1. Home
  2. Good Morning Myanmar

လစ်ဗျားတွင် ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှု အီဂျစ်ပြုလုပ်

Good Morning Myanmar พ.ค. 30, 2560 view 1,400

ကိုင်ရိုမြို့အနီးမှာ ကော့တစ်ခရစ်ယာန်တွေကို တင်လာတဲ့ဘတ်စ်ကားတစ်စင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီဂျစ်နိုင်ငံဟာ လစ်ဗျားမှာ ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။စနေနေ့တုန်းကပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ သေနတ်သမားတွေ အသုံးပြုခဲ့တယ်လို့ အီဂျစ်အာဏာပိုင်တွေက အတည်ပြုထားတဲ့ လစ်ဗျားနိုင်ငံထဲကစစ်သွေးကြွ လေ့ကျင့်ရေးစခန်းတွေကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မင်ယာခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့သေနတ်ပစ်ခတ်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ အိုင်အက်စ်အစွန်းရောက်အဖွဲ့က အခိုင်အမာပြောထားပါတယ်။

အီဂျစ်သမ္မတ အက်ဘ်ဒယ်ဖက်တာအယ်လ်စီစီကတော့ အီဂျစ်ပြည်သူတွေကို ကာကွယ်သွားမယ်လို့ ပြောထား ပါတယ်။အီဂျစ်နိုင်ငံအတွင်းက ခရစ်ယာန်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တာကြောင့် နိုင်ငံ အတွင်းက အစလာမ်မစ်နဲ့ခရစ်ယာန်တွေကြားကွဲပြားမှုရှိအောင်ရည်ရွယ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ဒေသခံတွေကပြောထားပြီး အစိုးရရဲ့လေကြောင်းတိုက်ခိုက်မှုကို ထောက်ခံ ထားပါ တယ်။သောကြာနေ့တုန်းကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ သေဆုံးခဲ့(၂၉)ဦးထဲက တစ်ချို့ရဲ့ ဈာပနကို ကျင်းပခဲ့ပြီးလည်းဖြစ်ပါတယ်။

အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းကလည်း ခရစ်ယာန်ဘုရားကျောင်း(၂)ကျောင်းမှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ လူပေါင်း(၄၅)ဦးသေဆုံးခဲ့ပါတယ်။အီဂျစ်နိုင်ငံအတွင်းမှာ ကော့တစ် ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဖြစ်ပွားလေ့ရှိပြီး အီဂျစ်နိုင်ငံအတွင်းက မွတ်စလင် အသိုင်းအ၀ိုင်းကသြဇာရှိသူတွေကတော့ သောကြာနေ့တုန်းက ဖြစ်ခဲ့တဲ့တိုက်ခိုက်မှုကို ရှုတ်ချထား ပါတယ်။



Follow us on