News

Battle Round စစ်စစ်ကို ခံစားတွေ့မြင်ရမယ့် ဒုတိယမြောက် Battle Round

21 Apr 2019

1,425 Views


သင်္ကြန်ရက်တွေမှာ ထုတ်လွှင့်မှုတစ်ပတ်နားလိုက်လို့ The Voice Myanmar ကို မျှော်နေကြတဲ့ ပရိသတ်တွေအနေနဲ့ ဒီနေ့ညမှာ Battle Round ယှဉ်ပြိုင်မှု ဒုတိယပိုင်းကိုကြည့်ပြီး စောင့်မျှော်ရကြိုး နပ်ခဲ့ကြမယ်ဆိုတာ သေချာပါတယ်။
ဒီနေ့ညရဲ့ Battle Round မှာ ထူးခြားမှုတွေအပြင် နည်းပြတွေကိုယ်တိုင်တောင် မသိတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ဖန်တီးမှုအသစ်တွေ ပါဝင်ခဲ့ပါတယ်။
 
အခုလို လက်မလွတ်သင့်တဲ့ Battle Round ကို အကြောင်းအမျိုးမျိုးကြောင့် တီဗီအစီစဉ်ကနေ မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် ရုပ်သံတွေနဲ့အတူ တစ်နေရာထဲမှာတင် အားလုံးကြည့်ရှုနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။
 
Battle Round ဒုတိယအပတ်မှာ ပထမဦးဆုံး ယှဉ်ပြိုင်ခဲ့တာကတော့ Team R ZarNi ‘အာဇာနည်’ ရဲ့ အဖွဲ့သား နှစ်ယောက်ဖြစ်ပါတယ်။ The Voice Myanmar က ရုပ်ချောဖို့မလိုဘူးဆိုလို့ လာပြိုင်တာလို့ Blind Audition မှာ ပြောခဲ့ဖူးတဲ့ “အောင်နိုင်မင်း” နဲ့ အသံပါဝါအားကောင်းတဲ့ “ဟာဆေးလာ” တို့နှစ်ဦးကို တွဲပေးထားပါတယ်။ 
 
 
ယှဉ်ပြိုင်ရမယ့်သီချင်းက တေးရေး မောင်သစ်မင်း ရဲ့ “ကြိုးပုခက်၌ငြိတွယ်ခြင်း” ဖြစ်ပါတယ်။ ဗယ်လင်တိုင်းအခွေတွေ ခေတ်ကောင်းခဲ့စဉ်က ထွက်ရှိခဲ့တဲ့ ‘မဒီ’ နဲ့ ‘အငဲ’ တို့ရဲ့ စုံတွဲ သီချင်းကောင်းလေးပါ။ အော်ရီဂျင်နယ်က မိုက်ကယ်ဂျက်ဆင်ရဲ့ တေးသွားဖြစ်လို့ ဆိုရခက်တဲ့ သီချင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။
 
 
Blind Audition မှာ “အောင်နိုင်မင်း” က ‘ချစ်ဒေါသမီး’ သီချင်းကို အသံကာလာ လှလှနဲ့ ယှဉ်ပြိုင်သွားခဲ့သလို “ဟာဆေးလာ” ကလည်း ‘Girl On Fire’ ကို အသံပါဝါအားကောင်းကောင်းနဲ့ ဟစ်ကြွေးပြခဲ့သူပါ။ အခုတစ်ခေါက် “ကြိုးပုခက်၌ငြိတွယ်ခြင်း” သီချင်းမှာ ဘယ်သူက နည်းပြ ‘အာဇာနည်’ ရဲ့  အာရုံကိုပိုပြီး ဖမ်းစားနိုင်ခဲ့တယ်ဆိုတာ ကြည့်လိုက်ကြရအောင်။
 
 
 
