1. Home
  2. Special or Others

The Voice Myanmar Season (1) ရဲ့ နည်းပြ လေးဦးရဲ့ အကြောင်း စပ်စပ်စုစု

Special or Others ม.ค. 06, 2561 view 1,922

နိုင်ငံတစ်ကာတွင် ထုတ်လွှင့်တင်ဆက်လျှက်ရှိပြီး ကမ္ဘာနံပတ်တစ် သီချင်းဆိုပြိုင်ပွဲကြီး The Voice ကို ၂၀၁၈ ခုနှစ်မှာ The Voice Myanmar အဖြစ် မြန်မာနိုင်ငံကို Forever BEC-Tero ကုမ္ပဏီက ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။   

ဒီလိုအမိုက်စားအစီစဉ်မှာ ပါဝင်ယှဉ်ပြိုင်သူတွေကို ဂီတနားစစ်စစ်နဲ့ပဲ ရွေးချယ်ပေးသွားပြီး ပြိုင်ပွဲဝင်တွေကို မြေတောင်မြှောက် လမ်းညွှန်ကြီးကြပ်နည်းပြပေးမယ့် နည်းပြတွေနဲ့ သူတို့ရဲ့ အနုပညာခရီးလမ်းအစကို ပရိသတ်များ သိရှိအောင် တစ်ဦးချင်းစီနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။

The Voice Myanmar အစီစဉ်ကို လာမည့် ဖေဖော်ဝါရီ (၁၈) ရက်နေ့မှစတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့ည (၉:၀၀) မှာ  MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်တင်ဆက်တော့မှာဖြစ်ပါတယ်။
The Voice Myanmar Season 1 အကောင်းဆုံးအသံပိုင်ရှင် ရွေးချယ်ပွဲကြီးတွင် တာဝန်ယူဆောင်ရွက်မည့် ဂီတအနုပညာရှင် နည်းပြများကတော့...

၁။ ဟန်ထူးလွင် (ခ) ကျားပေါက်


အော်လ်တာနေးတစ်ဗ်၊ ပန့်ရော့ခ် သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုတဲ့ ဂီတအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ တေးရေး၊ တေးဆိုသာမက ဂီတာသမား သီချင်းထုတ်လုပ်သူလည်းဖြစ်တဲ့ “ကျားပေါက်” ဟာ Big Bag အဖွဲ့နဲ့ကိုယ်ပိုင်တီးဝိုင်းကို ၂၀၀၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပထမဦးဆုံး တေးစီးရီးဖြစ်သည့် “Punk For All” အယ်လ်ဘမ်ဖြင့် ပရိသတ်အားပေးမှု အခိုင်မာရရှိခဲ့သူဖြစ်ပါတယ်။

Big Bag အဖွဲ့မတိုင်ခင်က Bloodsugar Politik  နဲ့ Lucid တီးဝိုင်းတို့ကိုလည်း ထူထောင်ခဲ့ဖူးသူဖြစ်ပြီး ဂစ်တာတီးခတ်မှုသာမက စန္ဒယားနဲ့ ဒရမ်တို့ကိုလည်း တီးခတ်နိုင်သူတစ်ဦးဖြစ်ပါတယ်။

‘မယ်တင်’ ‘နားလည်ပါ’ ‘အင်ယားလမ်းကပန်းဆိုင်’ ‘သီးခံ’ ‘ဝေးသွားလည်း’ ‘ကြွေ’ အစရှိသော တေးသီချင်းများနဲ့ ပရိသတ်ရင်ထဲကို နက်ရှိုင်းစွာ ဖြတ်သန်းစီးဆင်းစေခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။  အခုနောက်ဆုံး “Anger Management” အလ်ဘမ် ထွက်ရှိပြီးဖြစ်ပါတယ်။

