News

ပရိသတ်တွေ ဝမ်းနည်းဝမ်းသာဖြစ်ရတဲ့ X Factor Result Show ည

22 Oct 2017

28 Views

X Factor Myanmar ရဲ့ “Dance Week” ရဲ့ သိပ်ရင်ခုန်ရတဲ့ Result Show ညကတော့ ပြီးသွားပြန်ပါပြီ။ ပြိုင်ပွဲခေါင်းစဉ်ကိုက “Dance Week” ဆိုတော့ စနေနေ့ညကတည်းက အကောင်းဆုံး သီချင်းတွေကို အလန်းစားအကတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဆိုတော့ တနင်္ဂနွေည Result Show က ပိုပြီး ရင်ခုန်ဖို့ ကောင်းတယ်လို့ ထင်မိပါတယ်။

ကဲ.. အခုလည်း မကြည့်လိုက်ရတဲ့ ပရိသတ်ကြီးအတွက်  ဒီတစ်ပတ်မှာလည်း X Factor Myanmar ရဲ့ “Dance Week” Result Show ည အကြောင်းကို Popolay ကနေ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Result Show မှာတော့ ပြိုင်ပွဲဝင်တွေအားလုံးက ဒီတစ်ပတ် Group Song အနေနဲ့ Mark Ronson ရေးထားပြီး Ft. Bruno Mars သီဆိုထားတဲ့ “Uptown Funk” သီချင်းကို အလန်းစား အကတွေနဲ့ ဖျော်ဖြေသွားကြတာဟာ အရမ်းကြည့်လို့ကောင်းလွန်းလို့ လိုက်ကချင်စိတ်တောင် ပေါ်လာမိပါတယ်။

Group Song အပြီးမှာတော့ အိမ်မက်ဆုံရာက Winner တစ်ယောက်ဖြစ်တဲ့ အရမ်းကို အကတော် လွန်းတဲ့ အဆိုတော် LEO လည်း သူကိုယ်တိုင်ရေးထားပြီး Rap စာသား K ဟိန်း ရေးထားတဲ့ “Rock It” နဲ့ Rap စာသား Triplet “1.2.3Pose” ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို သူကျွမ်းကျင်လွန်းတဲ့ အကတွေနဲ့အတူ မမောနိုင် မပန်းနိုင် ပရိသတ်ကြီးကို ဖျော်ဖြေသွားခဲ့ပါတယ်။

 

အဲဒီနောက်မှာတော့ Result Show ညရဲ့ အဓိကအပိုင်းဖြစ်တဲ့ နောက်အပတ်အတွက် ဆက်လက် ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲဝင်တွေကို ကြေငြာခဲ့ရာမှာတော့ ကိုစည်သူလွင်ရဲ့ Overs Category က ပြိုင်ပွဲဝင်တွေ ဖြစ်တဲ့ လင်းချစ် (X01) နဲ့ ယမုံ (X03) က Bottom ထိုင်ခဲ့ရပြီး Saving တွက် လင်းချစ် (X01) က တေးရေး - ကေအေတီရေးထားတဲ့ “အလွမ်း” ဆိုတဲ့ သီချင်းနဲ့ ယမုံ (X03) ကတော့ တေးရေး - သုခမိန်လှိုင်ရေးထားတဲ့ “ကိန္ဒရာချောင်းခြားအမှာစကား” ဆိုတဲ့ သီချင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဲဒီနောက်မှာ Bottom ထိုင်ရတဲ့ လင်းချစ်နဲ့ယမုံကို Saving ပေးဖို့ အတွက် ဒိုင်လူကြီးတွေက မဲခွဲဆုံးဖြတ်ကြရာမှာတော့ ပထမဆုံး မဇန်နူးက ကိုစည်သူလွင်ရဲ့ Category တည်းကနေ ပြိုင်ပွဲဝင်နှစ်ယောက် Bottom ထိုင်ရတဲ့အတွက် ကိုစည်သူလွင်ကို အရမ်းကိုယ်ချင်းစာပြီး အရမ်းစိတ်မကောင်းဖြစ်ကြောင်း ပြောရင်း မျက်ရည်တွေ ဝဲတက်လာတဲ့ ကြားကနေ လင်းချစ်ကို အိမ်ပြန်လွှတ်ပြီး ယမုံ့ကို Saving လုပ်ခဲ့ပါတယ်။

ဒုတိယအနေနဲ့ ကိုဇဝါကတော့ စိတ်မကောင်းခြင်းများစွာနဲ့ပဲ ယမုံ့ကို အိမ်ပြန်လွှတ်ပြီး လင်းချစ်ကို Saving လုပ်ခဲ့ပါတယ်။ မငယ်ငယ်ကလည်း တုန်ရီနေတဲ့ အသံတွေနဲ့ပင် ယမုံ့ကို Saving လုပ်ပြန်ပါတယ်။

နောက်ဆုံးအနေနဲ့ ကိုစည်သူလွင်ကတော့ လင်းချစ်ရော ယမုံရောက ကိုစည်သူလွင်ရဲ့ Overs Category တစ်ခုတည်းကလည်းဖြစ်၊ နှစ်ယောက်လုံးကလည်း ကြိုးစားယှဉ်ပြိုင်ခဲ့ကြတာကြောင့် ကိုယ်တိုင် မဆုံးဖြတ်တော့ဘဲ လင်းချစ်ကို Saving လုပ်ရင်း နှစ်မဲ နှစ်မဲစီ သရေဖြစ်စေပြီး ပရိသတ်ရဲ့ အဆုံးအဖြတ်ကို တောင်းဆိုခဲ့သည်။

အဲဒီနောက်မှာတော့ ပရိသတ်ရဲ့ Voting အနည်းအများကို လိုက်ပြီး မဲခွဲဆုံးဖြတ်ရာမှာတော့ နောက်တစ်ပတ် ဆက်ရှိနေခွင့် Saving ကို ယမုံ (X03) က ရရှိခဲ့ပြီး လင်းချစ် (X01) ကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။

 

ဒီတစ်ပတ်မှာလည်း X Factor Myanmar ကနေ ပြိုင်ပွဲဝင်တစ်ယောက်ကို ဝမ်းနည်းစွာ ထပ်မံ နှုတ်ဆက်ခဲ့ရပြန်ပါပြီ။ တစ်ပတ်ထက် တစ်ပတ်ပိုပိုပြီး မရိုးတဲ့ ခေါင်းစဉ်တွေနဲ့ အမျိုးမျိုးဖမ်းစားထားတဲ့ X Factor Myanmar ကတော့ အခုဆိုရင် ပြိုင်ပွဲဝင်ရှစ်ယောက်ပဲ ကျန်ရှိတော့ပါတယ်။

 

နောက်တစ်ပတ်မှာလည်း ဆက်လက်ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် ရှစ်ယောက်ကနေ ဘယ်လိုမျိုး ရင်ခုန်စရာခေါင်းစဉ်တွေကို ဘယ်လိုပုံစံ ဘယ်လိုဟန်တွေနဲ့ ဆက်လက်ကြိုးစားပြီး ယှဉ်ပြိုင်သွားမယ်ဆိုတာကို Popolay နဲ့ အတူတူ ဆက်လက် စောင့်မျှော်ကြည့်ရှု အားပေးကြရအောင်နော်။

News