News

ပြိုင်ပွဲဝင်တွေကို အရှုံးပေးပါတယ်ဆိုတဲ့ Battle Round နောက်ဆုံးည

5 May 2019

1,460 Views


အခုတစ်ပတ်ကတော့ The Voice Myanmar ရဲ့ Battle Round နောက်ဆုံးညဖြစ်လို့ အဖွဲ့ (၄)ခုထဲက နောက်ဆုံးလက်ကျန် ပြိုင်ပွဲဝင် ၁၂ ယောက်တို့ နောက်ထပ်တစ်ဆင့် တက်ဖို့အတွက် အကြိတ်အနယ် သီဆိုယှဉ်ပြိုင်ခဲ့ကြရပါတယ်။
 
ယနေ့ည ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေထဲမှာ ပရိသတ်အားပေးမှုများပြီး အလားအလာကောင်းတဲ့ ပြိုင်ပွဲဝင်တွေလည်း ပါနေပါတယ်။ ပြိုင်ပွဲရဲ့ ထုံးစံအတိုင်း အရှေ့မှာ ဘယ်လောက်ကောင်းကောင်း လက်ရှိသီဆိုမှုပေါ်မှာပဲ ဆုံးဖြတ်ရတာဖြစ်လို့ တတ်နိုင်သလောက် အမှားအယွင်း ကင်းဖို့လည်း လိုပါတယ်။
နည်းပြတွေရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့ ‘STEAL’ ကလည်း သူတို့ကိုယ်စီမှာ လက်ကျန်နဲနေပြီဖြစ်လို့ ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ဘယ်သူတွေကို ကယ်ဆယ် သွားမလဲဆိုတာကလည်း ရင်းခုန်စရာကောင်းပါတယ်။ 
 
ဒီနေ့ရဲ့ ပွဲဦးထွက် ယှဉ်ပြိုင်သွားကြတာကတော့ အာဇာနည် ရဲ့ အသင်းက ‘Paul Austin’ နဲ့ ‘Ester Mai’ တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးက Blind Audition မှာ အင်္ဂလိပ်သီချင်းတွေနဲ့ ယှဉ်ပြိုင်ရင်း ရွေးချယ်ခံခဲ့ရသူတွေဖြစ်ပါတယ်။
 
 
ဒါကြောင့်မို့ အာဇာနည် က သူတို့နှစ်ယောက်အတွက် အလိုက်ဖက်ဆုံး သီချင်းဖြစ်မယ့် “You Are The Reason” သီချင်းကို Battle Round အတွက် စီစဉ်ပေးထားပါတယ်။
 
 
‘Paul Austin’ ဟာ Blind Audition တုန်းကဆိုရင် ‘နီနီခင်ဇော်’ ကို မျက်ရည်တွေ ဝေ့ဝဲတက်လာစေတဲ့ထိ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ သီဆိုနိုင်ခဲ့ပါတယ်။ ‘Ester Mai’ ကလည်း တက်ကြွလန်းဆန်းနဲ့ အသံနဲ့ မြူးမြူကြွကြွ သီဆိုနိုင်ခဲ့တာကြောင့် သီချင်းတစ်ပိုဒ် မဆုံးခင်မှာပဲ အာဇာနည် က ခလုပ်နှိပ်ပြီး အစောဆုံး ရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင်ဖြစ်ပါတယ်။
“You Are The Reason” သီချင်းက သူတို့အတွက် ဘယ်လိုအဆုံးအဖြတ်တွေ ပေးသွားမလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုပါဦး။
 
 
ဒုတိယယှဉ်ပြိုင်မှုကတော့ ရန်ရန်ချန်း ရဲ့ အဖွဲ့ဝင် နှစ်ဦးဖြစ်ပါတယ်။ အတွဲညီညီ သီဆိုနိုင်မယ်လို့ ယုံကြည်ထားတဲ့ ‘လျှမ်းဝေမြတ်’ နဲ့ ‘Just’ တို့ကို တွဲပေးထားပါတယ်။
 
 
သူ့ရဲ့အဖွဲ့ဝင်တွေကလည်း အင်္ဂလိပ်သီချင်းကို နိုင်နိုင်နင်းနင်းဆိုနိုင်ပါတယ်ဆိုတာ ပြချင်တဲ့ ရန်ရန်ချန်းက “If I Lose Myself” ဆိုတဲ့ သီချင်းလေး သူတို့အတွက် ရွေးချယ်ပေးထားပါတယ်။
 
