News

အသက်ရှုရပ်သွားမတတ် The Voice Myanmar LIVE Show ပထမနေ့ည

27 May 2019

1,686 Views


ရင်ခုန်သံတွေ မြန်ရဦးမယ့် The Voice Myanmar Season 2 ရဲ့ ပထမဦးဆုံး LIVE Show ည ကို ရောက်ရှိခဲ့ပါပြီ။ ပြိုင်ပွဲဝင်တွေသာမက နည်းပြတွေရော ရုပ်သံကြည့် ပရိသတ်တွေပါ စိတ်လှုပ်ရှားစေခဲ့တဲ့ ည တစ်ညဖြစ်ပါတယ်။
ဒီနေ့ညမှာတော့ နည်းပြတွေနဲ့ တန်းတူ ပြိုင်ပွဲဝင်တွေကို SMS voting စနစ်နဲ့ ပရိသတ်တွေကိုယ်တိုင် မဲပေးရွေးချယ်နိုင်မှာဖြစ်လို့ နောက်ဆုံးရလာဒ်အဖြေက ပိုလို့တောင် စိတ်ဝင်စားစရာကောင်းနေပါတယ်။
 
ဒီနေ့ည LIVE Show ရဲ့ ပွဲဦးထွက်နေ့မှာတော့ “နီနီခင်ဇော်(Team NiNi)” နဲ့ “ကျားပေါက်(Team KP)” တို့  အဖွဲ့နှစ်ဖွဲ့က ပြိုင်ပွဲဝင် (၈)ဦး စလုံး တလှည့်စီယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။
 
LIVE Show ဖြစ်တာနဲ့အညီ နည်းပြ လေးဦးစလုံးရဲ့ အဝတ်အစားဒီဇိုင်းတွေကလည်း သန့်ပြန့် ခန့်ညားလို့နေပါတယ်။ အထူးသဖြင့် ဒီညရဲ့ အဓိကနည်းပြတွေဖြစ်တဲ့ “နီနီခင်ဇော်” နဲ့ “ကျားပေါက်” တို့ပါ။
 
 
Team NiNi “နီနီခင်ဇော်” ရဲ့ အဖွဲ့က ပွဲဦးထွက် ပထမဦးဆုံး ယှဉ်ပြိုင်ဖို့ ကြေညာလိုက်ပါတယ်။
ပြိုင်ပွဲဝင်တွေဖြစ်တဲ့ “Aဒေး” “Twins Star” “Hazel” နဲ့ “Nicolas Pasangma” အဖွဲ့သား ၄ ဦးက Group Song အဖြစ် “အိမ်” သီချင်းကို ‘နီနီခင်ဇော်’ နဲ့အတူတူသီဆိုကြရင်း ပရိသတ်တွေကို စတင်မိတ်ဆက်လိုက်ပါတယ်။ 
 
 
Group Song နဲ့ ဖျော်ဖြေအပြီးမှာတော့ အစီစဉ်တင်ဆက်သူ တေဇာကျော် က မဲပေးနိုင်ဖို့အတွက် Voting line တွေ ဖွင့်လိုက်ပြီလို့ ကြေညာချက်နဲ့အတူ ပထမဦးဆုံး ယှဉ်ပြိုင်ဖို့ “Twins Star” အမွှာညီအစ်မကို စင်မြင်ထက်ကို ဖိတ်ခေါ်လိုက်ပါတယ်။
 
 
Twins Star ညီအစ်မက ရွှေဂျော်ဂျော် ရေးဖွဲ့ပြီး အဆိုတော် ရှင်ဖုန်း၊ ခင်ဘုဏ်း နဲ့ ရေဗက္ကာဝင်း တို့ သီဆိုထားတဲ့ “ဟန်နီ” သီချင်းကို သူတို့ရဲ့ အစဉ်အလာအတိုင်း အတွဲညီညီနဲ့ လှလှပပ သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။ 
 
 
 
