News

ပရိသတ်တွေ မျက်ရည်ဝိုင်းခဲ့ရတဲ့ KNOCKOUT ROUND ဒုတိယည

19 May 2019

449 Views


ဒီနေ့ည The Voice Myanmar ရဲ့  Knockout Round ကတော့ ပထမအပတ်တုန်းကလိုပဲ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီညမှာ ပြိုင်ပွဲဝင်အားလုံးက အစွမ်းကုန် ကြိုးစားပြီး သီဆိုယှဉ်ပြိုင်ခဲ့ကြပေမယ့် ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ အသင်းတစ်သင်းစီကနေ ပြိုင်ပွဲဝင် ၂ ဦးသာ LIVE SHOW ကို တက်ခွင့် ရခဲ့ပါတယ်။
 
နည်းပြတွေ အနေနဲ့လည်း အပြန်ပြန်အလှန်လှန် စဉ်းစားချင့်ချိန်ပြီးမှ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာဖြစ်လို့ အရွေးမခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေအတွက် ပရိသတ်တွေနဲ့ ထပ်တူ စိတ်လှုပ်ရှား မျက်ရည်ဝိုင်းခဲ့ကြတာကို တွေ့ရပါတယ်။ 
ဒါပေမယ့်ဒီနေ့ညမှာ နည်းပြတွေ ရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေဟာ LIVE SHOW နဲ့ ထိုက်တန်သူတွေအဖြစ် ပရိသတ်တွေ သဘောတူကြမှာတော့ အသေအချာပါပဲ။
 
TEAM NiNi
Knockout Round ရဲ့ ဒုတိယနေ့ည ယှဉ်ပြိုင်မှုကို ကို ‘နီနီခင်ဇော်’ ရဲ့ အဖွဲ့သားတွေနဲ့ စတင်ခဲ့ပါတယ်။ ‘နီနီ’ ရဲ့ အဖွဲ့ထဲမှာ ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် ၄ ဦးကတော့ ထူးထူးခြားခြား ဘိုဆန်ဆန် နာမည်လေးတွေ ဖြစ်တဲ့ “Nicholas Pasangma” “Hazel” “Grace Mami” နဲ့ “Tar Tar” တို့ ပါပဲ။
 
ဒီပြိုင်ပွဲဝင်တွေအားလုံးဟာ သီချင်းတိုက်ကြစဉ်မှာ ကျန်းမာရေးမကောင်းတာတွေ၊ သီချင်းရွေးတဲ့နေရာမှာ အခက်အခဲတွေ ကိုယ်စီဖြစ်ခဲ့တာကြောင့် ပြိုင်ပွဲနေ့မှာ ကောင်းကောင်းယှဉ်ပြိုင်နိုင်ပါ့မလားလို့ “နီနီခင်ဇော်” စိတ်ပူနေတာကို တွေ့ခဲ့ရပါတယ်။
 
 
“Nicholas Pasangma” က အာဇာနည် သီဆိုခဲ့ပြီး တေးရေး Rခိုင် ရေးဖွဲ့ထားတဲ့ “ပြန်လာပြီ” ဆိုတဲ့ သီချင်းနဲ့ Knockout ကို စဖွင့်လိုက်ပါတယ်။ သီချင်းစဝင်ဝင်ခြင်းမှာ မရဲတရဲ ဖြစ်နေပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဆိုဟန်ဆိုပေါက်တွေ အားကောင်းလာပါတယ်၊ ဒီအခါကျမှပဲ နီနီခင်ဇော်ရဲ့ မျက်နှာမှာ အပြုံးလေးပွင့်လာနိုင်ခဲ့ပါတယ်။
 
 
ဒုတိယယှဉ်ပြိုင်သွားသူကတော့ The Voice Myanmar ရဲ့ YouTube ချန်နယ်မှာ ကြည့်ရှုသူအများဆုံး Top 3 ထဲမှာ ရှိနေတဲ့ “Hazel” ဖြစ်ပါတယ်။ တေးရေး Cobra ရေးစပ်ပြီး ဖြူဖြူကျော်သိန်း သီဆိုထားတဲ့ “မိုးရေစက်များ” သီချင်းကို ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စတိုင်တွေထည့်ပြီး အဆိုပညာ ပါးပါးနပ်နပ် ပြသ သီဆိုသွားခဲ့လို့ နည်းပြတွေအားလုံးကို ကျေနပ်အားရစေခဲ့ပါတယ်။
 
