1. Home
  2. Myanmar News

ငါးထောင်တန်၊ တစ်သောင်းတန် ငွေစက္ကူပုံစံဟောင်းများ ဗဟိုဘဏ်မှ ပြန်သိမ်းနေ

Myanmar News มิ.ย. 14, 2560 view 1,821

တန်ဖိုးမြင့်ငွေစက္ကူများဖြစ်သည့် ငွေကျပ်တသောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူဒီဇိုင်းအဟောင်းများ ဗဟိုဘဏ်သို့ ပြန်ဝင်လာပါက သိမ်းယူပြီး ဒီဇိုင်းအသစ်ဖြင့် လဲလှယ်ပေးနေကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ငွေရေးကြေးရေး၊ သတင်း၊ စစ်ဆေးရေးနှင့် လေ့လာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောသည်။
''ပထမဆုံးထုတ်ခဲ့တဲ့ ငွေစက္ကူတသောင်းတန်နဲ့ ငါးထောင်တန်ဒီဇိုင်းအဟောင်းတွေကို အခုနောက်ဆုံးထပ်ထုတ် ထားတဲ့ ငွေစက္ကူဒီဇိုင်းအသစ်နဲ့ လဲပေးနေတာပါ။ အဲဒီငွေစက္ကူဒီဇိုင်းအဟောင်းတွေကို ဗဟိုဘဏ်ထဲ ပြန်ဝင်လာရင် ဒီဇိုင်းအသစ်ငွေစက္ကူတွေကိုပဲ ပြန်ထုတ်ပေးတယ်။ ချက်ချင်းကြီးပြန်သိမ်းလို့ မရပေမဲ့ နောက်ဆိုရင် ဒီဇိုင်းအသစ်နဲ့ ထုတ်ထားတဲ့ ငွေစက္ကူတွေကိုပဲ မြင်ရမှာပါ'' ဟု ညွှန်ကြားရေးမှူးချုပ်က ဇွန် ၇ ရက်တွင် News Watch သို့ ပြောသည်။
၂၀၁၂ ခုနှစ်အတွင်း ပထမဆုံးရိုက်နှိပ်ခဲ့သည့် တသောင်းတန်ငွေစက္ကူများမှာ လုံခြုံရေးအဆင့်အတန်း အားနည်းချက်များကြောင့် ငွေစက္ကူအတုပြုလုပ်မှုများပြားခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ငွေစက္ကူများကို လုံခြုံရေးအဆင့်အတန်းနှင့် ဒီဇိုင်းပုံစံအသစ်ပြောင်းလဲခဲ့သည်။
တသောင်းတန်ငွေစက္ကူဒီဇိုင်းပုံစံအသစ်တွင် တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံအသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဖက်ကို ဗားနစ်အလွှာဖြင့် ဖုံးအုပ်ထားသည်။ ငါးထောင်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး အသုံးပြုမှုသက်တမ်းပိုကြာစေရန်နှင့် အတုပြုလုပ်ခြင်းမှ ကာကွယ်ရန် ငါး ထောင်တန်ငွေစက္ကူသစ်ကို ၂၀၁၄ ခုနှစ်အတွင်းက လုံခြုံရေးကြိုးပုံစံအသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဖက်ကို ဗားနစ်အလွှာဖြင့် ဖုံးအုပ်လျက် ထပ်မံထုတ်ဝေခဲ့သည်။
''ဒီဇိုင်းပုံစံအသစ်ဆိုတာ အခုမှ ထပ်လုပ်မှာမဟုတ်ဘူး။ နောက်ဆုံးဒီဇိုင်းပုံစံပြောင်းခဲ့တဲ့ဟာကို ပြောတာ။ အဲဒီ ဒီဇိုင်းအသစ်နဲ့ အရင်က ဒီဇိုင်းအဟောင်းကို လဲပေးတာ။ ဒီဇိုင်းအသစ်ရော အဟောင်းရော နှစ်ခုစလုံး အသုံးပြုလို့ရတယ်'' ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။


Source: News Watch

 



Follow us on