1. Home
  2. Myanmar News

ရဲတပ်ကြပ်တစ်ဦး တိုက်ခန်းဖောက်ထွင်းမှု ကျူးလွန်

Myanmar News มิ.ย. 06, 2560 view 1,459
ပုဇွန်တောင်မြို့နယ် မြောင်းကြီးလမ်းရှိ ပထမထပ် တိုက်ခန်းတစ်ခုကို ဖောက်ထွင်းကာ လက်ဝတ်ရတနာများနှင့် ငွေ သားများခိုးယူခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီး တရားခံမှာ ရဲတပ်ကြပ်တစ်ဦးဖြစ်နေကြောင်း သတင်းရရှိသည်။
 
ပြီးခဲ့သည့် မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီက ပုဇွန်တောင်မြို့ နယ် ရေကျော်ဈေးအနီး မြောင်းကြီးလမ်းရှိ တိုက်ခန်းတစ်ခု၏ ပထမထပ်တွင် နေထိုင်သူက အသက် ၇၄ နှစ်အရွယ် မိခင်ကို နေအိမ်တွင်ထားခဲ့ကာ ဈေးသို့ ထွက်သွားခဲ့သည်။ ထို့နောက် နေအိမ်တွင် ကျန်ခဲ့သည့်၎င်း၏မိခင်က မွန်းလွဲ ၂ နာရီခွဲ၌ တိုက်ခန်းတံခါးကို ပိတ်၍ ရေကျော်လမ်းရှိ သမီးငယ် နေအိမ်သို့သွားစဉ် ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး လက်ဝတ်ရတနာများအပြင် ကျပ် ၇၂ သိန်းခိုးယူခံခဲ့ရခြင်းဖြစ်သည်။
 
ဖောက်ထွင်းဝင်ရောက်ကာ ခိုးမှုကျူးလွန်ခဲ့သည်ကို တိုက်ခန်းအောက်တွင်တပ်ထားသည့် လုံခြုံရေးကင်မရာမှတစ်ဆင့် ခြေရာခံခဲ့ရာ တရားခံဖြစ်သူ ရဲတပ်ကြပ်ကို ဇွန်လ ၃ ရက်က ဖမ်းမိကြောင်း ပုဇွန်တောင် မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
 
ယင်းရဲတပ်ကြပ်သည် ကျိုက္ကဆံရှိ ရဲလိုင်းခန်းနေ ရဲတီးဝိုင်းမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သက်သေခံပစ္စည်းတစ်ဝက်ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါပြစ်မှုကျူးလွန်သူ ရဲတပ်ကြပ်ကို ပုဇွန်တောင်မြို့မရဲစ ခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိသည်။
 
7DayDaily


Follow us on