 
Blind Audition မှာ ‘There’s Nothing Holdin’ Me Back’ နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လျှမ်းဝေမြတ် ရဲ့ အင်္ဂလိပ်သီချင်း ဆိုပုံဆိုဟန်ကို နားထောင်ခဲ့ဖူးပေမယ့် ‘အထီးကျန်ဝိဉာဉ်’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ‘Just’ ရဲ့ အင်္ဂလိပ်သီချင်းသီဆိုမှုကို ဒီညယှဉ်ပြိုင်တဲ့ “If I Lose Myself” သီချင်းမှာ အကဲဖြတ်ကြည့်ကြရမှာပါ..။
 
 
ရန်ရန်ချန်း အဖွဲ့ကပဲ နောက်ထပ် တစ်တွဲအဖြစ် ‘Solomon King’ နဲ့ ‘ရွယ်ဆန်’ တို့ကို ပွဲထုတ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးက Blind Audition မှာကတည်းက နည်းပြတွေကို လှုပ်လှုပ်ရှားရှား ဖြစ်စေနိုင်ခဲ့သူတွေပါ။
 
 
‘ရွယ်ဆန်’ ရဲ့ “စဉ်းစားကြ” သီချင်းက ပရိသတ်နဲ့ နည်းပြတွေကို မြူးကြွစေခဲ့သလို ‘Solomon King’ ရဲ့ “Can’t Help Falling In Love” ဂန္ထဝင်သီချင်းကလည်း ဖြည်းဖြည်းငြိမ့်ငြိမ့်လေးနဲ့ စီးမျောနိုင်စေခဲ့ပါတယ်။
 
 
နှစ်သက်ကြတဲ့ သီချင်းပုံစံ ဘယ်လိုပင်ကွဲကွဲ ရန်ရန်ချန်း သူတို့အတွက် စီစဉ်ပေးလိုက်တဲ့ သီချင်းကြောင့် နှစ်ယောက်စလုံးက ဝမ်းသာအားရဖြစ်ခဲ့ကြပါတယ်။ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတူညီတဲ့ သူတို့နှစ်ယောက် အတူတူယှဉ်ပြိုင်ရမယ့် သီချင်းကတော့ “Hallelujah(ဟာလေးလူးရာ)” သီချင်းဖြစ်ပါတယ်။ 
 
 
ပရိသတ်တွေကို အမြဲထူးထူးခြားခြားလေးတွေ ဖန်တီးပေးတတ်တဲ့ နီနီခင်ဇော် Battle Round မှာ တွဲပေးလိုက်တာက ‘စိုင်းသိင်္ခအောင်’ နဲ့ ‘သွန်း’ တို့ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက အင်္ဂလိပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ကြပြီး ‘သွန်း’ ဆိုရင် မြူးဇစ်ဆရာမလည်း ဖြစ်ပါတယ်။
 
 
သူတို့နှစ်ယောက်အတွက် ရွေးချယ်ထားတဲ့ သီချင်းက တေးရေး ညီညီသွင် ရဲ့ “ရင်ခွင်နန်းတော်” ဖြစ်ပါတယ်။ ဒီသီချင်းဟာ ရုပ်ရှင်ဇာတ်ဝင်သီချင်းဖြစ်ပြီး ရုပ်ရှင်ရော သီချင်းပါ အကြီးအကျယ် အောင်မြင်ခဲ့တာမို့ သူတို့နှစ်ယောက်လုံးအတွက် တာဝန်ကြီးမှာ သေချာပါတယ်။
 
 
အောင်မြင်ကျော်ကြားခဲ့ပြီးသား “ရင်ခွင်နန်းတော်” သီချင်းကို အင်္ဂလိပ်သီချင်းတွေ ဆိုနေကျ ‘စိုင်းသိင်္ခအောင်’ နဲ့ အော်ပရာသီချင်းတွေကိုမှ ပိုပြီးမြတ်နိုးတဲ့ ‘သွန်း’ တို့ ဘယ်လို သီဆိုယှဉ်ပြိုင်သွားကြလဲဆိုတာ..
 