Team NiNi ကနေ ဒုတိယတစ်ယောက် ယှဉ်ပြိုင်ရမှာကတော့ “Nicolas Pasangma” ဖြစ်ပါတယ်။
 
 
အင်္ဂလိပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တဲ့ “Nicolas Pasangma” က ပူပူနွေးနွေး အော်စကာဆုတွေရထားတဲ့ ‘A Star Is Born’ ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ အချစ်သီချင်း “Shallow” နဲ့ ယှဉ်ပြိုင်သီဆိုခဲ့ပါတယ်။ Lady Gaga နဲ့ Bradley Cooper တို့ရဲ့ သီချင်းဖြစ်ပါတယ်။ သူ့ရဲ့သီဆိုမှုက ရင်ကိုထိမှန်စေခဲ့တယ်လို့ နီနီခင်ဇော်က ကွန်မန့်ပေးခဲ့ပါတယ်။
 
 
 
ပြိုင်ပွဲဝင်ခဲ့တဲ့ သီချင်းတိုင်းမှာ အဆိုပညာကို ပါးပါးနပ်နပ်လေး အသုံးချပြီး သီဆိုတတ်တာကြောင့် ပရိသတ်အားပေးမှု အပြည့်ရှိနေတဲ့ “Hazel” ရဲ့ အလှည့်ဖြစ်ပါတယ်။
 
 
Hazel ကတော့ တင်ဇာမော် ရဲ့ နောက်ဆုံးထွက်စီးရီးထဲက တေးရေး အောင်ကိုမြင့် ရဲ့လက်ရာ “ဘုံ” သီချင်းကို သူမရဲ့ ဗားရှင်းပုံစံဖြစ်အောင် အကောင်းဆုံး သီဆိုသွားနိုင်ခဲ့ပါတယ်။ သူမရဲ့ သီဆိုမှုအပြီးမှာတော့ High note တွေ ဆိုတိုင်း အသက်ရှုရပ်သွားမတတ် ခံစားရတယ်လို့ နီနီက မှတ်ချက်ပေးခဲ့ပါတယ်။
 
 
 
Team NiNi ရဲ့ နောက်ဆုံး သူရဲကောင်းတစ်ဦး ကျန်နေပါသေးတယ်။ နီနီခင်ဇော် ရဲ့ STEAL ဟာ သူနဲ့ထိုက်တန်ကြောင်း Knockout Round မှာ သက်သေပြနိုင်ခဲ့တဲ့ “Aဒေး” ယှဉ်ပြိုင်ရမယ့် အလှည့်ပါ။
 
 
မြန်မာသီချင်းတွေနဲ့ပဲ တောက်လျောက် ယှဉ်ပြိုင်ခဲ့တဲ့ “Aဒေး” က LIVE Show အဆင့်မှာတော့ ထူးထူးခြားခြားဖြစ်အောင် Mark Ronson ရဲ့ “Uptown Funk” ကို သီဆိုခဲ့ပါတယ်။ “Aဒေး” ရဲ့ အင်္ဂလိပ်သီချင်း သီဆိုမှုကို ပရိသတ်တွေ ခံစားခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ သီဆိုဟန်နဲ့ အကစတိုင်တို့က မိုက်ကယ်လ်ဂျက်ဆင် ကိုတောင် ပြန်ပြီးလွမ်းသွားလောက်ပါတယ်။
 
 
 
Team NiNi ရဲ့ နောက်ဆုံးအဖွဲ့ဝင် “Aဒေး” ရဲ့ သီဆိုမှုအပြီးမှာ ပရိသတ်တွေ မဲပေးလို့ရအောင် ရုပ်သံကြော်ငြာလေးတွေ ခတ္တဝင်ပေးထားပါတယ်။ အဲဒီနောက်မှာတော့ “အခုချိန်ကနေစပြီး Voting line တွေ ပိတ်လိုက်ပါပြီ“ ဆိုတဲ့ အစီစဉ်တင်ဆက်သူရဲ့ ကြေညာချက်နဲ့အတူ ပရိသတ်တွေရဲ့ SMS Voting မဲတွေကို စတင်ရေတွက်နေပါပြီ။
 
