
ပြည်ထောင်စုဝန်ကြီးအဆင့်နဲ့ ဒုဝန်ကြီးအဆင့်ပုဂ္ဂိုလ်တွေ ပြည်ပနိုင်ငံတွေကို သွားရောက်ရာမှာ လက်ဆောင်ပစ္စည်းဝယ်ယူဖို့ စရိတ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး သဘောတူညီချက်အရ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ စီမံဘဏ္ဍာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ်တွေအတွက် လက်ဆောင်ပစ္စည်း ဝယ်ယူစရိတ်ကို မူလက ကျပ် ၅ သောင်း သတ်မှတ်ထားရာက ကျပ် ၂ သိန်း တိုးမြှင့် သတ်မှတ်လိုက်ပြီး၊ ဒုဝန်ကြီးတွေအတွက်တော့ ကျပ် ၂ သောင်းကနေ ကျပ် ၁ သိန်း တိုးမြှင့်သတ်မှတ်လိုက်တာပါ။

စီမံဘဏ္ဍာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က “အရင်တုန်းက ပေးထားတဲ့ဟာနဲ့ လက်ဆောင်ပစ္စည်းဝယ်ဖို့ အခက်အခဲရှိလို့နေမှာပေါ့။ ကျနော် နားလည်တာတော့ ပမာဏနည်းလို့လို့ နားလည်ပါတယ်။ လက်ဆောင်ပစ္စည်းဆိုတာ ဥပမာ အာဆီယံ ၁၀ နိုင်ငံကို သွားမယ်ဆိုရင် လက်ဆောင်တွေ ပေးကြတာ၊ သူများကို ပေးဖို့ ကိုယ့်ဒေသထွက် ပစ္စည်းလေးတွေပေါ့နော်၊ ဟိုမှာ လက်ဆောင်ပေးဖို့ပေါ့”လို့ ပြောပါတယ်။
အသစ် တိုးမြှင့်လိုက်တဲ့ လက်ဆောင်စရိတ် နှုန်းထားသစ်ကို ဇူလိုင် ၁ရက်နေ့ကစပြီး ခံစားခွင့်ပြုမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
Photo : Myanmar President Office
သတင်းရင်းမြစ်−DVB
comment