1. Home
  2. Special or Others

တရုတ်ကောလ်စင်တာရိုက်စားဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့ဝင်ရောက်စီးနင်း

Special or Others ก.ค. 24, 2560 view 1,458

ထိုင်းရဲ့ လူဝင်မှုကြီးကြပ်ရေးဗျူရိုအဖွဲ့ဟာ ရုံးအတည်တကျမစိုက်ထားရသေးတဲ့ နိုင်ငံတကာ ကောစင်တာ ရိုက်စားဂိုဏ်းတစ်ခုကို ၀င်ရောက်စီးနင်းမှုကြီးအတွင်း ဘန်ကောက်နဲ့အနီးကပြည်နယ်တွေမှာ အိမ်တွေငှားပြီးနေထိုင်နေတဲ့ မသင်္ကာဖွယ် တရုတ် ၁၉ ဦးနဲ့ ထိုင်ဝမ် ၂၅ ဦးတို့ကိုဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံခြောက်နိုင်ငံထက်မနည်းနဲ့ ထိုင်းကြံရာပါ ငါးဦးထက်မနည်းပါဝင်တဲ့ သည်ဂိုဏ်းဟာ လူတစ်ထောင်ခန့်ကို လိမ်လည် လှည့်ဖြားပြီးတော့ ထိုင်းဘတ်ငွေ သန်းတစ်ရာ (စင်ကာပူဒေါ်လာ၎.၁သန်း) ခိုးယူထားပြီးပြီလို့ ဗျူရိုရဲချုပ် ဒုတိယရဲမှူးချုပ် နတ်သွန်းပရိုစွန်သွန်းက တနင်္ဂနွေနေ့မှာ မီဒီယာကိုပြောပါတယ်။ သည်ဂိုဏ်းရဲ့ထိုင်းကြံရာပါတွေဟာ ပစ္စည်းကိရိယာတွေကိုဝယ်ယူတာ၊ အိမ်တွေငှားရမ်းပေးတာနဲ့ ဘဏ်အကောင့်ဖွင့် ပေးတာတွေပြုလုပ်ပေးခဲ့တယ်လို့ နတ်သွန်းကပြောပါတယ်။

သည်မသင်္ကာဖွယ်လူတွေရဲ့ ရက်ကိုးဆယ်ခရီးသွားဗီဇာတွေကို ရဲတွေပြန်သိမ်းယူခဲ့ပြီးနောက် တရားစွဲဆိုမှုတွေပြုလုပ် သွားမှာဖြစ်ပြီး တရုတ်နိုင်ငံမှာ ဥပဒေအရအရေးယူဖို့ နေရပ်ပြန်နှင်ပေးသွားမယ့်အကြောင်း အသိပေးထားတယ်လို့ သူကထပ်ပြီးပြောပါတယ်။ ရဲတွေဟာ ထိုင်းနိုင်ငံတွင်းလုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တစ်ရာရှိတဲ့ ဂိုဏ်းတစ်ခုကိုနှိမ်နင်းဖို့အတွက် တရုတ်သံရုံးနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ သည်ဂိုဏ်းဟာ တရုတ်က သက်ကြီးရွယ်အိုတွေ၊ အငြိမ်းစားလူကြီးတွေကိုအဓိကပစ်မှတ်ထားပြီး VoIP အင်တာနက် ဖုန်းနဲ့ ဆက်သွယ်ကာ သူတို့ကိုယ်သူတို့ ဘဏ်အရာရှိတွေအဖြစ်ဟန်ဆောင်ပြီး သည်သားကောင်တွေကို မူးယစ်ဆေး သုံးစွဲတဲ့ ပြစ်မှုကျူးလွန်သူတွေအဖြစ် လိမ်ညာစွပ်စွဲကြပါတယ်။

သည့်နောက်မှာတော့ သူတို့က အဆိုပါသားကောင်တွေအနေနဲ့ ပြစ်မှုကင်းရှင်းကြောင်းသက်သေပြဖို့ အချက်အလက် တွေတောင်းဆိုပြီးနောက် ငွေထုတ်စက်တွေမှာ စစ်ဆေးဖို့လုပ်ထုံးလုပ်နည်းတွေလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ သည်လုပ်ထုံးလုပ်နည်းဟာ စွပ်စွဲခံရသူတွေရဲ့ဘဏ်အကောင့်တွေ အသိမ်းမခံရအောင်ကြိုတင်တားဆီးပေးတာဖြစ်တယ်လို့ ဆိုပေမယ့် အမှန်တကယ်မှာတော့ စွပ်စွဲခံလိုက်ရသူတွေမသိလိုက်ဘဲ အဆိုပါလူဆိုးဂိုဏ်းအဖွဲ့ကို ငွေလွှဲပေး လိုက်တာပဲ ဖြစ်ပါတယ်။ သည်ဂိုဏ်းအဖွဲ့ ကောလ်စင်တာအဖြစ်အသုံးပြုနေတဲ့ အိမ်တွေက တပ်ထားတဲ့စီစီတီဗီကနေတစ်ဆင့် သူတို့အသုံးပြုတဲ့ မိုဘိုင်းဖုန်းတွေ၊ လက်တော့တွေနဲ့အခြားပစ္စည်းတွေအပါအ၀င် သက်သေအထောက်အထားတွေကိုသိမ်းဆည်းမိခဲ့ပါတယ်။

Credit : kumudranews



Follow us on