1. Home
  2. Myanmar News

YBS ယာဉ်လိုင်းတွေ ထပ်တိုက်ပြန်ပြီ...

Myanmar News ก.ค. 11, 2560 view 1,687

ခရီးသည် အတင်အချပြုလုပ်နေသည့် ဝိုင်ဘီ အက်စ်(၃၅)ယာဉ်လိုင်းမှ ယာဉ်တစ်စီးကို ဝိုင်ဘီအက်စ် (၃၆)ယာဉ်လိုင်းမှ ယာဉ်တစ်စီးက အနောက်မှဝင်တိုက် မှု မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမနှင့် နွယ်ခွေလမ်း ဆုံ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဇူလိုင် ၁၀ ရက်ညနေ၄နာရီခန့်ကဝိုင်ဘီအက်စ်(၃၆)ယာဉ်သည်တစ်ဖက်ယာဉ်ကြောမှဆိုင်ကယ်အားရှောင်စဉ် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းကြောင့် မှတ်တိုင်အတက်အဆင်း ခရီးသည် အမျိုးသားကြီး တစ်ဦးတွင် မျက်ခုံးကွဲဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးတွင်လက်မောင်းနာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးခဲ့သည့် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှသိရသည်။

''ယာဉ်ကအင်းစိန်ရွာမမှာရှိတဲ့ယာဉ်ထိန်းရဲရုံးကိုရောက်နေတယ်ဆိုလို့သွားနေပါတယ်။အဲဒီရောက်မှပဲအကြောင်းစုံသိရမှာပါ။ထိခိုက်ဒဏ်ရာရရှိမှုကတော့ နည်းနည်းပါးပါးလေးပဲလို့ သိရပါတယ်'' ဟု ဝိုင်ဘီအက်စ် (၃၆) ယာဉ်လိုင်းတာဝန်ခံဦးတင်ထွန်းက စံတော်ချိန်သို့ရှင်းပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ''ခရီးသည်နှစ်ဦးကတော့ နာကျင်ဒဏ်ရာလောက်ပဲရတာပါ။ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီခန့်ကလည်း ယင်းမြို့နယ်ပြည်လမ်းရှိ ပျဉ်းမပင်နို့ချက်စက်ရုံရှေ့၌ ဝိုင်ဘီအက်စ် (၅၅) ယာဉ်လိုင်းမှ ယာဉ်တစ်စီးနှင့်(၃၇) ယာဉ်လိုင်း မှ ယာဉ်တစ်စီးတို့မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်စဉ်တွင် ခရီးသည် ၁၀ ဦး သေဆုံးခဲ့ပြီး ၃၈ ဦးဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့ရာ ဝိုင်ဘီအက်စ် (၅၅) ယာဉ်လိုင်းအားဇူလိုင်(၉)ရက်မှစ၍ ပြေးဆွဲခွင့်ပိတ်သိမ်းကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။

Source:The Standard Times

 



Follow us on