ဒုတိယယှဉ်ပြိုင်သွားတဲ့ အတွဲကတော့ ‘နီနီခင်ဇော်’ ရဲ့ အဖွဲ့ဖြစ်ပါတယ်။ သီချင်းအေးအေးလေးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ သီဆိုတတ်တဲ့ “ခွန်းဝတီပြည့်” နဲ့ မြူးမြူးကြွကြွသီချင်းတွေကို ပါဖောင့်မန့်တွေအပြည့်နဲ့ သီဆိုတတ်တဲ့ “အေးသဇင်မောင်” တို့ မိန်းကလေးနှစ်ယောက်ကို တွဲပေးထားပါတယ်။ 
 
 
သီချင်းပုံစံခြင်း ဆန့်ကျင်ဘက်ဖြစ်တဲ့ အတွဲအတွက် ‘နီနီခင်ဇော်’ ရွေးပေးထားတဲ့ သီချင်းက “ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး”။ 
ရက်စက်လိုက်တာလို့ ပြောရမလောက်အောင် ဒီသီချင်းက တစ်ကယ်ခက်တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ဟာမိုနီတွေနဲ့ အသံကစားတာတွေ ပြည့်နှက်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
 
 
အခက်ဆုံးအပိုင်းကတော့ နောက်ဆုံးမှာ မတူတဲ့သီချင်းစာသား တစ်မျိုးစီကို မယ်လိုဒီတစ်ခုထဲမှာ ပြိုင်တူသီဆိုရတာဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်လုံး ထောင်ချောက်တွေနဲ့ ပြည့်နှက်နေတာမို့ နဲနဲလေးမှ အမှားမခံတဲ့ သီချင်းဖြစ်ပါတယ်။ “ခွန်းဝတီပြည့်” နဲ့ “အေးသဇင်မောင်” တို့ ဒီသီချင်းကို အတွဲညီညီ သီဆိုနိုင်ပါ့မလားဆိုတာကို နည်းပြတွေကိုယ်တိုင် ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ခဲ့ရတဲ့ အလှည့်လဲဖြစ်ပါတယ်။
 
 
 
Battle Round ဆိုတာ ဘာလဲဆိုတာကို ဒီနေ့ညမှာ ‘ရန်ရန်ချန်း’ က ပရိသတ်တွေကို ချပြပေးသွားပါတယ်။ Blind Audition မှာ ရှားရှားပါးပါး ရွေးချယ် ရရှိခဲ့တဲ့ ရက်ပ်ပါနှစ်ယောက် “Triz” နဲ့ “ယမုံ” တို့ကို တွဲပေးလိုက်ပါတယ်။
 
 
ရက်ပ်ပါ ရဲ့ အရည်အချင်းစစ်စစ်ကို ဖော်ထုတ်ချင်တာကြောင့် မယ်လိုဒီဘိဒ် တစ်ခု ချပေးလိုက်ပြီး တစ်ယောက်ခြင်းစီရဲ့ ကိုယ်ပိုင်စားသားတွေ သွပ်သွင်းစေခဲ့ပါတယ်။ ဒါ့အပြင် သီချင်းတိုက်ရာမှာလည်း သီခြားစီ ခွဲထုတ်လိုက်တာမို့ ဘယ်သူဘာဆိုမလဲဆိုတာ သူတို့နှစ်ယောက် လုံးဝ သိခွင့်မရကြပါဘူး။
 
 
စင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် သူဘာဆိုမလဲ ဆိုတာ မသိပဲ ယှဉ်ပြိုင်ကြရတာလောက် Battle စစ်တာ ရှိမှာမဟုတ်တော့ပါဘူး။ အဆုံးသတ်အပိုဒ်ကိုတော့ Acid အဖွဲ့ရဲ့ စတင်းခြင်းလေးနဲ့ အနာသတ်ပေးထားလို့ အရမ်းကို လှပတဲ့ အစီစဉ်လေးဖြစ်ခဲ့ပါတယ်။ “ရန်ရန်ချန်း” ဘယ်တစ်ယောက်ကို ရွေးချယ်မလဲ..? ကျန်ခဲ့တဲ့ တစ်ယောက်ကို အခြားနည်းပြတွေကရော ဒီအတိုင်းကြည့်နေလိုက်မှာလား ဆိုတာ...။
 
