ရန်ကုန်တိုင်းဒေသကြီး အစိုးရက တာဝန် ပေးထားတဲ့ အိမ်ယာမဲ့(ကျူး)စာရင်းကောက်ယူရေး အဖွဲ့များမှ ဇွန်လ(၈)ရက်နဲ့ (၉)ရက်နှစ်ရက်တာမှာ တောင်ဥက္ကလာပမြို့နယ်က ကျူးကျော်တွေကိုစိစစ်ပြီး စမတ်ကဒ်တွေ ထုတ်ပေးနေတယ်လို့သိရပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ဒါပြီးရင်နောက်ထပ်ကျန်တဲ့ (၁၃) မြို့နယ်ကိုထပ်သွားပြီး စာရင်းကောက်ယူအုံးမှာဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ကျူးကျော်စာရင်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့အစီအစဉ်နဲ့ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ (၂)ရက်ကဒဂုံ မြို့သစ်တောင်ပိုင်းမှာ စတင်ကောက်ယူခဲ့တာဖြစ်ပြီး အခုတောင် ဥက္ကလာပမြို့နယ်နဲ့ဆို (၁၄)မြို့ နယ်ရှိပြီဖြစ်ပါတယ်။ အခုလို စာရင်းမကောက်ခင် ရှေ့ပြေးအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ကျူးကျော်တွေကိုစိစစ်ကာ စလစ်ထုတ်ပေးထားတာဖြစ်ပြီး စလစ်ပါမှ အခုစာရင်းလာ ကောက်ချိန်မှာ စမတ်ကဒ်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။
အခြားလိုအပ်ချက်တွေအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ကျူးကျော်ဖြစ်ကြောင်း စလစ်ထုတ်ပေးခဲ့တာဖြစ်ပြီး ပထမစလစ်ထုတ်ပေးတုန်းက တောင်ဥက္ကလာပမြို့နယ်မှာ အိမ်ထောင်စု(၂၄၀၀)လောက်ရှိပေမယ့် ပြန်လည်စိစစ်လိုက်တော့ အမည်ခံကျူးနဲ့ စီးပွားဖြစ်ကျူးတွေပါနေလို့ထပ်လျှော့လိုက်ရတယ် လွှတ်တော်အမတ်က ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရ တောင်ဥက္ကလာပမြို့နယ်မှာ ရပ်ကွက်ကြီး (၁၃)ခုရှိပြီး လူဦးရေ (တစ်သိန်း ၇သောင်း)နေထိုင်နေတယ်လို့သိရပါတယ်။
အိမ်ယာမဲ့ကျူးကျော် အများဆုံးရှိတာ ကတော့ ၁၄ ရက်ကွက်စီမံကိန်းလို့ သိရပါတယ်။ ဒီအိမ်ယာမဲ့ကျူးကျော် တွေကိုတော့ အချက်အလက်တွေ စိစစ်ပြီး လက်ဗွေရာနဲ့မျက်လုံးအမှတ်အသားယူကာ အသိအမှတ်ပြု (စမတ်ကဒ်)တွေကို တစ်ခါတည်း ထုတ်ပေးနေတာပါ။ အမည်ခံ ကျူးကျော်တွေနဲ့ စီးပွားဖြစ်ကျူးကျော်တွေမပါဖို့နဲ့ အမှန်တကယ်နေစရာမရှိလို့ ကျူးကျော်ဖြစ်နေသူတွေ စာရင်းပါဖို့ကအုပ်ချုပ်ရေးမှူးတွေအပေါ် အများကြီး မူတည်နေတယ်လို့ စာရင်းကောက်ယူရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။