 
“Grace Mami” ကတော့ အရင်က ‘ကျားပေါက်’ ရဲ့ အဖွဲ့သားဖြစ်ခဲ့ပြီး Battle Round မှာ ‘နီနီခင်ဇော်’ က STEAL နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူ့အတွက် နီနီခင်ဇော် ရွေးချယ်ပေးထားတဲ့ သီချင်းက ၉၀ ခုနှစ်များဆီက ထွက်ရှိခဲ့တဲ့ တင်ဇာမော်ရဲ့ ပထမဦးဆုံ တစ်ကိုယ်တော် ‘စွဲလမ်းမှုပြဿနာ’ စီးရီးထဲက “မိုးရေစက်များ” သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းကို ကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေးဆရာ ကေအေတီ က ရေးဖွဲ့ပေးခဲ့တာပါ။
 
 
စုံတွဲသီချင်းတစ်ပုဒ်ကို တစ်ကိုယ်တော် သီဆိုယှဉ်ပြိုင်ခဲ့သူက “တာတာ” ဖြစ်ပါတယ်။ တေးရေး မင်းချစ်သူ ရေးစပ်ခဲ့ပြီး အာဇာနည် နဲ့ ဆုန်သင်းပါရ် တို့ အတွဲညီညီ သီဆိုခဲ့ကြတဲ့ “သိပ်ပိုင်တဲ့မင်း” ကို တစ်ယောက်ထဲ နိုင်နိုင်နင်းနင်း သီဆိုပြနိုင်ခဲ့ပါတယ်။
 
 
“နီနီခင်ဇော်” ရဲ့ အဖွဲ့ဝင် ၄ ဦး ယှဉ်ပြိုင်မှု အပြီးမှာတော့ LIVE SHOW အဆင့်အတွက် အသင့်တော်ဆုံး ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး “Nicholas Pasangma” နဲ့ “Hazel” တို့ကို ရွေးချယ်ခဲ့ပါတယ်။
 
 
 
TEAM YC
“ရန်ရန်ချန်း” ရဲ့ အဖွဲ့မှာလည်း အားကိုးလောက်တဲ့ လက်ရွေးစင်တွေ ကျန်ရှိနေပါသေးတယ်။ “Just” ၊ “Solomon King” ၊ “အာကာအောင်ခင်ဝင်း” နဲ့ “Melody Khong” တို့ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် လေးဦးစလုံးမှာ အားသာချက်ကိုယ်စီ ပိုင်ဆိုင်ထားကြတာမို့ “ရန်ရန်ချန်း” အတွက် ဂုဏ်ယူစရာကောင်းပေမယ့် ရွေးတဲ့နေရာမှာတော့ အခက်တွေ့စေမှာ အမှန်ပါပဲ။
 
 
ဒီနေ့ညမှာ ပထမဦးဆုံး သီဆိုခဲ့တဲ့ ကိုးရီးယားဆန်ဆန် ပုံစံလေးနဲ့ “Just” ကို ကိုရီးယားသီချင်း “Eyes,Nose,Lips” နဲ့ ယှဉ်ပြိုင်စေခဲ့ပါတယ်။ “Just” ရဲ့ သီဆိုမှုပုံစံက သူနဲ့လည်း လိုက်ဖက်ပြီး ကိုရီးယား အချစ်သီချင်းလေးတွေ ကြိုက်တဲ့ လူငယ်တွေနဲ့ မိန်းကလေးတွေ အသည်းစွဲဖြစ်မှာ သေချာပါတယ်။
 
 
ဂန္ထဝင်သီချင်း ခန့်ခန့်ကြီးတွေကိုမှ အသံလုံးကြီးကြီး ဘယ်သံကျကျ ခံစားသက်ဝင်မှုအပြည့်နဲ့ သီဆိုတတ်တဲ့ “Solomon King” က ပရိသတ်တွေဆီကနေ “ဆေး” တောင်းလိုက်ပါတယ်။ တေးရေး ဝေကြီး ရဲ့ လက်ရာ၊ ယနေ့အရမ်းကို ဟစ်ဖြစ်နေပြီး လူတိုင်းပါးစပ်ဖျားက မချတဲ့ ကော်နီ ရဲ့ “ဆေး” က “Solomon King” နဲ့ တည့်ပါ့မလား..?
 
