News

The Voice Myanmar က တစ်ခြား The Voice တွေနဲ့ ဘာကြောင့်မတူရတာလဲ..?

4 Apr 2018

1,542 Views


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က The Voice Myanmar Battle Round ကို ကြည့်ပြီးနောက်မှာတော့ နိုင်ငံတစ်ကာက The Voice ပြိုင်ပွဲတွေနဲ့ နှိုင်းယှဉ်ကာ ပြိုင်ပွဲဝင်တွေကို ရွေးချယ်မှုအပေါ် ပရိသတ်အချို့ အစာမကြေဖြစ်ခဲ့ကြပါတယ်။

The Voice ရဲ့ Battle Round ပြိုင်ပွဲဝင်ပုံ အဆင့်ဆင့်ကတော့ ဤနေရာမှာ ရေးထားခဲ့သလိုပါပဲ။

နည်းပြတွေကိုယ်တိုင် တစ်ကယ်ဝေခွဲရခက်ပြီး ဆုံးဖြတ်ချက်ကို အမှန်ကန်ဆုံးဖြစ်အောင် သတိထားပြီး ရွေးချယ်ရတဲ့ အဆင့်ဖြစ်နေပါတယ်။ ရွေးချယ်မှုမှားသွားရင် ကိုယ့်အသင်းကနေ WINNER တစ်ယောက် ပေါ်ထွက်လာဖို့ ခက်ခဲသွားပါပြီ။
နည်းပြတွေကိုယ်စီကလည်း အပြိုင်အဆိုင်မို့ ကိုယ့်အသင်းအတွက် အကောင်းဆုံးကို ကိုယ်တိုင်ပဲ ဖန်တီးယူနေရပါတယ်။

အရည်အချင်း မတိမ်းမယိမ်းရှိကြတဲ့ ပြိုင်ပွဲဝင်တွေကို မျှမျှတတ ဖြစ်အောင် ရွေးချယ်တွဲပေးထားတာမို့ တစ်ခါတစ်ရံ နည်းပြတွေရဲ့ သဘောထားနဲ့ ပရိသတ်တွေရဲ့အကြိုက် မဆုံဖြစ်လိုက်တဲ့ အချိန်ခါတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ Battle Round ယှဉ်ပြိုင်မှုမှာဆိုရင် “လှိုင်မျိုးသူ နဲ့ Jubilee Tun” ၊ “Woofer နဲ့ ဂျူလီယာဌေး” ၊ “ဂျဝါအောင်မွန်း နဲ့ Waii Ryan” တို့ အတွဲတွေက လူပြောအများဆုံးအတွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီအတွဲတွေမှာဆိုရင် နှစ်ဦးစလုံးက ကောင်းနေတာကြောင့် အိမ်ပြန်လွှတ်ခံရသူတွေကို ပရိသတ်တွေက နှမြောနေကြပါတယ်။


အဲဒီမှာ စတွေ့တာပါပဲ..
နိုင်ငံတစ်ကာက The Voice ပြိုင်ပွဲတွေမှာဆိုရင် Battle Round မှာ ကောင်းသော်လည်း အရွေးမခံလိုက်ရတဲ့ ပြိုင်ပွဲဝင်တွေကို အခြားနည်းပြတစ်ဦးက သဘောကျရင် ကောက်စားလိုက်လို့ရပါတယ်၊ ဒါကို “Steals” လုပ်တယ်လို့ ခေါ်ပါတယ်။ နိုင်ငံတစ်ကာက The Voice ပြိုင်ပွဲတွေနဲ့ ရင်းနှီးပြီးသားပရိသတ်အများစုက ဒီအချက်ကို သိတဲ့အတွက် The Voice Myanmar မှာရော နည်းပြတွေက ဘာလို့ “Steals” မလုပ်တာလဲဆိုတဲ့ ပေါက်ကွဲသံစဉ်လေးတွေ လွင့်ပျံလာခဲ့ပါတယ်။

