
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်းတွင် ဖွင့်လှစ်ထားသော MK Travels & Tours ကုမ္ပဏီတစ်ခုကို ဇွန်လ ၁၈ ရက် နေ့လည် ၁ နာရီအချိန်ခန့်တွင် လူ ၂ ဦးဝင်ရောက်ကာ အနုကြမ်းစီးခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၁၈ ရက် နေ့လည် ၁ နာရီအချိန်ခန့်တွင် အဆိုပါ ခရီးသွားကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ မမိုးပွင့်ဖြူနိုင် ဆိုင်ထဲတွင် တစ်ဦးတည်းရှိနေစဉ် လူ ၂ ဦးဝင်ရောက်လာကာ မမိုးပွင့်ဖြူနိုင် ၏ ပါးစပ်ထဲသို့ အဝတ်စများထိုးသွင်း၊ မျက်နှာကို တိတ်အနက်နှင့်ပတ်ကာ ခြေထောက်နှင့် လက်များကိုလည်း တိတ်နှင့် စည်းနှောင်ခဲ့သည်။ ထို့နောက် ထမင်းစားခန်းထဲသို့ ခေါ်သွားပြီးနောက် ငွေကျပ် သိန်း ၅၀ နှင့် လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အနုကြမ်းစီးသူများထဲမှ တစ်ဦးမှာ မျက်နှာကို နှာခေါင်းစည်းဖြင့် ကာထားပြီး ကျန်တစ်ဦးမှာ ဖုံးကာထားခြင်းမရှိကြောင်း သိရှိရသည်။ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးခင်မောင်ဇော် ဘုရားဖူးထွက်နေချိန် မန်နေဂျာတစ်ဦးတည်း ရှိနေချိန်တွင် ယင်းကဲ့သို့ အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး အမှုကိုဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
Source:DVB
comment