 
The Voice Myanmar ရဲ့ ထူးခြားတဲ့ ပြိုင်ပွဲဝင်တွေထဲမှာ “အာကာအောင်ခင်ဝင်း” တစ်ယောက်လည်း အပါဝင်ဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်းနဲ့ သဘာတို့ပေါင်းစပ်ကာ သီချင်းကို ခံစားသက်ဝင်ပြီး တင်ဆက်မှုအပြည့်နဲ့ ယှဉ်ပြိုင်တတ်တဲ့ ပြိုင်ပွဲဝင်ဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ တေးရး/ဆို ဒိုးလုံး ရဲ့ “ဘယ်လိုလုပ်ရမလဲ” သီချင်းနဲ့ ပြိုင်ဘက်တွေကို အလဲထိုးဖို့ ကြိုးစားခဲ့ပါတယ်။
 
 
နီနီခင်ဇော် ရဲ့ အဖွဲ့သားဟောင်း ဖြစ်ခဲ့ဖူးတဲ့ “Melody Khong” က ရန်ရန်ချန်း ဆီကနေ သူမ ဒုတိယအကြိမ်ရခဲ့တဲ့ STEAL အခွင့်အရေးကို အပြည့်အဝ အသုံးချသွားခဲ့ပါတယ်။ Rihanna ရဲ့ “Where Have You Been” နဲ့ Knockout Round မှာ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။
 
 
“ရန်ရန်ချန်း” ရဲ့ ပြိုင်ပွဲဝင်တွေ၊ သီဆိုမှုမှာ အရည်အချင်း ကိုယ်စီ ပြသနိုင်ခဲ့ပေမယ့် LIVE SHOW ကို အားလုံးခေါ်သွားဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အကြိမ်ကြိမ် စဉ်းစားပြီးမှ “Solomon King” နဲ့ “Melody Khong” တို့ကို ရွေးချယ်သွားခဲ့ပါတယ်။
 
 
 
TEAM RZN
“Paul Austin” “ထင်ကြီး” “June Rose” နဲ့ “လင်းခက်” တို့က Knockout ယှဉ်ပြိုင်ဖို့ ‘အာဇာနည်’ ရဲ့ နောက်ဆုံးလက်ကျန် အဖွဲ့သားတွေဖြစ်ပါတယ်။ ဒီနေ့ညအတွက် အခြားအသင်းတွေနဲ့ မတူ ထူးထူးခြားခြားဖြစ်အောင် ‘အာဇာနည်’ က ‘ဖိုးကာ’ ရဲ့ အကူအညီနဲ့ ပြိုင်ပွဲဝင်တွေကို ပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။
 
 
Blind Audition မှာရော Battle မှာပါ အင်္ဂလိပ်သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ “Paul Austin” က ဒီတစ်ခါမှာတော့ မြန်မာသီချင်းနဲ့ ယှဉ်ပြိုင်ရင်း Knockout ကို စဖွင့်လိုက်ပါတယ်။ R ခိုင် ရေးဖွဲ့ထားပြီး အာဇာနည် သီဆိုထားတဲ့ “နောက်ဆုံးရင်ခွင်” သီချင်းဖြစ်ပါတယ်။ နိုင်ငံခြားသီချင်းတွေကိုသာမက မြန်မာသီချင်းကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တယ်ဆိုတာကို ပရိသတ်သိအောင် ချပြသွားနိုင်ခဲ့ပါတယ်။
 
 
ရော့ခ်အပြင်းစား သီချင်းတွေကိုမှ အားရပါးရ အမြဲတမ်းဟစ်ချင်နေခဲ့တဲ့ “ထင်ကြီး” ကို နည်းပြ အာဇာနည် က သူ့နဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် သီချင်းပုံစံတွေကို Battle Round မှာထဲက စပြီး ပြုပြင်ပြောင်းလဲပေးလာတာ သတိထားမိခဲ့ပါတယ်။ 
ပင်ကိုယ်သံက ထူးခြားတယ်ဆိုတဲ့ မှတ်ချက်နဲ့အတူ Knockout ထိ လက်တွဲခေါ်လာခဲ့တဲ့ “ထင်ကြီး” အတွက် ဗစ်တာခင်ညို ရဲ့ “ကျူရှင်လှေကားရင်” သီချင်းလေး ရွေးချယ်ပေးခဲ့ပါတယ်၊ ဒီသီချင်းကို တေးရေး ချိုချို ရေးစပ်ခဲ့ပြီး အာဇာနည်နဲ့ ဗစ်တာခင်ညိုတို့လည်း နှစ်ယောက်တွဲ သီဆိုထားခဲ့ဖူးပါတယ်။
 
