News

နည်းပြတွေ ခေါင်းချင်းဆိုင်ကြရတဲ့ Battle Round 3

28 Apr 2019

1,805 Views


တနင်္ဂနွေနေ့တိုင်း ပရိသတ်တွေ ရင်ခုန်နေကြ The Voice Myanmar ရဲ့ Battle Round တတိယနေ့ညကို ရောက်ရှိလို့လာပြန်ပါပြီ။ ဒီနေ့ညမှာ ပြိုင်ပွဲဝင်တွေရဲ့ ထင်မှတ်မထားတဲ့ ကြိုးစားယှဉ်ပြိုင်ခဲ့မှုတွေကြောင့် နည်းပြတွေ ဆုံးဖြတ်ချက်ချရာမှာ အလှည့်အပြောင်းတွေ အများကြီးနဲ့ ရင်ဆိုခဲ့ရပါတယ်။
 
Blind Audition ကိုကြည့်ပြီး ပြိုင်ပွဲဝင်တွေအပေါ် ပရိသတ်တွေကိုယ်တိုင် ကြိုတင် ထင်ကြေးပေးထားတာတွေနဲ့လည်း  Battle Round မှာ လွဲချော်မှုအနည်းငယ်ဖြစ်ခဲ့ရတဲ့ ညပါ။ နည်းပြတွေကိုယ်တိုင်လည်း ဆုံးဖြတ်ချလိုက်ပြီးမှ မှန်လား မှားလာဆိုတာကို အချင်းခြင်း ခေါင်းခြင်းဆိုင်ပြီး တိုင်ပင်ခဲ့ကြရတာတွေလည်း ရှိခဲ့ပါတယ်။
 
ဒီညကို ပွဲဦးထွက်ယှဉ်ပြိုင်ရမှာတော့ ‘အာဇာနည်’ ရဲ့ အဖွဲ့သားတွေဖြစ်ပါတယ်။ Rock သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တဲ့ စုံတွဲလေးတစ်တွဲကို ‘အာဇာနည်’ နဲ့ ‘ဖိုးကာ’ တို့တိုင်ပင်ပြီး ရွေးထုတ်ပေးလိုက်ပါတယ်။
 
 
“A ဒေး” နဲ့ “ပန်ပန်ကြေးမုံ” တို့ဖြစ်ပါတယ်။ အလွန်ဘက်မျှတဲ့ အတွဲလေးပါ။ သူတို့နှစ်ယောက်အတွက် တေးရေး စောခူဆဲ ရဲ့ လက်ရာ “မီးထဲတိုးမဲ့အချစ်များ” သီချင်းကို ရွေးချယ်ပေးထားပါတယ်။
 
 
Blind Audition တုန်းကဆိုရင် “A ဒေး” က သာဒီးလူရဲ့ ‘ဘီးကျဲ’ နဲ့ ယှဉ်ပြိုင်ခဲ့ပြီး “ပန်ပန်ကြေးမုံ” ကတော့ တင်ဇာမော်ရဲ့ ‘ပုထုဇဉ်’ နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူတို့ နှစ်ဦးစလုံးက Rocker တွေ ဖြစ်လို့ ဒီသီချင်းလေးက သူတို့နဲ့ လိုက်ဖက်မှာသေချာပါတယ်။ ဘယ်သူက Battle Round မှာ အသာစီးရပြီး နောက်တစ်ဆင့် တက်သွားဦးမလဲ ဆိုတာကတော့..။
 
 
 
Battle Round ရဲ့ ဒုတိယအတွဲကတော့ ‘နီနီခင်ဇော်’ ရဲ့ အဖွဲ့ထဲက ယှဉ်ပြိုင်ဖို့ အလှည့်ကျပါတယ်။ ဒီတစ်ခါတော့ ယောက်ျားလေးပြိုင်ပွဲဝင်နှစ်ယောက် “Nicolas” နဲ့ “Bi Ko” တို့ကို ရွေးချယ်တွဲပေးထားပါတယ်။
 