ပြိုင်ပွဲဝင်တွေနဲ့အတူ ပရိသတ်တွေပါ ရင်ခုန်စရာအကောင်းဆုံး အချိန်တစ်ခုပါပဲ။ ပြိုင်ပွဲဝင် ၄ ဦးထဲက ပရိသတ်ရဲ့မဲ အများဆုံး ရရှိသူတစ်ဦးနဲ့ နည်းပြက ရွေးချယ်လိုက်တဲ့ ၂ ဦးသာ နောက်တစ်ဆင့်ကို တက်ခွင့်ရမှာဖြစ်ပါတယ်။
 
 
ပရိသတ်တွေ ပေးပို့တဲ့ SMS Voting မဲအများဆုံးနဲ့ “Nicolas Pasangma“ က တက်သွားပြီး။ ‘နီနီခင်ဇော်’ ရဲ့ ရွေးချယ်မှုနဲ့ “Hazel“ တို့က နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။
 
********************************
 
LIVE Show ယှဉ်ပြိုင်မှုရဲ့ ဒုတိယပိုင်းမှာ Team KP “ကျားပေါက်” ရဲ့ အဖွဲ့သား ၄ ယောက်ဖြစ်တဲ့ “နိုဗန်ထူး” “C Ko” “Judson Fish” “ညိုမီမီထွန်း” တို့ အလှည့်ကျ ယှဉ်ပြိုင်သွားကြမှာပါ။ 
ပထမဦးဆုံး သူတို့အားလုံးက နည်းပြ “ကျားပေါက်” နဲ့အတူ “သတိရတယ်” သီချင်းကို Group Song ပုံစံနဲ့ သီဆိုရင်း ပရိသတ်ကို ဂါရဝပြု နှုတ်ဆက်လိုက်ပါတယ်။
 
 
 
သီချင်းတွေကို အမြဲတမ်းပုံစံပြောင်းပြီး ကိုယ်ပိုင်စတိုင်ဖြစ်အောင် ဖန်တီးသီဆိုတတ်တဲ့ “ညိုမီမီထွန်း” ကို ပထမဆုံး သီဆိုယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
 
 
ခံစားချက်အပြည့်ပါပြီး စကားလုံးစာသား အားကောင်းတဲ့ သီချင်းတွေကို ရွေးပြီး ယှဉ်ပြိုင်တတ်တဲ့ “ညိုမီမီထွန်း” က ဒီညအတွက် လေးဖြူ ရဲ့ “ငါ့ရဲ့လမင်း” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ခံစားသက်ဝင်မှုအကောင်းဆုံး တေးရေး ရယ်ဂျီ ရဲ့ သီချင်းကို အကောင်းဆုံး သီဆိုသွားနိုင်ခဲ့ပါတယ်။
 
 
 
The Voice Myanmar ရဲ့ အထူးခြားဆုံးပြိုင်ပွဲဝင် “နိုဗန်ထူး” က ဒုတိယမြောက် ယှဉ်ပြိုင်ရမှာပါ။ Linkin Park ရဲ့ သီချင်းတွေနဲ့ အဆင့်ဆင့်ဖြတ်ကျော်လာတဲ့ “နိုဗန်ထူး” ဒီညမှာ ဘာသီချင်းနဲ့ ယှဉ်ပြိုင်မလဲဆိုတာ ပရိသတ်တွေ သိချင်ဇော များနေမှာ သေချာပါတယ်။
 
 
LIVE Show အဆင့်ဆိုတာ Winner ဖြစ်လာဖို့ လက်တကမ်းသာ လိုတော့တာမို့ ပြိုင်ပွဲဝင်တွေအနေနဲ့ အနိုင်ရဖို့ဆိုရင် ကိုယ်ပိုင်နိုင်တဲ့ သီချင်းကို ရွေးချယ်နိုင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့်မို့ “နိုဗန်ထူး” က သူဆိုနေကျပုံစံမျိုးဖြစ်တဲ့ Slipknot ရဲ့ “Wait and Bleed” နဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ပါတယ်။
 
