1. Home
  2. Good Morning Myanmar

အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးဥပဒေမူကြမ်းကို ဂျပန်လွှတ်တော် အတည်ပြု

Good Morning Myanmar มิ.ย. 19, 2560 view 1,403

အကြမ်းဖက်မှုမျိုးလို ဆိုးရွားတဲ့ရာဇ၀တ်မှုတွေကို ကျူးလွန်ဖို့ ကြံစည်တဲ့လုပ်ရပ်တွေကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်တဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးဥပဒေမူကြမ်းတစ်ခုကို ဂျပန်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ အတိုက်အခံတွေနဲ့ နိုင်ငံသားတစ်ချို့က ကန့်ကွက်ဆန္ဒပြခဲ့တာတွေရှိနေပေမဲ့ ဒီဥပဒေမူကြမ်းကို ၀န်ကြီးချုပ် ရှင်ဇိုအာဘဲ ရဲ့အာဏာရပါတီက အထက်လွှတ်တော်ကို မနေ့ကဇွန်လ (၁၅)ရက်မှာ တင်ပြီး မဲခွဲဆုံးဖြတ်ခဲ့တာပါ။

အစိုးရဘက်ကတော့ (၂၀၂၀) အိုလံပစ်မတိုင်ခင်မှာ လုံခြုံရေးတိုးမြှင့်ဖို့ အခုဥပဒေ လိုအပ်သလို ဂျပန်လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂသဘောတူညီချက်နဲ့လည်း ကိုက်ညီတယ်လို့ ပြောပါတယ်။ ဥပဒေအရ အကြမ်းဖက်မှု ကျူးလွန်ဖို့ကြံစည်သူတွေနဲ့ ရာဇ၀တ်ဂိုဏ်းတို့လို အဖွဲ့အစည်းတွေကို ပစ်မှတ်ထားခံရမှာဖြစ်ပါတယ်။ အကြမ်းဖက်မှု ကျူးလွန်ဖို့ ငွေရှာတာ၊ အကြမ်းဖက်မှုကို ထောက်ခံတာနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့နေရာကို ကြိုတင်လေ့လာတာ မျိုးတွေ လုပ်မယ်ဆိုရင်လည်း ဥပဒေအရအရေးယူခံရမှာဖြစ်ပါတယ်။

ဒါ့ပြင် လူနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက်ပိုတဲ့အဖွဲ့ထဲမှာမှ အဖွဲ့ဝင် တစ်ဦးဟာ ရာဇ၀တ်မှုကျူးလွန်ဖို့ကြံစည်နေတယ်လို့ တွေ့ရှိတယ်ဆိုရင် တစ်ဖွဲ့လုံးအရေးယူခံရမှာဖြစ်ပါတယ်။ ဂျပန်အခြေခံ ဥပဒေအရ ပြစ်မှုကျူးလွန်သူ ကိုသာ အရေးယူတာဖြစ်လို့ ပြစ်မှု မလုပ်ခင်အာဏာပိုင်တွေက အပြစ်မရှိတဲ့ နိုင်ငံသားတွေကို ပစ်မှတ်ထားစောင့်ကြည့်တာဟာ ပြည်သူအခွင့်အရေးနဲ့ ပုဂ္ဂလိကလွတ်လပ်မှုကို ချိုးဖောက်နေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။



Follow us on