1. Home
  2. Good Morning Myanmar

ဂျပန်အဆင့်မြင့်နည်းပညာသုံး အမှိုက်ကနေ စွမ်းအင်ထုတ်စက်ရုံ ပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချလည်ပတ်

Good Morning Myanmar พ.ค. 25, 2560 view 1,421

စွန့်ပစ်အမှိုက်ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်တဲ့ Yangon Waste to Energy Plant စက်ရုံကို ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် မတ်လတည်းက စတင်လည်ပတ်နေတာဖြစ်ပြီး ဒါဟာသဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျှော့ချနိုင်တဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော စက်ရုံဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချနိုင်ပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်တဲ့ Yangon Waste to Energy Plant စက်ရုံရဲ့လုပ်ငန်းစဉ်အတွင်း အမှိုက်ကထွက်တဲ့ ရေဆိုးရေညစ်တွေကို အခြောက်ခံပြန်သုံးတာ၊လေထုထဲကို သန့်စင်တဲ့ဓာတ်ငွေ့ထွက်အောင် အဆင့်ဆင့်စစ်ယူတာ၊ မီးရှို့ဖျက်ဆီးရာမှထွက်လာတဲ့ ပြာတွေကို စနစ်တကျစွန့်ပစ်တာတွေက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချပေးနိုင်တာဖြစ်ပါတယ်။

စက်ရုံနဲ့လှော်ကားဥယျာဉ်ကြားရှိ မြေကွက်လပ်မှာ လည်း လေထုသန့်စင်ပေးနိုင်အောင် ၀ါးပင် ၄၀၀ ကျော်ကို စိုက်ပျိုးနေတယ်လို့သိရပါတယ်။ ရန်ကုန်မြို့ကနေ တစ်ရက်ကို အမှိုက် တန်ချိန် (၄၀၀၀)ကျော်ထွက်ရှိနေပြီး မြေပေါ်ကို တိုက်ရိုက်စွန့်ပစ်တာကြောင့် မီသိန်းဓာတ်ငွေ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိပြီး လေထုညစ်ညမ်းသလို မြေပြင်နဲ့ရေကြောတွေကို ပျက်စီးစေတယ်လို့သိရပါတယ်။

လက်ရှိ မင်္ဂလာဒုံနဲ့အင်းစိန်မြို့နယ်က ဈေးထွက်အမှိုက် တန် ၆၀ ကို စက်ရုံမှာ နေ့စဉ်မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး တစ်နာရီကို လျှပ်စစ်(၇၆၀)ကီလိုဝပ်ထွက်ရှိနေတာ ဖြစ်ပါတယ်။တစ်နာရီထွက်ရှိတဲ့ ကီလိုဝပ်(၇၆၀)ထဲက ကီလိုဝပ် (၃၀၀)ကို စက်ရုံလည်ပတ်ဖို့ အသုံးပြုနေပြီး ကျန်တဲ့လျှပ်စစ်စွမ်းအင်ကို ရွှေပြည်သာမြို့နယ်ရဲ့ 11KV Grid Line ထဲကို ထည့်ပေးနေတယ်လို့သိရပါတယ်။



Follow us on