1. Home
  2. Myanmar News

က​မ္ဘောဇဘဏ်တွင် ငွေအတု ကျပ်​ ၂၅ သိန်းအပ်နှံမှုနှင့် ပတ်​သက်​၍ မသင်္ကာသူ ၂ ​ဦးကိုဖမ်းဆီး

Myanmar News ก.ค. 12, 2560 view 1,667

ရှမ်းပြည်နယ် တောင်ကြီး ကမ္ဘောဇဘဏ်မှာ ဇူလိုင် ၁၁ ရက်က လာရောက်အပ်နှံတဲ့ ငွေကျပ် သိန်း ၁၀၀ အနက်မှာ ၅၀၀၀ ကျပ်တန် ငွေတုကျပ် ၂၅ သိန်း ပါရှိလာမှုနဲ့ ပတ်သက်ဆက်စပ်နေသူ နှစ်ဦးကို ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။


တောင်ကြီး ကမ္ဘောဇဘဏ်ခွဲ (၃) ကို တောင်ကြီးမြို့ ရွှေသူဌေးကုန်းရပ်ကွက်၊ ပုလဲလမ်းနေ ဒေါ်နန်းခမ်းဆိုင် လာရောက်အပ်နှံငွေ ကျပ် ၁၀၀ သိန်းအနက်မှ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတု ၅၀၀ ရွက် စစ်ဆေးတွေ့ရှိခဲ့ရာကနေ ဆက်စပ်နေသူတွေကို ဖမ်းဆီးစစ်ဆေးခဲ့တာပါ။


အမှုစစ်ဒုရဲအုပ်ဦးကျော်မြင့်က “ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ ငွေပေးငွေယူ ပြုလုပ်ခဲ့တဲ့ ဆက်စပ်နေသူတွေကို ဖမ်းဆီးပြီး ဒီနေ့ပဲ တောင်ကြီးကို ဆက်လက်ပို့ဆောင်ရမှာပါ” လို့ ပြောပါတယ်။
အဲဒီငွေတွေကို ဒေါ်နန်းခမ်းဆိုင်ဆီကို မိုင်းတုံမြို့ မြို့မရပ်နေ ဦးကျော် ဆိုသူက ကားဝယ်ဖို့ လွန်ခဲ့တဲ့ တလခန့် ကအပ်နှံခဲ့တာဖြစ်ပြီး မိုင်းတုံမြို့၊ မြို့မရပ် လမ်းမတော်လမ်းနေ စိုင်းအေး(ခ)စိုင်းသောင်းတင်က ဦးကျော်ရဲ့ ဒိုင်နာအဖြူရောင် (2H/3450) ယာဉ်ကို ဝယ်ယူချိန်က ပေးအပ်ခဲ့တာလို့ သိရပါတယ်။


ဖမ်းဆီးခံခဲ့ရတဲ့ စိုင်းနော်ဖက“ဇွန်လ ၁၄ ရက်နေ့က မိုင်းဆတ် ကမ္ဘောဇဘဏ်ကနေ ကျပ်သိန်း ၄၀၀ ကျော် ထုတ်လာတဲ့အထဲက ဦးစိုင်းအေး ကားဝယ်တာ ငွေလိုနေလို့ ကျပ် ၅၀၀၀ တန် ဆယ်အုပ်စည်း နှစ်စည်း သိန်း ၁၀၀ ကို ဘဏ်က ထုတ်လာပြီး ပေးခဲ့တာပါ။ ဦးစိုင်းအေးကလည်း ဦးကျော်ကို ဇွန်လ ၁၈ ရက်နေ့မှာ ပေးခဲ့တယ်လို့ သိရတယ်။ ကျနော် ထုတ်လာတဲ့ ဘဏ်အစည်းအတိုင်းပဲ ပေးခဲ့တာပါ။ အိမ်မှာ ငယ်စဉ်ကတည်းက အတူနေ လုပ်ကိုင်စားလာကြလို့ သူတို့လင်မယား နှစ်ယောက်လုံးက ရိုးသားလို့ အတိုးမယူဘဲ အကူအညီပေးခဲ့တာပါ” လို့ သင်္ကာမကင်း ဆိုပါတယ်။


သင်္ကာမကင်း ဖမ်းဆီးခံရသူ မိုင်းတုံမြို့၊ လမ်းမတော် မြို့မရပ်ကွက်နေသူ စိုင်းအေး(ခ)စိုင်းသောင်းတင် (အသက် ၄၂-နှစ်)နဲ့ စိုင်းနော်ဖ (အသက်၂၇-နှစ်) တို့ နှစ်ဦးကို ဇူလိုင်လ ၁၂ ရက် နေ့လယ် ၁ နာရီအချိန်လောက်မှာ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကို အပ်နှံဖို့ မိုင်းတုံမြို့မစခန်းမှူး ဒုရဲမှူးသန်းလွင် ဦးစီးလုံခြုံရေးအဖွဲ့နဲ့ မိုင်းတုံမှ တောင်ကြီးကို ထွက်ခွာသွားခဲ့ပါတယ်။


ငွေစက္ကူအတုတွေနဲ့ ပတ်သက် ဆက်စပ်သူတွေကို တောင်ကြီးမြို့မရဲစခန်းမှ (ပ)၆၂/၂၀၁၇ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့အရ အမှုဖွင့် အရေးယူထားပါတယ်။

DVB

 



Follow us on