တေးသီချင်း တီးခတ်၊ ရေးသား၊ သီဆိုမှုသာမက မောဒန်ဝတ္ထုတိုများရေးသားပြီး “ကျားပေါက်” အမည်ဖြင့် လုံးချင်းစာအုပ်များလည်း ရေးသားခဲ့သူဖြစ်ပါတယ်။ သီချင်းဆိုပြိုင်ပွဲ အစီစဉ်များ၊ ရုပ်သံဇာတ်လမ်းတွဲနောက်ခံ သီချင်းများကို စီစဉ်ဖန်တီးပေးနေတဲ့ ဂီတပညာရှင် တစ်ဦးလည်း ဖြစ်ပြီး The Voice Myanmar 2018 Season 1 မှာတော့ ယှဉ်ပြိုင်သူများကို အကဲဖြတ်ရွေးချယ်တဲ့ နည်းပြတစ်ဦးအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။


၂။ လင်းလင်း


The Voice Myanmar အတွက်နည်းပြအဖြစ် တာဝန်ယူမယ့် နောက်ထပ်ဂီတပညာရှင်တစ်ဦးကတော့ “လင်းလင်း” ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်တေးသီချင်းများနဲ့ ရေးဆိုရင်း ဂီတလောကမှာ အောင်မြင်မှုမှတ်တိုင်ခိုင်ခိုင်မာမာ စိုက်ထူထားသူလည်းဖြစ်ပါတယ်။

ပထမဦးဆုံး တစ်ကိုယ်တော်တေးအယ်လ်ဘမ် “စဉ်းစားပါ” ထွက်ရှိခဲ့ပြီး ထူးခြားတဲ့ သီချင်းပုံစံ၊ သီချင်းစားသားနဲ့ သီဆိုဟန်တို့ကြောင့် ပရိသတ်အသိမှတ်ပြုလက်ခံခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်မှာ “အမှန်တရား” “သံမဏိလိပ်ပြာ” “စတုတ္ထတော်လှန်ရေး” စတဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်များ ထွက်ရှိခဲ့ပြီး၊ အခြားအနုပညာရှင်များနဲ့ အတွဲခွေများထွက်ရှိခဲ့ပါတယ်။

ဇနီးဖြစ်သူ အဆိုတော်သရုပ်ဆောင် ချစ်သုဝေ၊ အမွှာသမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်ထားပြီး လက်ရှိမှာ အနုပညာလုပ်ငန်းများ လုပ်ကိုင်လျှက်၊ တစ်ဖက်ကလည်း “Soccer House Café” ကို ဝါသနာအရ ဖွင့်လှစ်ထားသူဖြစ်သည်။

ကိုယ်ပိုင်သံစဉ်ရေးသား သီဆိုသူ “လင်းလင်း” ကလည်း The Voice Myanmar ရဲ့ ပွဲဦးထွက် အစီစဉ် Season 1 မှာ ပြိုင်ပွဲဝင်များကို အကဲဖြတ်ရွေးချယ်လမ်းညွှန်မယ့် နည်းပြတစ်ဦးအဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။



၃။ ရန်ရန်ချမ်း


The Voice ရဲ့ အကဲဖြတ်ညွှန်ကြားသူ လေးဦးထဲမှာ အနုပညာသက်တမ်း အရင့်ဆုံးလို့ ပြောလို့ရတဲ့ ရန်ရန်ချမ်းဟာ ဟစ်ဟော့ပ်ဂီတကို မြန်မာလူငယ်ပရိသတ်နဲ့ ပထမဦးဆုံး ထိတွေ့ရင်းနှီးပေးတဲ့ “ACID” အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Hip Hop ဆိုတာ လူတွေဘာမှန်းနာမလည်၊ ဝေဖန်မှုများကြားကနေ သူတို့ရဲ့ Rap စာသားတွေနဲ့ ပရိသတ်တွေကြားကို ကြိုးစားထိုဖောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်က စတင်ပြီး Hip Hop သီချင်းတွေကို ရေးသားခဲ့ပြီး အတွဲခွေတွေလည်း ထွက်ရှိထားသူဖြစ်ပါတယ်။

