News

အစဉ်အလာကြီးမားတဲ့ အနုပညာရှင်တွေနဲ့အတူ The X-Factor Myanmar ပြန်လာပြီ

14 Sep 2018

50 Views

ပရိသတ်များရဲ့ အားပေးမှုကြောင့် တခဲနက် အောင်မြင်လာခဲ့တဲ့ The X-Factor Myanmar ဟာ အခုဆိုရင် Season 3  တိုင်အောင် ခရီးဆက်နိုင်ခဲ့ပြန်ပါပြီ။

Season 1 ရဲ့ Winner “ထွန်းနောင်ဆင့်”၊ Season 2 ရဲ့ Winner “David Derrick” တို့ကို ပရိသတ်ကြီး မေ့ဦးမယ်မထင်ပါဘူးနော်..?
ဒီတစ်ခေါက် The X-Factor Myanmar ဆိုရင် အစီစဉ် အစမှာထဲက ထူးခြားမှုတွေ၊ အပြောင်းအလဲတွေနဲ့ ပွဲထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Season 2 မှာတော့ ဒိုင်လူကြီး တစ်ဦးသာ အပြောင်းအလဲရှိခဲ့ပေမယ့် ယခုနှစ် Season 3 မှာ ဒိုင်လူကြီး ၂ ဦး ထပ်မံ ပြောင်းလဲထားပါတယ်။

The X-Factor Myanmar Season 3 မှာ ဒိုင်လူကြီးများအဖြစ် တာဝန်ယူဆောင်ရွက်ကြမှာကတော့ အမိုက်စားအနုပညာရှင်တွေဖြစ်ကြတဲ့ “ဂရေဟမ်” “L ဆိုင်းဇီ” “ဇမ်နူး” နဲ့ “ဇဝါ” တို့ဖြစ်ပါတယ်။ ဒီအနုပညာရှင် ၄ ဦးစလုံးက ပရိသတ်အခိုင်အမာ ရှိထားပြီး အနုပညာလောကမှာ  အစဉ်အလာကြီးမားတဲ့ ဒိုင်လူကြီးမင်းတွေလည်း ဖြစ်ပါတယ်။


ဂရေဟမ်
အနုပညာလောကမှာ ခင်မင်သူတွေက”ပူစူး” လို့ ချစ်စနိုးခေါ်တတ်တဲ့ “ဂရေဟမ်” က တောင်ကြီးမြို့သား စစ်စစ် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အနုပညာအလုပ်ကို ခုံမင်ခဲ့ပြီး ၁၂ နှစ်သားအရွယ်မှာ ဒရမ် စတီးပါတယ်။ ဆယ်တန်းအောင်ပြီး ၁၉၉၁ ခုနှစ် ရန်ကုန်မှာ ဥပဒေအထူးပြုဘာသာရပ်နဲ့ တက္ကသိုလ်တက်ရင်း၊ တစ်ဖက်ကလည်း ဒရမ်တီးခတ်ကာ အနုပညာလောကထဲမှာ စတင်ကျင်ခဲ့ပါတယ်။

သူ့ရဲ့ပထမဦးဆုံး တစ်ကိုယ်တော်အခွေ “အလင်းတံခါး” ၁၉၉၆ ခုနှစ်မှာ ထွက်ခဲ့ပြီး “ဂရေဟမ်” ဆိုတဲ့ အမည်နဲ့ အနုပညာလောကမှာ အခြေကျ နေရာရလာခဲ့သူဖြစ်ပါတယ်။ ထိုအချိန်ကာလက ချစ်သူများနေ့ ခေတ်စားစပြုတဲ့အချိန်လဲဖြစ်ပြီး “လေးလေးဝါး” ပါဝင်ကူညီ အားဖြည့် သီဆိုထားတဲ့ ဒုတိယအခွေ “ဂန္ထဝင်အချစ်နေ့” စီးရီးက လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ စီးရီးလေး ဖြစ်လာခဲ့ပါတယ်။ ဂရေဟမ် ရဲ့  အအောင်မြင်ဆုံးမှတ်တိုင် စီရီးလေးကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ “လက်ဆောင်” စီးရီးပဲဖြစ်ပါတယ်။

