1. Home
  2. Myanmar News

ဆိုင်ကယ်စီးနေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံး

Myanmar News พ.ค. 30, 2560 view 1,422

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပုသိမ်-မော်တင်ကားလမ်းပေါ် ကိုင်းချောင်းတံတားအနီး၊ မေ(၂၈)ရက်၊ ညနေ(၄)နာရီခွဲခန့်တွင် ဆိုင်ကယ်မောင်းနှင်လာစဉ် မိုးကြိုးပစ်ခံရပြီး ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူမှာ အခင်းဖြစ်ရာနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်တစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ငပုတောမြို့နယ်၊ ကမ်းနီတမန်ချောင်းရွာနေ မင်းထက်အောင်(၁၇)နှစ် မောင်းနှင်၍ နောက်မှ နေမျိုးနိုင် အသက် (၁၇)နှစ် ထိုင်စီးလာသော ဆိုင်ကယ်သည် ပုသိမ်မှကမ်းနီကျေးရွာသို့ ပြန်လာစဉ် ပုသိမ်မော်တင်ကားလမ်း၊ မိုင်တိုင် အမှတ်(၁၆/၆-၁၆/၇)ကြား ကိုင်းချောင်းတံတား အနီးတွင် မိုးကြိုးပစ်ခံရပြီး ဆိုင်ကယ်နောက်မှ လိုက်ပါ စီးနင်းသူမှာ နားနှင့် မျက်လုံးများမှ သွေးများစီးကျပြီး သေဆုံးခဲ့ကြောင်း ပုသိမ်မြို့နယ်၊ သလပ်ခွာရဲစခန်းမှ သိရသည်။


ဆိုင်ကယ်စီးရင်း မိုးကြိုးပစ်ခံရတာပါ။ ကျွန်တော်တို့ ရောက်သွားတော့ တစ်ယောက်က အသက်မရှိတော့ဘူး။ တခြားတစ်ယောက်ကိုတော့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။”ဟု သလပ်ခွာရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်ထွန်းက ပြောသည်။


မိုးကြိုးပစ်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မင်းထက်အောင်(ခ)ထက်ထက်မှ ခါးအောက်ပိုင်းလှုပ်ရှား မရ၊ ဝဲဒူး ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး တာဝန်ရှိသူများမှ ပုသိမ်ဆေးရုံကြီးသို့ ပိုဆောင်ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။
ပထမတော့ လမ်းသွားလမ်းလာတွေရယ် ပတ်ဝန်းကျင်အနီးအနားရွာတွေက ရိုးရိုးဆိုင်ကယ်မှောက်တာလို့ပဲ ထင်နေတာ။ အသက်ရှင်တဲ့ ကောင်လေးကလည်း စကားလည်းမပြော လှုပ်လဲမလှုပ် ကြောင်သလိုဖြစ်နေတော့ ဘာမှမေးလို့လည်း မရဘူး။”ဟု မိုးကြိုးပစ်ခံရသူများကို တွေ့မြင်ခဲ့ရသူ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာနေ ဦးသန်းအောင်က ပြောသည်။


မိုးကြိုးပစ်ခံရ၍ သေဆုံးသူ နေမျိုးနိုင်ကို ပုသိမ်မြို့နယ်၊ သလပ်ခွာနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၇)အရ ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယခုနှစ်မိုးဦးရာသီတွင် မြန်မာနိုင်ငံတွင် လျှပ်စီးမိုးကြိုးအများအပြားဖြစ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်မှ သတိပေးပြောကြားထားသည်။

Credit: မြစ်မခ
 



Follow us on