မြူးမြူးကြွကြွ တေးသွား၊ စာသားတွေကို ကိုယ်တိုင်သီဆိုဖန်တီးနိုင်တဲ့ ဂီတသမားတစ်ဦးဖြစ်လို့ The Voice Myanmar သီဆိုယှဉ်ပြိုင်မှုမှာ အခြားအကဲဖြတ်ညွှန်ကြားသူ သုံးဦးနဲ့ မတူ၊ တစ်မူထူးခြားတဲ့ ပုံစံနဲ့ မြင်တွေ့သွားကြရမှာဖြစ်ပါတယ်။

The Voice Myanmar 2018 Season 1 အတွက် နည်းပြတစ်ဦးအနေနဲ့ ဆောင်ရွက်သွားမည့် အနုပညာရှင်ကတော့ ပရိသတ်အသည်းစွဲ “နီနီခင်ဇော်” ဖြစ်ပါတယ်။ The Voice Myanmar ရဲ့ နည်းပြ (၄)ဦးထဲမှာ တစ်ဦးတည်းသော အမျိုးသမီးနည်းပြလည်း ဖြစ်ပါတယ်။



၎။ နီနီခင်ဇော်


“နီနီခင်ဇော်” ဟာ  ၂၀၀၈ ခုနှစ် Melody World(သံစဉ်များနှင့်ကမ္ဘာ) သီချင်းဆိုပြိုင်ပွဲတွင် Winner ဆုရှင်ဖြစ်ခဲ့ပြီး ပရိသတ်တခဲနက်အားပေးခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်လာခဲ့ပါတယ်။
တေးရေး မြင့်မိုးအောင် ရေးစပ်ခဲ့တဲ့ “ရန်သူ” သီချင်းဟာ ပရိသတ်ရင်ထဲထိုးဖောက်နိုင်ခဲ့တဲ့ သူမရဲ့ ပထမဦးဆုံး ကိုယ်ပိုင်သီချင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။

တစ်ကိုယ်တော် တေးအယ်လ်ဘမ်များအဖြစ် “မာရီယို” “အနီရောင်” “ယူ” တို့ထွက်ရှိထားပြီး အတွဲခွေများစွာ ထွက်ရှိပြီးထားပါတယ်။ ‘သစ္စာမပျက်ကြေး’ ‘ရပ်’ ‘ဂယ်ဘဲဂယ်ဘဲ’ သီချင်းတို့က ဟစ်ဖြစ်ခဲ့ပြီး တေးရေး ဆောင်းဦးလှိုင် ရေးသားခဲ့တဲ့ ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ သီချင်းကတော့ သူမရဲ့ အအောင်မြင်ဆုံး သီချင်းဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက အာဆီယံနိုင်ငံများအဖွဲ့ နှစ် ၅၀ ပြည့် သီချင်းဆိုပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင်ရန် စေလွှတ်ခံခဲ့ရပြီး ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရရှိပြီး မြန်မာနိုင်ငံဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။
အနုပညာလုပ်ငန်းများနဲ့အတူ “Super Red” အမှတ်တံဆိပ် အလှကုန်ပစ္စည်း ထုတ်လုပ်သူလည်းဖြစ်ပါတယ်။

သီချင်းဆိုပြိုင်ပွဲ အစီစဉ်အချို့မှာ ဒိုင်လူကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲဝင်အဆိုရှင်များအပေါ် အကောင်းဆုံးလမ်းညွှန်မှုများ၊ အကြံဉာဏ်များ ပေးနိုင်ခဲ့တဲ့ ဒိုင်တစ်ဦးအဖြစ် ပရိသတ်အသိမှတ်ပြုခြင်း ခံထားရသူလည်းဖြစ်ပါတယ်။
“နီနီခင်ဇော်” ကို The Voice Myanmar 2018 Season 1 မှာ နည်းပြတစ်ဦးအဖြစ် ပြန်လည်၍ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့ အပ်တ်စဉ်တနင်္ဂနွေနေ့ ည(၉:၀၀)နာရီ ဆိုတာ မမေ့နဲ့ဦးနော်..။
 



Follow us on