 
သူတို့နှစ်ယောက်လုံးက Blind Audition မှာ အင်္ဂလိပ်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပေမယ့် အခု Battle မှာတော့ တင်ဇာမော်ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ “ဧည့်သည်” ကို အတူသီဆိုပြီး ယှဉ်ပြိုင်သွားကြရမှာပါ။ ဒီသီချင်းကို အယ်ဖြူ က ရေးဖွဲ့ပေးထားတာဖြစ်ပါတယ်။
 
 
သူတို့နှစ်ဦးစလုံးဟာ ဆိုရခက်ခဲတဲ့ အင်္ဂလိပ်သီချင်းတွေကို ပင်ကိုယ်ဟန်နဲ့ ရအောင်ကျော်ဖြတ်သီဆိုနိုင်တာခြင်းလဲ တူတာမို့ ယခု Battle ဟာ သူတို့နှစ်ယောက်အတွက် တစ်ကယ်အရေးကြီးတဲ့ အားပြိုင်မှုလည်းဖြစ်ပါတယ်။ ဟာမိုနီတွေ အသံအတက်အဆင်းတွေနဲ့ ထုံမွှမ်းနေတဲ့ ‘ဧည့်သည်’ သီချင်းမှာ ဘယ်သူကများ ဧည့်သည်အဖြစ်နဲ့ ခွဲခွာသွားရမလဲဆိုတာ ရင်ခုန်ရပါတယ်။
 
 
 
ရက်ပ်ပါကြီး ‘ရန်ရန်ချန်း’ က သူ့အဖွဲ့သားတွေထဲကနေ လိုက်ဖက်ညီမယ်လို့ ယူဆထားတဲ့ “ရတီ” နဲ့ “အာကာအောင်ခင်ဝင်း” တို့ကို တွဲပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်စလုံးကလည်း ဂီတလောကမှာ ကျင်လည်နေကြပြီး အတွေ့အကြုံအများကြီးရှိကြတဲ့သူတွေဖြစ်ပါတယ်။
 
 
“ရတီ” က Blind Audition တုန်းက ‘အရှုံးထက်ပိုသော’ သီချင်းနဲ့ ပိုင်ပိုင်နိုင်နိုင် သီဆိုပြသွားခဲ့သလို “အာကာအောင်ခင်ဝင်း” ကလည်း ‘ငါတမ်းတနေမှာ’ ဆိုတဲ့ သီချင်းကို ခံစားချက်အပြည့်နဲ့ ဆိုပြနိုင်ခဲ့တဲ့အတွက် နည်းပြတွေနဲ့ ပရိသတ်တွေကပါ တခဲနက် အားပေးခဲ့ကြရတဲ့ သူတွေလည်းဖြစ်ပါတယ်။
 
 
သူတို့နှစ်ယောက်အတွက် ‘ရန်ရန်ချန်း’ ရွေးပေးထားတဲ့သီချင်းက တေးရေး မောင်သစ်မင်းရဲ့ “ဇာတ်တော်ထဲမှာအလွမ်းဆုံး” ဖြစ်ပါတယ်။ အရမ်းအောင်မြင်ခဲ့တဲ့ သီချင်းဖြစ်ပြီး အဆိုတော်ကြီးတွေ အဆက်ဆက် လက်ဆင့်ကမ်း သီဆိုခဲ့ကြတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ 
ဒါပေမယ့် ဒီသီချင်းကို စုံတွဲသီဆိုတာကိုတော့ မကြားဖူးသေးပါဘူး။ ဒီနေ့ညမှာ “ဇာတ်တော်ထဲမှာအလွမ်းဆုံး” သီချင်းကို စုံတွဲဗားရှင်းနဲ့ ခံစားနားဆင်ရင်း Battle Round ရဲ့ Winner ကို ကြည့်ကြရအောင်..။
 
 
 