ဂရေဟမ် က လက်ရှိအချိန်ထိ တစ်ကိုယ်တော် (၆)ခွေ၊ အတွဲခွေပေါင်းများစွာ၊ ကြော်ငြာတေးသီချင်းပေါင်း များစွာကိုလည်း သီဆိုခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၆ ခုနှစ်က မင်းသမီး ခိုင်သင်းကြည်နဲ့ တွဲကာ ဗီဒီယိုသရုပ်ဆောင်အဖြစ်လည်း လက်ခံရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။
အနုပညာလောကမှာ ယနေ့ထက်ထိတိုင် အောင်မြင်မှုရနေတဲ့ ကို“ဂရေဟမ်” အနေနဲ့ ပြိုင်ပွဲဝင်တွေကို အကောင်းဆုံး လမ်းပြနိုင်ပြီး ပရိသတ်တွေ စိတ်ဝင်စားအောင် တင်ဆက်နိုင်တဲ့ ဒိုင်လူကြီးတစ်ဦးအဖြစ်လည်း The X-Factor Myanmar Season 3 မှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။


L ဆိုင်းဇီ
ရိုးသားပွင့်လင်း ဖြူစင်တဲ့ ကချင်တိုင်းရင်းသူလေး “L ဆိုင်းဇီ” ကလည်း အနုပညာလောကမှာ ၁၄ နှစ်တိုင်တိုင် ပရိသတ်အခိုင်အမာနဲ့ နေရာယူထားတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ ထူးခြားတာက “L ဆိုင်ဇီ” ဟာ ထူးခြားပြောင်မြောက်တဲ့ တေးရေးသူလည်း ဖြစ်တာပါပဲ။ သူမကိုယ်တိုင် ရေးစပ်ထားတဲ့ ကိုယ်ပိုင်သံစဉ် “လှည်ကြည့်ပါဦး” သီချင်းကို ၂၀၀၄/၂၀၀၅ ပတ်ဝန်းကျင်က မေမြို့မှာ ပြုလုပ်ခဲ့တဲ့ “မောင်တို့ချယ်ရီမြေ” လိုက်ဖ်ရှိုးမှာ ပါဝင်သီဆိုခဲ့ရာကနေ တစ်ပုဒ်ဆို ဆိုသလောက် အောင်မြင်သွားခဲ့ပြီး မြန်မာတစ်ပြည်လုံးက သတိထားမိခဲ့ရတဲ့ အနုပညာရှင်လေး ဖြစ်လာခဲ့ပါတယ်။ ဒါဟာ သူမရဲ့ အနုပညာလမ်းခရီး အစဦးပါပဲ။

အဲဒီနောက် အတွဲခွေတွေမှာ ဝင်ရောက်သီဆိုပြီး ထင်ရှားတဲ့ အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေ “ဝေခွဲမရပါလား” ထွက်ရှိခဲ့ပြီးတဲ့အချိန်မှာတော့ မြန်မာပြည်ရဲ့ ထိပ်တန်း အမျိုးသမီးအဆိုရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်ခဲ့သလို City FM ကချီးမြှင့်ခဲ့တဲ့ ဂီတဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

L ဆိုင်းဇီ ဟာ တစ်ကိုယ်တော်အခွေ “ဝေခွဲမရပါလား” “အစွဲလန်းကြီးသူ” တို့ထွက်ရှိထားပြီး အတွဲခွေပေါင်းမြောက်များစွာနဲ့ ဓမ္မတေးအခွေများလည်း ထွက်ရှိထားတဲ့ ဂီတပညာရှင်တစ်ယောက်ဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်အဖြစ်လည်း ဇာတ်ကားအချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

ဂီတပညာကို အဆို၊ အရေး၊ အတီးပါ ကျွမ်းကျင်ပိုင်နိုင်တဲ့ “L ဆိုင်းဇီ” ကို The X-Factor Myanmar Season 3 မှာ ဒိုင်လူကြီးမင်း တစ်ဦးအဖြစ် ထူးထူးခြားခြား တွေ့မြင်ကြရဦးမှာပါ။