 
စတိတ်စင်တွေပေါ်ရောက်ရင် ကြောက်တတ်တယ်ဆိုတဲ့ “June Rose” က တတိယမြောက် သီဆိုယှဉ်ပြိုင်ခဲ့ရပါတယ်။ အဆိုတော် ဖြူဖြူဟန် သီဆိုထားပြီး တေးရေး ဝေကြီး ရေးဖွဲ့ထားတဲ့ “အသည်းကွဲအထိမ်းအမှတ်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။
“June Rose”ရဲ့ သီဆိုမှုမှာ သီချင်းတွေကို လုံးဝ မျက်ခြေမပြတ်နားထေားင်တတ်တဲ့ ‘နီနီခင်ဇော်’ ကပါ သီးချင်းလိုက်ညည်းနေတာကို တွေ့ရပါတယ်။
 
 
ပရိသတ်ကို ပျော်အောင် ဖျော်ဖြေချင်ဇောနဲ့ စင်ပေါ်ရောက်တဲ့အခါ အလွဲလွဲအမှားမှားတွေ လုပ်တတ်တဲ့ The Voice Myanmar ရဲ့ အထူးခြားဆုံး ပြိုင်ပွဲဝင်က “လင်းခက်” ပါ။ ဒီအကျင့်လေးတွေကြောင့် Battle မှာ အရေးနိမ့်ခဲ့ရပြီး အာဇာနည်ရဲ့ STEAL နဲ့ Knockout ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။
ဒီနေ့ညမှာတော့ သူနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ “တစ်နေ့စာအလွဲများ” သီချင်းကို အာဇာနည် စီစဉ်ပေးခဲ့ပြီး အတတ်နိုင်ဆုံး စိတ်မလှုပ်ရှားအောင် မှာကြားထားခဲ့ပုံရပါတယ်။ ကိုငှက်ကြီး(ထူးအိမ်သင်) ရဲ့ ဒီဇိုင်းနဲ့ ဘာဂျာကို ကိုယ်တိုင်မှုတ်ပြီး တေးရေး အယ်ဖြူရဲ့  “တစ်နေ့စာအလွဲများ” ကို သပ်သပ်ရပ်ရပ်နဲ့ သီဆိုယှဉ်ပြိုင်သွားနိုင်ခဲ့ပါတယ်။
 
 
အပြစ်ဆိုစရာ မရှိလောက်အောင် သီဆိုသွားနိုင်ခဲံတဲ့ ပြိုင်ပွဲဝင်တွေကို “ကျွန်တော် ဘယ်သူ့မျက်နှာမှ မကြည့်ပဲ ရွေးပါရစေ” လို့ စကားပလ္လင်ခံခဲ့ပြီးနောက်မှာတော့ “Paul Austin” နဲ့ “လင်းခက်” တို့ နှစ်ဦးကို LIVE SHOW အတွက် အာဇာနည် က ရွေးချယ်ခဲ့ပါတယ်။
 
 
 
TEAM KP
Knockout Round ယှဉ်ပြိုင်ဖို့ နောက်ဆုံးကျန်နေသေးတာကတော့ “ကျားပေါက်” ရဲ့ အဖွဲ့သားတွေဖြစ်ပါတယ်။ 
“ခိုင်” “ညိုမီမီထွန်း” Judson Fish” နဲ့ “Oram” တို့ ဆက်လက် ယှဉ်ပြိုင်သွားကြရမှာပါ။
 
 
စန္ဒယားခလုတ်လေးတွေကို ညင်သာစွာ ဆော့ကစားရင်း ပထမဦးဆုံး ယှဉ်ပြိုင်ခဲ့သူက “ခိုင်” ဖြစ်ပါတယ်။ တေးရေး/ဆို ထူးအိမ်သင် ရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “နာရီပေါ်ကမျက်ရည်စက်များ” ကို ကိုယ်တိုင်စန္ဒယားတီးပြီး သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ 
 