ဒီနေ့အတွက် Team R Zarni ကနေ ဒုတိယမြောက်ပွဲထုတ်လာတဲ့ အတွဲကတော့ “ခန့်ရှိုင်း” နဲ့ “ထင်ကြီး” တို့ ဖြစ်ပါတယ်။ သူတို့အတွက် “နောက်ဆုံးသဘောထား” ဆိုတဲ့ သီချင်းကလည်း အသင့်ဖြစ်နေပါပြီ။
ဒီသီချင်းလေးကို ‘ကေအေတီ’ ရေးဖွဲ့ခဲ့ပြီး ‘အာဇာနည်’ နဲ့ ‘ဇော်ပိုင်’ တို့လည်း နှစ်ယောက်တွဲလေး ပြန်ဆိုထားပါသေးတယ်။
 
 
“ခန့်ရှိုင်း” နဲ့ “ထင်ကြီး” တို့ နှစ်ယောက်စလုံးရဲ့ Blind Audition မှာ သီဆိုခဲ့တဲ့ သီချင်းတွေအရဆိုရင် မြူးမြူးကြွကြွ ရော့ခ်အပြင်းစားတွေ နှစ်သက်တာခြင်း တူတယ်လို့ သုံးသပ်မိပါတယ်။ “ခန့်ရှိုင်း” က ‘ဝေဒနာ’ သီချင်း၊ “ထင်ကြီး” က ‘ရှေ့ကလမ်းမများ’ သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
 
 
အခုယှဉ်ပြိုင်ရမယ့် “နောက်ဆုံးသဘောထား” သီချင်းကတော့ အချစ်သီချင်း ညိမ့်ညိမ့်လေးဖြစ်ပြီး ခံစားသက်ဝင်မှုအပြည့်နဲ့ အဝင်အထွက်လေးတွေ အပေးယူမျှမျှ သီဆိုနိုင်မှသာ သီချင်းရဲ့ ရသကို ပေါ်လွင်စေနိုင်တာမို့ သူတို့နှစ်ဦးအတွက်တော့ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ သီချင်းလေးဖြစ်ပါတယ်။ Battle မှာ သယ်သူက နှာတဖျားအသာနဲ့ နောက်တစ်ဆင့် တက်သွားဦးမလဲဆိုတာ ခံစားနားဆင်စေချင်ပါတယ်။
 
 
 
ထူးထူးခြားခြားတွေ လုပ်ပြတတ်လို့ အားလုံးစောင့်ကြည့်နေကြရတဲ့ ‘ကျားပေါက်’ ရဲ့ အဖွဲ့ဝင်တွေလာပါပြီ။ အရွယ်အစားခြင်း မတိမ်းမယိမ်းတူတဲ့ “Ronnie” နဲ့ “Kim Kim” တို့ကို တွဲပေးထားပါတယ်။
 
 
ကလေးသာသာ ချစ်စရာ ဆယ်ကျော်သက်လေးတွေနဲ့ လိုက်ဖက်မယ့် “ဟောလိဝုဒ်” သီချင်းကို သူတို့နှစ်ယောက်အတွက် ‘ကျားပေါက်’ စီစဉ်ပေးထားပါတယ်။ တေးရေး ကိုလေးလွင် ရဲ့ “ဟောလိဝုဒ်” က အဆိုတော်ရုပ်ရှင်မင်းသမီး ‘ထွန်းအိန္ဒြာဗို’ ကနေ ယနေ့ခေတ် လူငယ်ကြိုက်အဆိုရှင် ‘စန္ဒီမြင့်လွင်’ ထိ အောင်မြင်ကျော်ကြားနေဆဲ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
 
