1. Home
  2. Myanmar News

YBS ယာဉ်လိုင်းတွေမှာ Foton ကားသစ်များ စတင်ပြေးဆွဲတော့မည်

Myanmar News มิ.ย. 13, 2560 view 1,815

ပြည်ပမှ တင်သွင်းလာသည့် Foton ဘတ်စ်ကား သစ်များဖြင့်YBS (၈၃) ယာဉ်လိုင်းသစ်တစ်လိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

အဆိုပါ ယာဉ်လိုင်းသစ်တွင် Foton ကားသစ် များကိုသာ အသုံးပြုသွား မည်ဖြစ်ပြီး လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးမှ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်း၊ ရှစ်မိုင် ယင်းမှတစ်ဆင့် ဧရာဝဏ်လမ်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် သို့ ပြေးဆွဲပေးသွားမည်ဟု ၎င်းက ပြောသည်။

''အခုဆိုရင် ယာဉ်လိုင်းပေါင်း ၈၆ လိုင်းလောက် ရှိပါတယ်။ ၈၃ ယာဉ်လိုင်း ကိုတော့Foton ကားသစ်တွေနဲ့ပဲ ပြေးဆွဲမှာဖြစ်ပါတယ်။ ကျန်တဲ့ ကားသစ်တွေကိုလည်း လိုအပ်ချက်ရှိတဲ့ လိုင်းတွေနဲ့ လိုအပ်သလို ထပ်တိုးချဲ့မယ့်လိုင်းတွေမှာ ပြေးဆွဲပေးပါမယ်။ အခု ၈၃ ယာဉ်လိုင်းကတော့ လှိုင်သာယာအခြေပြုပြီး ဒဂုံဆိပ်ကမ်းကို ပြေးဆွဲမှာပါ။ ယာဉ်အစီးရေ ကတော့ ၇ဝ နဲ့ ၁ဝဝ ကြား ထည့်သွင်းပြေးဆွဲမယ်လို့ သိရပါတယ်''ဟု ဒေါက်တာမောင်အောင် က ပြောသည်။

အဆိုပါယာဉ်လိုင်းသစ်၏ ယာဉ်စီးခနှုန်းထားကို ၂ဝဝ ကျပ် သတ်မှတ်ထားပြီး ယာဉ်အစီးရေ ၇ဝ ကျော်ဖြင့် ယခုတစ်ပတ်အတွင်း ပြေးဆွဲသွားမည်ဟု သိရသည်။ ယင်းသို့ ယာဉ်သစ်များဖြင့် ၈၃ ယာဉ်လိုင်းကို ပြေးဆွဲသွား မည်ဖြစ်သည့်အပြင် ယခင်ရှိရင်းစွဲ ယာဉ်ဟောင်းများဖြင့်လည်း ၈၅ ယာဉ်လိုင်းကို လှိုင်သာယာမြို့နယ်အခြေပြုကာ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

အဆိုပါFoton ခရီးသည်တင်ဘတ်စ်ကားများကို ဘက်စုံမြင်ကွင်းကုမ္ပဏီမှ တင်သွင်းလာခြင်း ဖြစ်ပြီး အဆိုပါကုမ္ပဏီအနေဖြင့် ယခင်က မေတ္တာလှိုင်း ယာဉ်လိုင်းများကို ပြေးဆွဲခဲ့သည်။ ယခုFoton ယာဉ်များကို အစီး ၁ဝဝဝ တင်သွင်းလာခဲ့ပြီး အစီးရေ ၄ဝဝ ခန့် ရောက်ရှိနေပြီဖြစ်ကာ လက်ရှိ တွင်YBS ၂ဝ နှင့် ၅၈ ယာဉ်လိုင်းတို့တွင် ယာဉ်သစ်များ ထည့်သွင်းပြေး ဆွဲလျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

Source: MOI Webportal Myanmar



Follow us on