 
 
ပရိသတ်တွေ အားပေးမှုအများဆုံး ပြိုင်ပွဲဝင်တွေ ရှိနေတဲ့ “ကျားပေါက်” ရဲ့ အဖွဲ့ထဲက “C Ko” နဲ့ “ဖြိုးထက်ကို” တို့နှစ်ယောက်ကို Battle Round အတွက် တွဲပေးလိုက်ပါတယ်။ Rock သီချင်းတွေကို ခုံမင်တဲ့နှစ်သက်ကြတဲ့ သူချင်းမို့ ဘက်ညီတဲ့ အတွဲအဖြစ် တွေ့ကြရမှာပါ။
 
 
Blind Audition တုန်းက ဆံပင်အနက်ရောင် အရှည်နဲ့ “C Ko” ရဲ့ အသွင်ပြင်သစ်က Battle Round မှာ ပရိသတ်တွေကို မျက်စိလည်သွားစေပါတယ်။ သူတို့နှစ်ယောက်အတွက် သီချင်းကတော့ တေးရေး မြင့်မိုးအောင် ရေးစပ်တဲ့ “မြစ်နှစ်စင်းရဲ့ပင်လယ်” ဖြစ်ပါတယ်။
 
 
ဒီတစ်ခေါက် Battle က သီချင်းတွေဟာ ဂီတလောကမှာ ရွှေရောင်လွှမ်းခဲ့ဖူးတဲ့ ၁၉၉၀ ခုနှစ်များဆီက သီချင်းအကောင်းစားတွေကို ပြန်လည်ဖော်ထုတ်လာတယ်လို့ ခံစားလိုက်ရပါတယ်။ “မြစ်နှစ်စင်းရဲ့ပင်လယ်” သီချင်းဟာ နွဲ့ယဉ်ဝင်း နဲ့ တင်ဇာမော် က စလို့ နည်းပြတွေဖြစ်ကြတဲ့ အာဇာနည်၊ နီနီခင်ဇော် တို့ကိုယ်တိုင် ထိတွေ့ခဲ့ဖူးတဲ့ သီချင်းကောင်းလေးဖြစ်ပါတယ်။
Battle မှာ “C Ko” နဲ့ “ဖြိုးထက်ကို” တို့ရဲ့ ဗားရှင်းလေးကို နားဆင်အားပေးရင် ဘယ်သူများ နောက်တစ်ဆင့်တက်သွားမလဲဆိုတာ ရင်ခုန်ကြပါစို့..။
 
 
 
Blind Audition မှာ သီချင်းအေးအေးလေးတွေ ယှဉ်ပြိုင်ခဲ့ကြတဲ့ “ဟိန်းဇော်လင်း” နဲ့ “ဇေရဲပိုင်” တို့ကို နောက်ထပ်အတွဲတစ်တွဲအဖြစ် “ရန်ရန်ချန်း” ပွဲထုတ်လာပါတယ်။
 
 
သူတို့နှစ်ယောက်လုံးနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် စီစဉ်ထားတဲ့ သီချင်းကတော့ မိန်းကလေးတွေ ကြွေကျသွားစေနိုင်တဲ့ စာသားမျိုးတွေ ရေးစပ်တတ်သူ တေးရေး/ဆို ‘လင်းနစ်’ ရဲ့ “နှစ်သိမ့်တေး” ဖြစ်ပါတယ်။
 
