1. Home
  2. Special or Others

တရုတ်ပြည်မှာ ဖေ့စ်ဘုတ် မရှိပါ၊မြန်မာနိုင်ငံမှာရော ဖေ့ဘွတ်ပိတ်မှာလား..?

Special or Others พ.ค. 26, 2560 view 1,501

တလောက လူငယ်လေးတစ်ယောက်က ဖေ့စ်ဘုတ်ကနေ message တစ်ခုပို့ပြီး မေးလာပါတယ်။တရုတ်နိုင်ငံမှာ ဖေ့စ်ဘုတ်မရှိဘူးဆိုတာ ဟုတ်သလားတဲ့။ ကျွန်တော်က ဟုတ်ပါတယ်လို့ ဖြေလိုက်တယ်။ သူက ဘာဖြစ်လို့လဲတဲ့။ ကျွန်တော်က ပိတ်ထားလို့ပါလို့ ဖြေလိုက်တယ်။ သူရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် ရှည်လွန်းလို့ တိုတိုပဲ ဖြေလိုက်တာပါ။

တကယ်တော့ တရုတ်နိုင်ငံမှာ အရင်က ဖေ့စ်ဘုတ်ကို သုံးနေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဇူလိုင်လမှာ တရုတ်အစိုးရက ဖေ့စ်ဘုတ်ကို လုံးဝပိတ်ပစ်လိုက်ပါတယ်။ ဘာကြောင့်လဲ။

အဲဒီဇူလိုင်လမှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက Xinjiang ပြည်နယ်မှာ တရုတ်မျိုးနွယ်စုတွေအကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူပေါင်း ၁၄၀ သေဆုံးသွားတယ်။ လူထောင်ပေါင်းများစွာ ဒဏ်ရာရကြတယ်။ အကြမ်းဖက်သမားတွေဟာ ဖေ့စ်ဘုတ်ကနေ ဆက်သွယ်ပြီး အကြမ်းဖက်ဖို့ အချိန်းအချက်တွေ လုပ်ကြတယ်၊ လူမျိုးရေးအဓိကရုန်းဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီးတရုတ်အစိုးရက အဲဒီသတင်းတွေကို ဖေ့စ်ဘုတ်မှာ ဖြတ်တောက်ဖျက်ပစ်ချင်ကြတယ်။ ဒါပေမဲ့ သူတို့ လုပ်လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖေ့စ်ဘုတ်က သတင်းအချက်အလက်တွေဟာ အမေရိကန်နိုင်ငံမှာ ရှိကြတဲ့ data center တွေရဲ့ server တွေမှာပဲ သိမ်းထားလို့ပါ။ ဒါကြောင့် တရုတ်အစိုးရဟာ ဖေ့စ်ဘုတ်ကို ထိန်းချုပ်မရလို့ အပြီးပိတ်ပစ်လိုက်တာပါ။

ဒါဆိုရင် တရုတ်နိုင်ငံက လူတွေဟာ ဖေ့စ်ဘုတ်မသုံးရလို့ မကျေနပ်ကြဘူးလားလို့ မေးစရာရှိလာပါတယ်။ မကျေနပ်စရာ မရှိပါဘူး။ ဘာကြောင့်လဲ။

တရုတ်နိုင်ငံမှာ ဖေ့စ်ဘုတ်လို လူမှုကွန်ယက် (social network) တွေ အများကြီး ရှိနေလို့ပါ။ Sina Weibo; Tencent Weibo; WeChat; Renren စတာတွေပါ။ အဲဒီကုမ္ပဏီတွေရဲ့ server တွေဟာ တရုတ်နိုင်ငံအတွင်းမှာ ရှိနေကြလို့ တရုတ်အစိုးရဟာ အကြမ်းဖက်တဲ့ အမုန်းတရားပါတဲ့ လူမျိုးရေးထိခိုက်စေမယ့် သတင်းတွေကို အလွယ်တကူဖြတ်တောက်ဆင်ဆာလုပ်လို့ရတယ်။

ဖေ့စ်ဘုတ်တီထွင်သူနဲ့ CEO မာ့ခ်ဇူကာဘတ်ဟာ တရုတ်နိုင်ငံကို မကြာခဏသွားပြီး ဖေ့စ်ဘုတ်ကို ပြန်ဖွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းပန်တယ်။ ဇူကာဘတ်ဟာ သူ့မိန်းမ Priscilla Chan က တရုတ်အမျိုးသမီး ဖြစ်တာမို့ တရုတ်အစိုးရနဲ့ အတော်ရင်းနှီးပေမယ့် တရုတ်အစိုးရကတော့ ခုထိ No ပါပဲ။

မြန်မာနိုင်ငံမှာရော အမုန်းတရားတွေ လူမျိုးရေးလှုံ့ဆော်တာတွေ ရေးတင်လို့ဆိုပြီး ပိတ်ပစ်နိုင်သလား။ လောလောဆယ် မဖြစ်နိုင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖေ့စ်ဘုတ်ကို ပိတ်လိုက်ရင် တရုတ်နိုင်ငံမှာလို အစားထိုးစရာ မြန်မာပြည်တွင်းဖြစ် လူမှုကွန်ယက်ကုမ္ပဏီ တစ်ခုမှ မရှိသေးလို့ပါ။

ဗန်းမော်သိန်းဖေ
၂၅-၀၅-၂၀၁၇

 



Follow us on