 
Team KP ရဲ့ လူစွမ်းကောင်းတွေထဲမှာ “Judson Fish” လဲ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ သီချင်းတိုင်းကို ကိုယ့်ရဲ့ပုံစံအတိုင်း လွပ်လွပ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ သီဆိုတတ်ခြင်းက သူ့ရဲ့ အားသားချက်ပါ။
 
 
“Judson Fish” ဟာ ပရိသတ်တွေရဲ့ အကြိုက်ကို သိထားပုံရပါတယ်။ သူ့နဲ့လည်း လိုက်ဖက်ပြီး အေးအေးငြိမ့်ငြိမ့်လေး သီဆိုရတဲ့ ဇော်ပိုင် ရဲ့ “အမောပြေ” သီချင်းနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။
 
 
 
LIVE Show ရဲ့ ပထမနေ့ညကို ပြိုင်ပွဲဝင် “C Ko” နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ Rock N Roll သီချင်းတွေကို ဟန်တွေမာန်တွေ အပြည့်နဲ့ ပါဝါကုန်တင်ပြီး သီဆိုတတ်တဲ့ “C Ko” ရဲ့ အလှည့်ဖြစ်ပါတယ်။
အသွေးထဲ အသားထဲမှာ Rock ဂီတတွေ စီးဝင်နေတဲ့ “C Ko” က တီးလုံးကြားလိုက်တာနဲ့ ကြက်သီးဖျန်းဖျန်း ထသွားစေတဲ့ Breaking Benjamin ရဲ့ “So Cold” နဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။
 
 
Team KP ‘ကျားပေါက်’ ရဲ့ အဖွဲ့သား ၄ ဦးလုံး ကတော့ အစိမ်းကုန် တာဝန်ကျေစွာနဲ့ ယှဉ်ပြိုင်သွားခဲ့ပါပြီ။ အခုအချိန်ကတော့ ပရိသတ်တွေရဲ့ Voting၊ နည်းပြရဲ့ ရွေးချယ်မှုတွေနဲ့ နောက်တစ်ဆင့် တက်သွားမယ့်သူတွေက ဘယ်သူတွေများလဲဆိုတာ ရင်ခုန်နေကြရတဲ့ အချိန်လေးပါ။
 
 
Team KP အတွက် ပရိသတ်ရဲ့ SMS Voting အများဆုံးနဲ့ “နိုဗန်ထူး“ နောက်တစ်ဆင့်တက်ခဲ့ပြီး နည်းပြ ကျားပေါက် ရဲ့ ရွေးချယ်မှုနဲ့အတူ “ညိုမီမီထွန်း” တို့ LIVE Show ယှဉ်ပြိုင်မှုကို ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။
 
နောက်လာမယ့် ဇွန်လ ၂ ရက် တနင်္ဂနွေနေ့မှာ ကျန်ရှိနေသေးတဲ့ အသင်းတွေဖြစ်တဲ့ Team RZN (အာဇာနည်) နဲ့ Team YC (ရန်ရန်ချန်း) တို့ရဲ့ အဖွဲ့သားတွေ LIVE ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ MRTV 4 ချန်နယ်ကနေ ည ၉ နာရီတိတိမှာ ဆက်ဆက်စောင့်မျှော်ကြပါဦး။
 
The Voice Myanmar ရဲ့ သတင်းတွေကို ဦးဦးဖျားဖျား အစောဆုံးဖော်ပြပေးနေတဲ့ The Voice Myanmar ရဲ့ Official Facebook Page ဖြစ်တဲ့ The Voice Myanmar ကို LIKE & See First လုပ်ထားပြီး Update သတင်းတွေ ဖတ်ရှုနိုင်ပါတယ်။
 

News