မြန်မာ့ဆိုင်းဖျော်ဖြေတင်ဆက်ရာမှာ အနောက်တိုင်းတူရိယာများ၊ ဖျော်ဖြေတင်ဆက်မှုများ ရောယှက်ထည့်သွင်းခြင်းနဲ့ ပတ်သက်ပြီး ပထမအဆင့်ပညာပေးကာလအဖြစ် စည်မျဉ်း(၁၀)ချက်ကို လိုက်နာဖို့ သဘင်အစည်းအရုံးက ထုတ်ပြန်လိုက်တယ်လို့ မေလ(၂၄)ရက်က ရန်ကုန်မြို့ ဆရာစံပလာဇာမှာပြုလုပ်တဲ့ အောက်မြန်မာပြည် ဆိုင်းပညာရှင်များတွေ့ဆုံဆွေးနွေး ညှိနှိုင်းပွဲမှ သိရပါတယ်။ လက်ရှိ မြန်မာ့ဆိုင်းဖျော်ဖြေတင်ဆက်မှုနဲ့ပတ်သက်ပြီး ဒီနေ့ခေတ်တူရိယာတွေနဲ့ ရောနှောဖျော်ဖြေမှုတွေကြောင့် မြန်မာ့ဆိုင်းမှေးမှိန်ပျောက်ကွယ်မှုတွေမဖြစ်ပေါ်ရအောင် အခုလို ဆိုင်းပညာရှင်တွေ တွေ့ဆုံညှိနှိုင်းပြီး စည်းမျဉ်းတွေထုတ်ပြန်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
ဒီစည်းမျဉ်း(၁၀)ချက်ကိုတော့ အခုလာမယ့် သဘင်ရာသီကစတင်ပြီး ပထမအဆင့် ပညာပေး ကာလအဖြစ်သတ်မှတ်ပြီး လိုက်နာဖို့ကို ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ ဒီစည်းမျဉ်း (၁၀)ချက်မှာ ဆိုင်းပညာရပ်ကို မြန်မာ့ရိုးရာဝတ်စုံတွေကိုသာ ၀တ်ဆင်ဖျော်ဖြေဖို့၊ခေတ်ပေါ်အနောက်တိုင်းအကတွေကို ကပြဖျော်ဖြေခြင်းမပြုဖို့၊ခေတ်ပေါ် တေးသီချင်းတွေကို ကီးဘုတ်အသုံးပြုပြီး ဖျော်ဖြေပွဲတစ်ပွဲမှာ မိနစ်(၆၀)သာဖျော်ဖြေဖို့ အစရှိတဲ့အချက် (၁၀)ချက် ပါဝင်ပါတယ်။
အထက်ပါစည်းကမ်းတွေကို တက်ရောက်လာတဲ့ ဆိုင်းပညာရှင်တွေ အများ သဘောတူဆုံးဖြတ်ခဲ့ကြပြီး မေလ(၂၅)ရက်နေ့မှာတော့ မန္တလေးမြို့မှာ အထက်မြန်မာပြည် ဆိုင်းပညာရှင်တွေက ဒီစည်းမျဉ်း(၁၀)ချက်နဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။