ဒါလေးကို ရှင်းဖို့အတွက် The Voice ရဲ့ သမိုင်းကို အနည်းငယ်ပြန်ပြောပြပါရစေ။
The Voice အစီစဉ်ဟာ The Voice of Holland က စတဲ့ အစီစဉ်တစ်ခုဖြစ်ပါတယ်။ ဒီအစီစဉ်ကို John de Mol က တီထွင်ဖန်တီးခဲ့ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့မှာ RTL 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီနောက်မှာ The Voice ရဲ့ အစီအစဉ်ကို လူကြိုက်များလာတာကြောင့် ၂၀၁၁ ခုနှစ်က စတင်ပြီး နိုင်ငံတစ်ကာမှာ The Voice က ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း တင်ဆက်နိုင်ဖို့ လိုင်စင်နဲ့ ငှားရမ်းခဲ့ပါတယ်။ နိုင်ငံတစ်ကာမှာလည်း The Voice က အောင်မြင်မှုတွေ ဆက်တိုက်ရခဲ့တာဖြစ်ပါတယ်။

The Voice ရဲ့ နဂိုမူလပြိုင်ပွဲ အဆင့်တွေက 1. Blind Auditions 2. Battle Rounds 3. Live shows တို့ပဲဖြစ်ပါတယ်။
လက်ရှိမှာ အားလုံးမျှော်လင့် ပြောဆိုနေကြတဲ့ “Steals” နဲ့ “Knockout Rounds” ကို ၂၀၁၃  ခုနှစ်မှာမှ စတင်မိတ်ဆက်ခဲ့ပြီး ပြိုင်ပွဲပုံစံ အဆင့်တစ်ဆင့် ထပ်မံတိုးခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် The Voice ရဲ့ စည်းမျဉ်းအရ ပထမဦးဆုံး Season 1 မှာ “Knockout Rounds” ကို ထည့်သွင်းခွင့်မပြုသေးပါဘူး။ ဒါကတော့ အစီစဉ်တစ်ခုကို စတင်မိတ်ဆက်တဲ့အခါမှာ အရိုးရှင်းဆုံး ပုံစံနဲ့ စတင်စေချင်တဲ့ စနစ်ကျတဲ့ အတွေးကြောင့်ဖြစ်ပါတယ်။

“Knockout Rounds” နဲ့ “Steals” ဟာ ချိပ်ဆက်နေပြီး “Knockout” မရှိရင် “Steals” လုပ်ခွင့်လည်း မရှိတာကြောင့် The Voice Myanmar က နည်းပြတွေအနေနဲ့ ဆယ်ယူချင်သော်လည်း ကယ်တင်ခွင့်မရရှိခဲ့ခြင်းဖြစ်ပါတယ်။
နောင်လာမယ့် The Voice Myanmar Seasons တွေမှာတော့ ယခုနှစ် Season 1 ထက်လည်း Blind Audition မှာ နည်းပြတွေအတွက် အသင်းသားတွေ ထပ်တိုးခွင့်ရလာမှာဖြစ်သလို “Knockout Rounds” တွေ “Steals” တွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အခြားနိုင်ငံက The Voice တွေနဲ့ တန်းတူ ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။

The Voice Myanmar အစီစဉ်ကိုတော့ MRTV 4 ရုပ်သံလိုင်ကနေ အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီမှာ အပိုင်းသစ်တွေ ထုတ်လွှင့်မှာဖြစ်ပြီး Replay ပြန်လည်ပြသမှုကိုတော့ အပတ်စဉ် စနေနေ့ည ၉ နာရီမှာ ထုတ်လွှင့်ပေးလျှက်ရှိပါတယ်။

The Voice Myanmar ပရိသတ်ကြီး ကျေနပ်နားလည်နိုင်မယ်လို့ မျှော်လင်းရင်း နောက်လာမယ့် Battle Rounds နဲ့ Live Shows တွေကိုလည်း ဆက်လက်အားပေးကြပါဦး။
 

News