 
အဆွေးသီချင်းလေးတွေ ကြိုက်တာခြင်းတူကြပေမယ့် အသံကာလာ လုံးဝ မတူကြတဲ့ သူတို့နှစ်ယောက်အနေနဲ ဒီသီချင်းရဲ့ အသက်ဖြစ်တဲ့ ခံစားသက်ဝင်မှုကို ရောက်အောင် သီဆိုယှဉ်ပြိုင်နိုင်ဖို့က အရေးကြီးနေပါတယ်။ ပရိသတ်တွေအကြိုက်နဲ့ “ရန်ရန်ချန်း” ရဲ့အကြိုက် တထပ်တည်းကျနိုင်ပါ့မလား..။
 
 
 
ဒီတစ်ပတ် Battle Round ရဲ့ နောက်ဆုံး ယှဉ်ပြိုင်ဖို့ အတွဲတစ်တွဲအဖြစ် ‘နီနီခင်ဇော်’ က သူ့ရဲ့အဖွဲ့ထဲက Power House လို့ တင်စားရတဲ့ “မယ်လိုဒီခေါင်” နဲ့ “ဟေဇယ်လ်” တို့နှစ်ဦးကို တွဲပေးခဲ့ပါတယ်။ သူကိုယ်တိုင်က ရွေးချယ်ရခက်တဲ့ အသံပိုင်ရှင်နှစ်ယောက်ကို ထိပ်တိုက်တွေ့ပြီး ဆုံးဖြတ်ချင်တာကြောင့်လည်း ဖြစ်ပါတယ်။
 
 
“မယ်လိုဒီခေါင်” နဲ့ “ဟေဇယ်လ်” တို့ နှစ်ယောက်စလုံးဟာ ပြိုင်ပွဲအတွေ့အကြုံရှိကြသူတွေပီပီ အဆိုပညာပိုင်မှာလည်း အထာနပ်နေကြတဲ့ သူနှစ်ဦးဖြစ်လို့ အကျိတ်အနယ် ယှဉ်ပြိုင်ရမယ့် အလှည့်ဖြစ်ပါတယ်။ 
တေးရေး ရွှေဂျော်ဂျော် ရဲ့ “သိပ်ချစ်ရင်ခါးမယ်” သီချင်းကို ရွေးချယ်ပေးထားပါတယ်။
 
 
ဒီနေ့ညမှာ နောက်ဆုံးပိတ်အိတ်နဲလွယ်မယ့်တစ်ယောက်ကို ‘နီနီခင်ဇော်’ အနေနဲ့ ရွေးချယ်ဖို့ အင်မတန်ခက်ခဲမယ်ဆိုတာ သူတို့နှစ်ယောက် ကြိုးဝိုင်းထဲမှာ အပြန်အလှန်ဟာကွက် မရှိအောင် သီချင်းစတင်သီဆိုလိုက်ကတည်းက ရိပ်မိလိုက်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ တစ်ယောက်ကိုတော့ “နီနီ” ကျိမ်းသေပေါက် ရွေးချယ်ရတော့မှာပါ.. ဘယ်သူများဖြစ်လာမလဲ..?
 
 
Battle Round ယှဉ်ပြိုင်မှု ဒုတိယအပတ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီနေ့မှာ နည်းပြတွေရဲ့ ရွေးချယ် ဆုံးဖြတ်မှုတွေအပေါ် ပရိသတ်တွေ အားလုံး ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တပတ် တနင်္ဂနွေနေ့ Battle Round တတိယအပတ်မှာ ဘယ်သူတွေကို တွဲပေးပြီး ဘာသီချင်းတွေနဲ့ ယှဉ်ပြိုင်ကြဦးမလဲဆိုတာ MRTV 4  ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
 
The Voice Myanmar ရဲ့ သတင်းတွေကို အစောဆုံးဖော်ပြပေးနေတဲ့ Official Page ဖြစ်တဲ့ The Voice Myanmar Facebook Page ကိုလည်း Like & See First လုပ်ထားဖို့ မမေ့ပါနဲ့နော်။
 

News