1. Home
  2. Good Morning Myanmar

တရုတ်နှင့် အမေရိကန်သမ္မတတို့တွေ့ဆုံ

Good Morning Myanmar ก.ค. 11, 2560 view 1,420

တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ စနေနေ့တုန်းက တွေ့ဆုံခဲ့ကြပါတယ်။နှစ်နိုင်ငံခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုအရေးနဲ့နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။ သမ္မတထရမ့်ဟာ တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ရွေးကောက်ပွဲကာလမှာ ဝေဖန်ခဲ့ဖူးသူဖြစ်ပေမဲ့ သမ္မတတာဝန်ထမ်းဆောင်ချိန်ကစလို့ မြောက်ကိုရီးယား နျူကလီးယားအရေးကို တရုတ်နိုင်ငံနဲ့အတူလက်တွဲ လုပ်ဆောင်လိုတယ်လို့ ပြောထားခဲ့သူ ဖြစ်ပါတယ်။စနေနေ့တုန်းက တွေ့ဆုံပွဲမှာတော့ သမ္မတရှီနဲ့မိတ်ဆွေဖြစ်ရတာကို ဂုဏ်ယူတယ်လို့ သမ္မတထရမ့်ကပြောကြားခဲ့သလို မြောက်ကိုရီးယားအရေးမှာ တရုတ်နိုင်ငံရဲ့ လုပ်ဆောင် ချက်တွေကိုလည်း ချီးကျူးစကားပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအရေးဟာ အချိန်ယူဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်လို့ သမ္မတထရမ့်က သမ္မတရှီနဲ့တွေ့ဆုံချိန်မှာ ပြောဆိုထား ပါတယ်။ သမ္မတရှီကတော့ ကမ္ဘာ့ပဋိက္ခတွေအတွင်း တရုတ်-အမေရိကန်ဆက်ဆံရေးဟာ တည်ငြိမ်အေးချမ်းမှုဦးတည်တဲ့ အပြုသဘောဆောင်ဆက်ဆံရေးရှိထားတယ်လို့ပြောဆိုထားပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံဆက်ဆံရေးဟာ အမှားမခံတဲ့ကိစ္စရပ်တွေကလွဲလို့ နယ်ပယ်တော်တော်များများမှာ တိုးတက်မှုအသစ်တွေရှိထားတယ်လို့လည်း သမ္မတရှီကသမ္မတထရမ့်နဲ့တွေ့ဆုံချိန်မှာ ပြောဆိုထား ပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယားနဲ့ဆွေးနွေးပြောဆိုတာတွေပြုလုပ်ဖို့အရေးကြီးတယ်လို့ သမ္မတ ရှီက ပြောဆိုထားသလို တရုတ်နိုင်ငံဟာ လာမယ့်နှစ်မှာပြုလုပ်မယ့် အမေရိကန်ဦးဆောင်တဲ့ ပစိဖိတ်သမုဒ္ဒရာတစ်ဝှမ်းနိုင်ငံများ စစ်ရေးလေ့ကျင့်မှုမှာလည်း ပါဝင်မယ်လို့ပြောဆိုထားပါတယ်။



Follow us on