 
“ညိုမီမီထွန်း” က Britney Spears ရဲ့ မြူးမြူးကြွကြွ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Toxic” သီချင်းကို အနှေးပုံစံလေး ပြောင်းလဲပြီး လွင့်မျောနေအောင် သီဆိုပြခဲ့တာက ထူးခြားတဲ့ ရသတစ်မျိုး ပရိသတ်တွေ ခံစားလိုက်ရပါတယ်။
 
 
Blind Audition မှာထဲက နည်းပြတွေကို လှုပ်ခတ်စေခဲ့တဲ့ “Judson Fish” ဟာ YouTube ချန်နယ်လ်မှာ ပရိသတ်ကြည့်ရှုများ အများဆုံး ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သီချင်းတိုင်းကို သူ့ရဲ့ ပုံစံအတိုင်း ဖြစ်အောင် ပေါ့ပေါ့ပါးပါး သီဆိုပြနိုင်ခဲ့တဲ့အတွက် Knockout Round ထိ ရောက်လာခဲ့သူပါ။
မြန်မာသီချင်းတွေနဲ့သာ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ဒီနေ့ညမှာတော့ ထူးထူးခြားခြားဖြစ်အောင် အင်္ဂလိပ်သီချင်းဖြစ်တဲ့ Maroon 5 ရဲ့ “This Love” နဲ့ သီဆို ပြိုင်ပွဲဝင်ခဲ့ပါတယ်။
 
 
အာဇာနည်ရဲ့ အဖွဲ့ထဲကနေ STEAL နဲ့ ကျားပေါက် ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ “Oram” က ဒီနေ့ညရဲ့ Knockout မှာ အပိတ်သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ စိတ်လှုပ်ရှားလွယ်တဲ့ “Oram” ၊ ဒီညမှာတော့ ကေအေတီ ရေးစပ်ပြီး မျိုးကြီးရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ “ရင်ခုန်သံအရင်းနှီးဆုံး” ကို အမှားအယွင်းမရှိ အောင်မြင်စွာ သီဆိုကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။
 
 
နောက်ဆုံးမှာတော့ LIVE SHOW အတွက် ကျားပေါက် ရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင် နှစ်ဦးကတော့ “Judson Fish” နဲ့ “ညိုမီမီထွန်း” တို့ ဖြစ်ပါတယ်။
 
 
Knockout Round နှစ်ခုပြီးဆုံးသွားတာနဲ့အတူ ပရိသတ်တွေကိုယ်တိုင် မဲပေးဆုံးဖြတ်နိုင်မယ့် LIVE SHOW တိုက်ရိုက်ယှဉ်ပြိုင် ထုတ်လွှင့်မှုအဆင့်ကလည်း နောက်တစ်ပတ်မှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
 
LIVE SHOW အဆင့်ကို တက်ရောက်သွားကြတဲ့ ပြိုင်ပွဲဝင်များကတော့ - 
 
TEAM R Zarni 
“ဒေးဗစ်ထူး” “ပန်ပန်ကြေးမုံ” “Paul Austin” “လင်းခက်”
 
 
 
TEAM YanChan
“ဟိန်းဇော်လင်း” “ယမုံဇင်ဦး” “Solomon King” “Melody Khong”
 
 
 
TEAM NiNi
“A ဒေး” “Twin Stars” “Nicolas Pasangma” “Hazel”
 
 
 
TEAM KyarPauk
“နိုဗန်ထူး” “C Ko” “Judson Fish” “ညိုမီမီထွန်း” 
 
 
ဒီတော့ နောက်တစ်ပတ် တနင်္ဂနွေနေည ၉ နာရီမှာ MRTV 4 ရုပ်သံလိုင်းကနေ The Voice Myanmar ရဲ့ LIVE SHOW ပထမအဆင့်ကို အားပေးရင်း ကိုယ်နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို မဲပေးဖို့ အဆင်သင့်ပြင်ထားကြပါဦး..။
 
The Voice Myanmar ရဲ့ သတင်းတွေကို အစောဆုံးဖော်ပြပေးနေတဲ့ Official Facebook Page ဖြစ်တဲ့ The Voice Myanmar ကိုလည်း Like & See First လုပ်ထားဖို့ မမေ့ပါနဲ့နော်။

News