube ကနေတစ်ဆင့် အသံလေ့ကျင့်တဲ့ ဗီဒီယိုတွေကြည့်ပြီး ကိုယ်တိုင်သင်ယူ လေ့လာခဲ့တဲ့သူလည်းဖြစ်ပါတယ်။
 
 
တေးရေး ဖိုးအီ ရဲ့ “ရပါတယ်” ဆိုတဲ့ သီချင်းကို ရိုးသားပွင့်လင်းတဲ့ တိုင်းရင်းသူအသံ ဝဲဝဲလေးနဲ့ ချစ်စရာကောင်းအောင် သီဆိုပြသွားတာဟာ သောတအာရုံမှာ ရသတစ်မျိုး ခံစားလိုက်ရပါတယ်။ “Kim Kim” ရဲ့ အသံလေးနဲ့ ‘ရပါတယ်.. ရပါတယ်’ ဆိုတဲ့ CHO(ကိုးရက်စ်)ပိုဒ်လေးက ဘယ်လောက်တောင် ထိထိမိမိဖြစ်သွားတယ်ဆိုတာ ကိုယ်တိုင် နားဆင်အားပေးပါဦး။
 
 
 
အပြင်ပတ်ဝန်းကျင်မှာသာ မှိုလိုပေါက်အောင် ပေါများနေပေမယ့် သီချင်းဆိုပြိုင်ပွဲတွေမှာတော့ ရွှေထက်ရှားတဲ့ Hip Hop ဂီတအမျိုးအစားနဲ့ ယှဉ်ပြိုင်မယ့်သူက ပြင်လွင်ဦးမြို့က “Triz” ဖြစ်ပါတယ်။ Hip Hop ရဲ့ ဒုတိယမျိုးဆက် သီချင်းတွေကြားမှာ ကြီးပြင်းရင်း Hip Hop ကို ငယ်စဉ်ထဲက ရူးသွပ်ခဲ့သူပါ။
 
 
The Voice Myanmar ရဲ့ နည်းပြကြီး ‘ရန်ရန်ချန်း’ ကို အားကိုးပြီး လာပြိုင်တယ်လို့ သိရပါတယ်။ G Tone, Pyi Thar, Thuta ill တို့ ပူးပေါင်းရေးဖွဲ့ထားတဲ့ “အမေ့သား” သီချင်းကို Hip Hop beat တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ချပြသီဆိုသွားခဲ့ပါတယ်။ “Triz” မျှော်လင့်ထားသလို ရန်ရန်ချန်း ကရော သူ့ကို စိတ်ဝင်စားနိုင်ပါ့မလား..?
 
 
 
Freelance Social Worker အနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကရင်အမျိုးသမီးလေး “ဟာဆေးလာ” ကလည်း အဆိုပညာပိုင်းမှာ ရော့ခ်ကာကြီးဖြစ်တဲ့ ဖခင်ကိုယ်တိုင်က ယုံကြည်အားထားရတဲ့ သမီးဖြစ်ပါတယ်။
 
 
သီချင်းဆိုပြိုင်ပွဲတွေမှာ အများဆုံး သီဆိုယှဉ်ပြိုင်တတ်တဲ့ ‘Girl On Fire’ ကို သူမရဲ့ ပင်ကိုယ်ဟန်နဲ့ သီဆိုခဲ့ပါတယ်။ အင်္ဂလိပ်သီချင်းတွေနဲ့ ယှဉ်ပြိုင်ရင် ရွေးချယ်ဖို့ အလာအလာများပြီး စိတ်လှုပ်ရှားနေတတ်တဲ့ ကျားပေါက် နဲ့ နီနီခင်ဇော် တို့ “ဟာဆေးလာ” ကို လုကြရဦးမလား ဒါမှမဟုတ် အိမ်ပြန်သွားရမလား ဆိုတာကတော့.. ဆက်လက်ကြည့်ရှုကြပါဦး။
 
