1. Home
  2. Good Morning Myanmar

ဗြိတိန်တွင် အကြမ်းဖက်မှုအန္တရာယ်အဆင့်ကို အရေးကြီးအဆင့်အဖြစ် သတ်မှတ်

Good Morning Myanmar พ.ค. 26, 2560 view 1,391

ဗြိတိန်နိုင်ငံမှာ နောက်ထပ်တိုက်ခိုက်မှုတွေဖြစ်လာနိုင်ချေရှိနေလို့ အကြမ်းဖက်မှုခြိမ်းခြောက်မှု အန္တရာယ်အဆင့်ကို အရေးကြီးအဆင့်အဖြစ် သတ်မှတ်လိုက်ပြီလို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောလိုက်ပါတယ်။မန်ချက်စတာမြို့မှာပြုလုပ်တဲ့ တေးဂီတဖျော်ဖြေပွဲအတွင်း လူ(၂၀)ကျော် သေဆုံးစေခဲ့တဲ့ အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ ၀န်ကြီးချုပ်မေရဲ့ အခုကြေညာချက် ထွက်ပေါ်လာတာပါ။ ဒါ့ပြင် မန်ချက်စတာမြို့မှာ ဗုံးခွဲခဲ့သူလို့ရဲတပ်ဖွဲ့က ယူဆထားတဲ့ ဆယ်လ်မန် အဘီဒီဟာ တိုက်ခိုက်မှုကို တစ်ဦးတည်းလုပ်ခဲ့တာဟုတ်၊မဟုတ်ကို စုံစမ်းစစ်ဆေးသူတွေက အတိအကျမပြောနိုင်သေးတာကြောင့်လည်း အခုလိုကြေညာလိုက်တာဖြစ်တယ်လို့ ၀န်ကြီးချုပ်မေက ပြောပါတယ်။

အရေးပါတဲ့နေရာတွေမှာ လုံခြုံရေးအခြေအနေထိန်းချုပ်ထားနိုင်ဖို့ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ချထားတော့မှာဖြစ်ပါတယ်။ဒါ့ပြင်အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ လုံခြုံရေးရယူနေတဲ့ လက်နက်ကိုင်ရဲတွေကို အကူအညီပေးဖို့ စစ်သားတွေနဲ့ထပ်မံအင်အား ဖြည့်တင်းသွားမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ တေးဂီတဖျော်ဖြေပွဲတွေလို ပွဲအခမ်းအနားတွေမှာ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်သွားမှာဖြစ်ပြီး အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာ ရဲအရာရှိတွေရဲ့ထိန်းချုပ်မှုအောက်မှာ လုံခြုံရေး တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

မန်ချက်စတာဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သူလို့ ရဲတပ်ဖွဲ့က ယူဆထားတဲ့ အသက်(၂၂)နှစ်အရွယ် အဘီဒီဟာ လစ်ဗျားနွယ်ဖွားဖြစ်ပြီး ဒုက္ခသည်ဖြစ်တဲ့မိဘတွေနဲ့အတူ ဗြိတိန်နိုင်ငံထဲရောက်လာခဲ့သူဖြစ်တယ်လို့ BBC က သတင်းဖော်ပြ ပါတယ်။သူဟာ ဆဲလ်ဖို့တက်္ကသိုလ်မှာ ကျောင်းတက်ခဲ့သူဖြစ်ပေမယ့် ကျောင်းမပြီးခဲ့ဘူးလို့လည်း BBC ကဆိုပါတယ်။



Follow us on