1. Home
  2. Good Morning Myanmar

မိခင်နှင့်မွေးကင်းစကလေး သေဆုံးမှုလျှော့ချနိုင်ဖို့ အသိပညာပေးလုပ်ငန်းတွေ အဆက်မပြတ်ဆောင်ရွက်ကြဖို့ ဒုတိယသမ္မတ တိုက်တွန်း

Good Morning Myanmar ก.ค. 13, 2560 view 1,397

မိခင်နှင့်ကလေးသေဆုံးမူတွေ နာမကျန်းဖြစ်မှုတွေကိုလျှော့ချနိုင်ဖို့ မိခင်နှင့်ကလေး စောင့်ရှောက်မှုနဲ့အသိပညာပေးလုပ်ငန်းတွေကို အဆက်မပြတ်လုပ်ဆောင်ကြဖို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက တိုက်တွန်းလိုက်ပါတယ်။ ဇူလိုင်လ ၁၁ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနား အဖွင့်မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ပြောကြားလိုက်တာပါ။ ၂၀၁၄ ခုနှစ်ကကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွေအရ ကလေးအရှင် ၁သိန်းမွေးတိုင်း မိခင်၂၈၂ယောက်ဟာ သေဆုံးနေရဆဲလို့ သိရပြီး ၁၉၉၀ခုနှစ်က ကလေးအရှင် တစ်သိန်းမွေဖွားရင် မိခင် ၅၂၀ သေဆုံးတာနဲ့စာရင် ထက်ဝက်နီးပါးအထိ လျှော့ချနိုင်ခဲ့ပေမဲ့ မိခင်သေဆုံးနှုန်းဟာ များပြားနေဆဲလို့သိရပါတယ်။

ဒါ့ကြောင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုအပ်သလိုတိုက်ရိုက်ဆက်စပ်နေတဲ့ မိသားစုစီမံကိန်းနဲ့မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတွေ ကိုလည်း အရည်အသွေးကောင်းမွန်အောင်လုပ်ဆောင်ပြီး လူတိုင်းလက်လှမ်းမီအောင် ဆောင်ရွက် ဖို့လည်း လိုအပ်တယ်လို့ဆိုပါတယ်။ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံကအမျိုးသမီးတစ်ဦးလျှင် ကလေး (၂ဒသမ၅)ယောက်နှုန်း မွေးဖွားကြောင်းတွေ့ရှိရပြီး ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်အတန်အသင့် မြင့်မားနေဆဲဖြစ်ကာ အသက်၁၅နှစ်မှ ၄၉ နှစ်ကြား ကလေးမွေးဖွားနိုင်တဲ့ လူဦးရေဟာလဲ ၁၅သန်းခန့်ရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့်ပြည်သူတွေရဲ့စွမ်းရည်မြှင့်တင်နိုင်ဖို့မိသားစုစီမံကိန်းတွေဟာအရေးကြီးပြီးနိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့လက်တွဲဆောင်ရွက်လျက်ရှိကာ ပြည်တွင်းပြည်ပနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လူဦးရေဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာနိုင်ငံ အစိုးရရဲ့ ကြိုးပမ်းမှုတွေမှာ ကူညီကြဖို့လည်း ဒုတိယသမ္မတက တိုက်တွန်းခဲ့ပါတယ်။



Follow us on