 
စင်ပေါ်မှာ လှုပ်လှုပ်ရွရွ အိုက်တင်အပြည့်နဲ့ သီဆိုမှသာ သီချင်းစာသား၊ တီးလုံးတွေနဲ့ လိုက်ဖက်မှာမို့ အဆိုပညာပိုင်းအပြင် ပါဖောင်းမန့်စ် ကိုလည်း ထည့်တွက်ရမယ့် အခြေအနေမို့ “Ronnie” နဲ့ “Kim Kim” တို့ နှစ်ဦးစလုံးအတွက် အရေးကြီးပါတယ်။ နည်းပြ ‘ကျားပေါက်’ ရဲ့ အမြင်၊ ခံစားမှုနဲ့ စိတ်ကူးစိတ်သန်းတွေကို ပရိသတ်တွေအနေနဲ့ ခန့်မှန်းရ ခက်လှတာကြောင့် ထုံးစံအတိုင်း သူ့ရဲ့ဆုံးဖြတ်ချက်တွေက ပရိသတ်ကို ရသတစ်ခုပေးနိုင်မှာ သေချာပါတယ်။
 
 
 
တတိယမြောက် Battle Round ရဲ့ နောက်ဆုံး အတွဲကတော့ The Voice Myanmar မှာ ပရိသတ်အားပေးမှုအများဆုံး ပြိုင်ပွဲဝင်တွေ စုစည်းနေတဲ့ Team ‘ကျားပေါက်’ ရဲ့ ဒုတိယအလှည့်ဖြစ်ပါတယ်။ သူ့အဖွဲ့ထဲကမှ အဆိုတော်ကြီး ‘တာရာ’ ရဲ့ သားဖြစ်တဲ့ “ဂျူဂျူး” နဲ့ Blind Audition မှာ နည်းပြတွေကို အံ့အားသင့်စေခဲ့တဲ့ “Judson Fish” တို့ကို တွဲပေးထားပါတယ်။
 
 
ကေအေတီ ရေးစပ်ထားပြီး ‘ဂျီလတ်’ သီဆိုအောင်မြင်ခဲ့တဲ့ “ကြိုနေစေချင်တယ်” သီချင်းကို ရွေးချယ်ပေးထားပါတယ်။ သူတို့နှစ်ဦးစလုံးက Pop ဂီတကို မြတ်နိုးကြသူတွေဖြစ်ပြီး သီချင်းတိုင်းမှာ ကိုယ်ပိုင်ဟန်တွေ စတိုင်တွေ ကွန့်ညွန့်ဖန်တီးသီဆိုတတ်တာကြောင့် နည်းပြတွေနဲ့ ပရိသတ်တွေ သဘောကျခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေလည်းဖြစ်ပါတယ်။
 
 
“ကြိုနေစေချင်တယ်” သီချင်းကို တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ဘယ်လိုဗားရှင်း ပုံစံအသစ်တွေနဲ့ သီဆိုသွားကြမလဲဆိုတာကတော့ ခန့်မှန်းရခက်တာကြောင့် ကိုယ်တိုင် နားဆင်ခံစားကြည့်စေချင်ပါတယ်။
 
 
 
ဒီနေ့ညရဲ့ Battle Round ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီနေ့ညရဲ့ ပြိုင်ပွဲဝင်တွေကို ဆုံးဖြတ်ရွေးချယ်မှုမှာ ပရိသတ်တွေနဲ့ နည်းပြတွေရဲ့ ဆန္ဒတသားထဲကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လာမယ့် တနင်္ဂနွေဟာ Battle Round ရဲ့ နောက်ဆုံးအပတ်ဖြစ်တာကြောင့် နောက်တစ်ပတ်မှာလည်း ဘယ်ပြိုင်ပွဲဝင်တွေက Season 2 ရဲ့ Round အသစ်ဖြစ်တဲ့ “Knock Out” ကို တက်လှမ်းသွားဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပါဦး။
 
The Voice Myanmar ရဲ့ သတင်းတွေကို အစောဆုံးဖော်ပြပေးနေတဲ့ Official Page ဖြစ်တဲ့ The Voice Myanmar Facebook Page ကိုလည်း Like & See First လုပ်ထားဖို့ မမေ့ပါနဲ့နော်။
 

News