ဇဝါ
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေကြတဲ့ အနုပညာရှင်ကြီးတိုင်း “ဇဝါ” ရဲ့ သီချင်းတွေနဲ့ ကင်းမယ်မထင်ပါဘူး။ Rock အပြင်းစားသီချင်းတွေကိုရော သီချင်းချိုချိုလေးတွေကိုပါ ရေးတတ်တဲ့ “ဇဝါ” က သူဝါသနာပါရာ တေးရေးအလုပ်ကို စောက်ချမလုပ်ကိုင်မီမှာ အရောင်းအဝယ်လုပ်ငန်း တစ်ခုနဲ့ အသက်မွေးဝမ်ကြောင်း ပြုခဲ့ပြီးမှ ဆန္ဒနဲ့ဘဝ တစ်ထက်တည်းကျဖို့ အနုပညာလောကထဲ ခြေစုံပစ်ဝင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ တစ်မူထူခြားတဲ့ စားသားသီကုံးပုံစံကြောင့် အချိန်တိုအတွင်းမှာ ဂီတလောကမှာ ထင်ရှားအောင်မြင်တဲ့ တေးရေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အပေါင်းအသင်းမင်တတ်ပြီး လူမှုဆက်ဆံရေးကောင်းလွန်းတဲ့ ကို”ဇဝါ”က The X-Factor Myanmar Season 1 ကနေစပြီး ယခု Season 3 ရောက်သည့်တိုင် လက်တွဲမဖြုတ်ပဲ ဝါသနာရှင်လေးများကို မြေတောင်မြှောက် ကူညီပေးနေတဲ့ ဒိုင်တစ်ဦးလည်း ဖြစ်ပါတယ်။ “ကိုဇဝါ”  ကတော့ အထွေအထူး မိတ်ဆက်နေစရာမလိုပဲ ပရိသတ်နဲ့ ရင်းနှီးပြီးသား ဒိုင်တစ်ဦး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။


ဇမ်နူး
ချင်းတိုင်းရင်းသူလေး “ဇမ်နူး” က The X-Factor Myanmar Season 2 မှာ ဒိုင်အဖြစ် ပါဝင်လာခဲ့သူပါ။ “အိမ်မက်ဆုံရာ” “စတားလက်စ် စကိုင်း” တို့အပြင် သီချင်းဆိုပြိုင်ပွဲ အစီစဉ်အတော်များများမှာ ဒိုင်လူကြီးအဖြစ် အတွေ့အကြုံများစွာ ရှိပါတယ်။

တစ်ကိုယ်တော်အယ်ဘမ် “နှလုံးသားထဲမှာ” စီးရီးထွက်ရှိထားပြီး အတွဲခွေပေါင်းမြောက်များစွာ ထွက်ရှိထားသလို ပရိသတ်တွေနဲ့ မပြတ် ရှိုးပွဲတွေ ဆက်တိုက် ဖျော်ဖြေနေရတဲ့ နာမည်ကျော် အနုပညာရှင်လည်းဖြစ်ပါတယ်။ မကြာခင်မှာလည်း တစ်ကိုယ်တော် အယ်ဘမ် အသစ် တစ်ချက် ထပ်ထွက်ဖို့ရှိနေတယ်လို့ သိထားပါတယ်။

The X-Factor Season 2 မှာ ပြိုင်ပွဲဝင်တွေအပေါ် ဖေးဖေးမမနဲ့ သွန်သင်လမ်းညွှန်မှုလေးတွေကြောင့် ပရိသတ်တွေ သဘောကျအားပေးခဲ့တဲ့ ဒိုင်လူကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ အခု Season 3 မှာလည်း “ဇမ်နူး” ကို ပရိသတ်တွေ The X-Factor Myanmar နဲ့အတူ ပြန်လည် မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။

The X-Factor Myanmar Season 3 ကို စက်တင်ဘာလ (၁၅)ရက် (စနေ့) မှ စတင်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေ ည ၉ နာရီ MRTV-4 ရုပ်သံလိုင်းကနေ စောင့်မျှော်အားပေးကြည့်ရှုနိုင်ကြပါပြီ။





 

News