ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က လူစုလူဝေးကို စနစ်တကျကိုင်တွယ်ထိန်းသိမ်းနည်း ဆင့်ပွား သင်တန်းကို ဒုတိယအကြိမ်အဖြစ် ဇူလိုင်(၁၀)ရက်က ဖွင့်လှစ်သင်ကြားလိုက်ပါတယ်။ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေပြင်ပ လူစုလူဝေးကို စနစ်တကျကိုင်ကွယ်ထိန်း သိမ်းဖမ်းဆီးရာမှာ နိုင်ငံတကာနည်းတူ စနစ်တကျကိုင်တွယ်နိုင်စေဖို့ လူစုလူဝေးထိန်းသိမ်းနည်း ဆင့်ပွားသင်တန်းကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒီနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် သုဝဏ္ဍအားကစားကွင်းမှာ ဖွင့်လှစ် သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။ ဒီသင်တန်းမှာ တိုင်းရဲတပ်ဖွဲ့ဝင်(၁၅၀)ကို ထည့်သွင်းသင်ကြားပေးနေတာဖြစ်ပြီး သင်တန်းကာလ ၂ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။
သင်တန်းသားတွေအနေနဲ့ကတော့ အခြားပြည်နယ် နဲ့တိုင်းတွေကနေ တာဝန်လွှဲပြောင်းရောက်ရှိလာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့တပ်ဖွဲ့ဝင်အသစ်တွေ အများစုပါဝင်ပြီး တိုင်းရဲတပ်ဖွဲ့က သင်တန်းဆရာတွေအပါအ၀င် သင်တန်းဆရာ(၂၃)ဦးက သင်ကြားပို့ချပေးနေတာ ဖြစ်တယ်လို့ ရဲမှူးလှဝေက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ လူစုလူဝေးကိုင်တွယ်ထိန်းသိမ်းနည်းဆင့်ပွား သင်တန်းကို အခုသင်တန်းအပါဝင် ဒီနှစ်အတွင်း တပ်ဖွဲ့ဝင်(၃၀၀)ကို သင်ကြားပို့ချထားပြီး ဖြစ်တယ်လို့လဲသိရပါတယ်။
ဒီလိုသင်တန်းတွေအပါဝင် နိုင်ငံတကာစံချိန်စံညွှန်တွေနဲ့အညီ ရဲလုပ်ငန်းစဉ် တွေကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဥရောပသမ္မဂနဲ့ပူပေါင်းပြီး ၂၀၁၄ခုနှစ်ကတည်းက သင်ယူလုပ်ဆောင် နေတာလည်းဖြစ်ပါတယ်။ လူစုလူဝေးထိန်းသိမ်းနည်းသင်တန်းကို ၂၀၁၄ခုနှစ်ကနေ လက်ရှိချိန်ထိ ရန်ကုန်တိုင်း အတွင်းက ရဲတပ်ဖွဲ့ဝင်(၃၀၀၀)ကျော်ကို သင်ကြားပို့ချထားပြီဖြစ်တယ်လို့လဲသိရပါတယ်။