1. Home
  2. Good Morning Myanmar

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပြီးမှသာ ၀န်ထမ်းများ လစာတိုးရေး စဉ်စားသင့်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဒုဝန်ကြီးပြော

Good Morning Myanmar พ.ค. 30, 2560 view 1,379

နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးစားဆောင်ရွက်ပြီးမှသာ နိုင်ငံ့ ၀န်ထမ်း တွေရဲ့ လစာစရိတ်တွေကိုတိုးပေးဖို့ စဉ်းစားသွားမယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ၀န်ထမ်းတွေကိုလစာတိုးပေးဖို့ စီစဉ်နေတာနဲ့ပတ်သက်ပြီး မေလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ်္စမပုံမှန်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမဲဆန်္ဒနယ်မှ ဦးမောင်မြင့်က အစိုးရ၀န်ထမ်းတွေရဲ့လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး ကြပ်တည်းမှုကို စာနာထောက်ထားတဲ့အနေနဲ့ လစာတိုးပေးဖို့ အစီအစဉ်ရှိ၊မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ နိုင်ငံဝန်ထမ်းလစာအပြင် နိုင်ငံ့ဝန်ထမ်းပင်စင်လစာ အသုံးစရိတ် တွေကိုကျခံလျက်ရှိပြီး လစာနဲ့အသုံးစရိတ်က စုစုပေါင်းသာမန်အသုံးစရိတ်ရဲ့ ၂၃.၆၆ ရာခိုင်နှုန်းရှိပြီး၊ စုစုပေါင်းအသုံးစရိတ်ရဲ့ ၁၇.၈၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့သိရပါတယ်။ဒါ့အပြင် အခွန်အကောက် ရငွေများတိုးတက်လာတာနဲ့အမျှ နိုင်ငံ့ဝန်ထမ်းတွေရဲ့လစာနှုန်းထားတွေကို တိုးမြှင့်ပေးဖို့ သုံးသပ် ဆောင်ရွက်နိုင်မှာဖြစ်ပြီး လက်ရှိအခြေအနေမှာ သဘာဝဓါတ်ငွေ့၊ကျွန်းသစ်နဲ့သတ္တုစတဲ့ သဘာဝ သယံဇာတ ထုတ်လုပ်ရောင်းချမှုရငွေတွေ ကျဆင်းသွားခြင်း၊နိုင်ငံတော်က ရယူခဲ့တဲ့ ယခင်ကြွေးမြီများ ပေးဆပ်နေရပြီး ပို့ကုန်မြှင့်တင်နိုင်ရေးနဲ့မလိုလားအပ်တဲ့ သွင်းကုန်တွေကိုလျှော့ချနိုင်ဖို့ ဆောင်ရွက်ပြီး နိုင်ငံတော်ရဲ့စီးပွားရေးဦးမော့လာစေဖို့ အဖက်ဖက်ကအထူးကြိုးပမ်းဆောင်ရွက်နေရတဲ့ ကာလ ဖြစ်တယ်လို့ ဒုတိယ၀န်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအတွက် ခေတ်ကာလအခြေအနေနဲ့မကိုက်ညီတဲ့ စရိတ်တွေကို သုံးသပ် တိုးမြှင့်ပေးခြင်း၊အချိန်ပိုလုပ်ခစနစ်ဆုကြေးချီးမြှင့်တဲ့စနစ်များ ပြန်လည်ကျင့်သုံးနိုင်ရန် စီစဉ်နေတယ်လို့သိရပါတယ်။



Follow us on