 
 
အသက်က ၁၇ နှစ်သာရှိသေးပေမယ့် ချစ်ခြင်းမေတ္တာ အားကောင်းလွန်းတဲ့ “ရွယ်ဆန်” ဟာ ကချင်ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေကို ရန်ကုန်မြို့ကအိမ်မှာ အတူတူခေါ်ထားပြီး စာသင်ပေးနေသူလည်းဖြစ်ပါတယ်။ Blind Audition မှာတော့ သူမရဲ့ စိတ်ဆန္ဒနဲ့ ကိုက်ညီတဲ့ သီချင်းတစ်ပုဒ်ကို သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။
 
 
တေးရေး မောင်သစ်မင်း ရေးစပ်ပြီး ဦးကျော်ဟိန်း က စလို့ နာမည်ကြီးအဆိုတော် အတော်များများ ပြန်လည်သီဆိုခဲ့ကြတဲ့ “စဉ်းစားကြ” သီချင်းဖြစ်ပါတယ်။ စိတ်နှလုံးသားလှသလို အသံပိုင်းမှာရော ထူးခြားမှုရှိရဲ့လားဆိုတာ ခံစားနားဆင်ကြည့်ပါဦး။
 
 
 
သီချင်းဆိုပြိုင်ပွဲတွေမှာ တာဝန်ကြီးပြီး မူရင်းအဆိုတော်ကြီးရဲ့ အရှိန်အဝါကြောင့် ပြိုင်ပွဲဝင်အတော်များများ လက်ရှောင်တတ်ကြတဲ့ ထူးအိမ်သင် ရဲ့ သီချင်းတစ်ပုဒ်နဲ့ ယှဉ်ပြိုင်ခဲ့သူက ဧရာဝတီတိုင်း ပန်းတနော်သားလေး “ပိုင်စိုး” ပါ။
 
 
တေးရေး မြင့်မိုးအောင် ရဲ့ လက်ရာ “လေလွင့်ခြင်းလမ်းမများ” က ခံစားသက်ဝင်မှု ကောင်းကောင်းထည့်နိုင်မှ သီချင်းရဲ့ အဓိပ္ပါယ်နဲ့ ရသကို ပိုမိုပေါ်လွင်စေတာမို့ “ပိုင်စိုး”ရဲ့ အသံနဲ့ ခံစားမှုကရော နည်းပြတွေရဲ့ ရင်ကို ညိစေနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာရှိပါတယ်။ 
 
 
 
နည်းပြတွေထဲက တစ်ယောက်ယောက်ကတော့ လှည့်ကြည့်မှာပဲလို့ မပြိုင်မီထဲက အသေအချာ ယုံကြည်ထားသူက “Ester Moon Mai” ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကနေ ရန်ကုန်မှာ ရူပဗေဒအထူးပြုနဲ့ တက္ကသိုလ်လာတက်နေသူ ဖြစ်ပါတယ်။ 
 
 
မိသားစုတွေ သိပ်အားမပေးတဲ့ကြားကနေ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ The Voice Myanmar ကို ရောက်လာခဲ့တာက ချီးကျူးစရာပါ။ “I’m Yours” ဆိုတဲ့ သီချင်းကို ကလေးသံလေးနဲ့ သီဆိုသွားရာမှာ နည်းပြတွေအားလုံးကို လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့ပါတယ်။ ပြိုင်ပွဲဝင် ဘယ်သူလဲဆိုတာ ကြည့်ချင်လွန်းလို့ စက်ခလုပ်ပေါ် နည်းပြတွေရဲ့ လက်တွေ ဝဲနေကြတာ ရင်ခုန်စရာကြီးပါပဲ..။
 
 
 