 
“မိန်းကလေးချင်းပဲ တွဲပေးထားတယ်နော်” ဆိုတဲ့ အာဇာနည်က သူ့အဖွဲ့ထဲက နာမည်ဆန်းဆန်းလေးတွေဖြစ်တဲ့ ‘June Rose’ နဲ့ ‘Oram’ တို့ ကို Battle Round နောက်ဆုံးညအတွက် တွဲပေးလိုက်ပါတယ်။
 
 
Blind Audition မှာ ‘June Rose’ က “My Happy Ending” နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ‘Oram’ က ‘ကျောက်စာမျာ’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အကြိုက်ခြင်းသိပ်မတူတဲ့ သူတို့နှစ်ယောက်အတွက် သီချင်းရွေးချယ်ရာမှာ အခက်ခဲတွေ ရှိခဲ့ပါတယ်။
 
 
နောက်ဆုံးမှာ မင်းချစ်သူ ရေးဖွဲ့ထားပြီး တင်ဇာမော် သီဆိုထားတဲ့ “စုန်းမ” သီချင်းက သူတို့နှစ်ယောက် ယှဉ်ပြိုင်ရမယ့် သီချင်း ဖြစ်လာခဲ့ပါတယ်။ ဒီသီချင်းဟာလည်း အရမ်းခက်တဲ့ သီချင်းဖြစ်လို့ ‘June Rose’ နဲ့ ‘Oram’ တို့ ဘယ်လို ကျော်ဖြတ်သွားကြမလဲဆိုတာ သူတို့အစား ရင်ခုန်နေမိပါတယ်။
 
 
Blind Audition နောက်ဆုံးနေ့မှာ နောက်ဆုံးပိတ် ယှဉ်ပြိုင်ခဲ့ကြသူနှစ်ဦးက ကျားပေါက်ရဲ့ အဖွဲ့ထဲက ‘ညိုမီမီထွန်း’ နဲ့ ‘ကြယ်စင်’ တို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက ကျားပေါက်ရဲ့ အဖွဲ့ထဲမှာ အားကိုးရလောက်တဲ့ မိန်းကလေး ပြိုင်ပွဲဝင်တွေလည်း ဖြစ်ပါတယ်။
 
 
Blind Audition မှာ နှစ်ယောက်စလုံးက မြန်မာသီချင်းတွေနဲ့ ပြိုင်ခဲ့ကြတဲ့အတွက် ဒီနေ့ ကျားပေါက်စီစဉ်ပေးထားတဲ့ “ဂျူဒီ” သီချင်းက သူတို့နှစ်ယောက်စလုံးအတွက် အဆင်ချောနေပါတယ်။ 
 
 
သာဒီးလူ ကိုယ်တိုင်ရေးစပ်သီဆိုထားပြီး သူ့ရဲ့နောက်ဆုံးအယ်လ်ဘမ် ‘ကျွန်တော်ရူးနေသည်’ အခွေထဲမှာ လူကြိုက်များနေတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ “ဂျူဒီ” သီချင်းနဲ့ The Voice Myanmar ရဲ့ Battle Round ကို ဘယ်လို အလှပဆုံး အနားသတ်ပေးသွားမလဲဆိုတာ မျက်မြင်ကိုယ်တွေ့ ခံစားဖို့ တိုက်တွန်းရပါတယ်။
 
 
အခုဆိုရင် Battle Round အဆင့်တွေအားလုံးကို ပြိုင်ပွဲဝင်တွေ ဖြတ်ကျော်ခဲ့ပြီးကြပါပြီ။ ရွေးချယ်မခံခဲ့ရတဲ့ ပြိုင်ပွဲဝင်အချို့ နှုတ်ဆက်ခွဲခွာခဲ့ရသလို အချို့ပြိုင်ပွဲဝင်တွေကလည်း နည်းပြတွေရဲ့ “STEAL” နဲ့ အတူ နောက်တစ်ဆင့်မှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရခဲ့ကြပါတယ်။
 
လာမယ့် တနင်္ဂနွေနေ့မှာတော့ The Voice Myanmar ရဲ့ Level အသစ်စက်စက်ဖြစ်တဲ့ “KnockOut” Round ယှဉ်ပြိုင်မှုကို ပရိသတ်တွေ ကြည့်ရှုခံစားရမှာဖြစ်လို့ ည ၉ နာရီတိတိမှာ MRTV 4 ရုပ်သံလိုင်းမှာ ပြန်လည်တွေ့ဆုံကြပါစို့။
 
The Voice Myanmar ရဲ့ သတင်းတွေကို အစောဆုံးဖော်ပြပေးနေတဲ့ Official Page ဖြစ်တဲ့ The Voice Myanmar Facebook Page ကိုလည်း Like & See First လုပ်ထားဖို့ မမေ့ပါနဲ့နော်။

News