1. Home
  2. Myanmar News

YBS ၈၅ ယာဉ်လိုင်း သုံးရက်ခန့် ခရီးစဉ် အစအဆုံး မပြေးဆွဲသည့်အတွက် ခရီးသည်များအခက်တွေ့နေ

Myanmar News ส.ค. 04, 2560 view 1,530

၂၀၁ရ ခုနှစ် ဇွန်လကမှ ယာဉ်လိုင်းသစ်ဖြင့် စတင်ပြေးဆွဲခဲ့သည့် YBS ၈၅ ယာဉ်လိုင်းမှာ ဩဂုတ်လ ၁ မှ ၃ ရက်အထိ ယာဉ်မောင်းအချို့ ဂိတ်စ ဂိတ်ဆုံး မောင်းနှင်ခြင်း မရှိခြင်းကြောင့် စီးနင်းမှု အခက်အခဲ ရှိကြောင်း အဆိုပါ ယာဉ်လိုင်းကို စီးနင်းသည့်ခရီးသည်များက ပြောကြားသည်။

ဒီနေ့ကားက ဘီအိုစီ မှတ်တိုင်ကနေ ပြန်ကွေ့သွားတယ်။ ဂိတ်ဆုံးစီးမယ့် အလုပ်သမားတွေ၊ ကျန်တဲ့ခရီးသည်တွေ ကားပေါ်က ဆင်းပေးခဲ့ရတယ်”ဟု ဩဂုတ်လ ၃ ရက်က YBS ၈၅ ယာဉ်ကို စီးနင်းသည့် ခရီးသည် ဦးဝင်းကျော်ဟန်က ဆိုသည်။
ယင်းသို့ ဂိတ်စဂိတ်ဆုံး မမောင်းနှင်ခြင်းမှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး ညနေ ရုံးဆင်းချိန်တွင် သမကုန်းမှတ်တိုင်အထိသာ မောင်းနှင်ကြောင်း၊ ထိုစည်းကမ်းဖောက်ခြင်းကို YRTA သို့ တိုင်ကြားရာတွင်လည်း ဖုန်းနံပါတ် မသိရှိခြင်းကြောင့် တိုင်ကြား၍ မရသေးကြောင်း ၎င်းက ပြောကြားသည်။

ခရီးသည်တွေ နစ်နာတယ်။ YRTA ကို တိုင်ချင်တယ်။ ဖြစ်နိုင်ရင် သတင်းစာကနေ တိုင်လို့ရမယ့် ဖုန်းနံပါတ်ပါ ရေးထည့်ပေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။ ပြည်သူများ၏ တိုင်ကြားမှုများကို အရေးယူ ဆောင်ရွက်နေပြီး ဖုန်းနံပါတ်များကိုလည်း ပြည်သူများ သိရှိရန် အသိပေး ကြေညာထားကြောင်း၊ ပြည်သူများအနေနှင့် ယာဉ်စည်းကမ်း ချိုးဖောက်သည့် ယာဉ်၏ နံပါတ်နှင့်အတူ အတိအကျ တိုင်ကြားပေးစေချင်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

ပထမ သတိပေးမယ်၊ အဲဒီထက်ကျော်လာရင် ယာဉ်လုပ်သားကို ရာသက်ပန် ထုတ်ပယ်မယ်။ ယာဉ်လိုင်း တာဝန်ခံတွေက မကိုင်တွယ်နိုင်ရင် လိုင်းပိတ်သိမ်းမယ်။ အရင်လိုပုံစံနဲ့ လုံးဝ မရတော့ဘူး”ဟု ၎င်းက ဆိုသည်။
ခရီးသည်ကို မချေမငံ ဆက်ဆံခြင်း၊ ဂိတ်စဂိတ်ဆုံး မမောင်းခြင်း စသည့်ပြစ်မှု ကျူးလွန်ပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ ဒဏ်ငွေကျပ် သုံးသောင်းမှ ကျပ်သိန်း ၅၀ ထက်မပိုသော ဒဏ်ငွေ၊ တစ်လမှ ခြောက်လထက် မပိုသော ထောင်ဒဏ်တို့ ချမှတ်နိုင်သည်။

YBS ၈၅ ယာဉ်လိုင်းသည် ယာဉ်စီးရေ ရ၀ စီးခန့်ဖြင့် ကူးချောင်း (လှိုင်သာယာ) ဘီအိုစီ၊ ညောင်တုန်းလမ်း၊ တပင်ရွှေထီးလမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ ဆင်မလိုက်၊ စာတိုက်၊ မြေနီကုန်း၊ လင့်လမ်း၊ ရွှေဂုံတိုင်၊ တာမွေပလာဇာ၊ ၁၅ ပေ တံတား၊ မင်းနန္ဒာ၊ ကျောက်တိုင်၊ ဧရာဝဏ်၊ သာကေတအဝိုင်း၊ သစ်ဆိပ်တို့ကို ပြေးဆွဲနေခြင်းဖြစ်သည်။

TheVoice
 



Follow us on