Blind Audition တစ်ပတ်မှာ အနည်းဆုံး ပြိုင်ပွဲဝင် တစ်ယောက်ဆိုသလို ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနှင့်နေပြီးသားတွေ ပါလာတတ်ပါတယ်။ “မြတ်နိုးသွယ်” ကလည်း သူတို့တွေထဲက တစ်ယောက်ပါ။ မန္တလေးမှာ Unplugged ဝိုင်းတွေ သီဆိုရင်း ပရိသတ်အထိုက်အလျှောက် ရှိထားပြီးသူလည်း ဖြစ်ပါတယ်။
 
 
တေးရေး ဆရာစောခူဆဲ ရဲ့ အောင်မြင်ကျော်ကြားတဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ “အချစ်ကြောင့်” ဆိုတဲ့ သီချင်းနဲ့ ရွေးချယ်ယှဉ်ပြိုင်ခဲ့ပါတယ်။ သီချင်းဆိုဖူးတဲ့ အတွေ့အကြုံနဲ့ သဘာက စင်ပေါ်ရောက်ရင် ဖုံးကွယ်လို့ မရပါဘူး၊ ပရိသတ်တွေနဲ့ အပေးအယူအခေါ်အပြောတွေလုပ်ပြီး သီဆိုသွားတာက ယှဉ်ပြိုင်တယ်ဆိုတာထက် ဖျော်ဖြေနေတယ်လို့ ပိုပြီးခံစားရစေပါတယ်။ 
 
 
 
မန္တလေးမြို့ကနေ The Voice Myanmar ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင် ဖောင်ဖျက်ခဲ့သလိုမျိုး ရောက်လာခဲ့တဲ့သူက “ခိုင်ဈာန်” ဖြစ်ပါတယ်။ မိဘတွေကလည်း သူဝါသနာပါတဲ့ ဂီတကို အားပေးကြသူတွေဖြစ်လို့ တစ်နေရာရာကိုတော့ ရောက်အောင် ကြိုးစားဖို့ ဆုံးဖြတ်ထားသူပါ။
 
 
ဆရာမင်းချစ်သူ ရေးစပ်ပြီး ရင်ဂို သီဆိုအောင်မြင်ခဲ့တဲ့ “ကံကောင်းခြင်းလက်ဆောင်” နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ “ခိုင်ဈာန်” ကံကောင်းခြင်းတွေ ယူဆောင်သွားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
 
 
 
The Voice Myanmar ရဲ့ Blind Audition နောက်ဆုံးညကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ နည်းပြတစ်ယောက်ချင်းစီမှာလည်း အသင်းသား (၁၂)ယောက်စီနဲ့ နောက်တစ်ဆင့် Battle Round ကို တက်လှမ်းသွားခဲ့ကြပါပြီ။
နောက်တစ်ပတ် ပြသမယ့် ပထမဦးဆုံး Battle Round မှာ ဘယ်သူတွေက အပြိုင်အဆိုင်သီဆိုကြမလဲ ဆိုတာ ရင်ခုန်စရာပါ။ ဒါ့အပြင် The Voice Myanmar Season 2 မှာ Knock Out Round တစ်ခု ထပ်မံပါဝင်လာတာကြောင့် Battle Round မှာ ရှုံးနိမ်းသွားသူတွေကို ဘယ်နည်းပြကတွေက အိမ်ပြန်မလွှတ်သေးပဲ ဝိုင်းဆွဲ(Steal)ထားကြမလဲဆိုတာ ပို၍ပို၍ ရင်ခုန်စရာကောင်းပါတယ်။
 
The Voice Myanmar ရဲ့ သတင်းတွေကို အစောဆုံး တင်ဆက်ပေးနေတဲ့ Official Facebook Page ဖြစ်တဲ့ The Voice Myanmar ကို Like & See First လုပ်ထားဖို့လည်း မမေ့ကြနဲ့ဦးနော်..။
Battle Rounds တွေနဲ့အတူ နောက်တစ်ပတ် တနင်္ဂနွေနေ့ MRTV 4 ချန်နယ်မှာ ပြန်ဆုံကြရအောင် ..။
 

News