1. Home
  2. Myanmar News

မီးဖွားပြီးကာစ အမျိုးသမီးလူနာတစ်ဦး H1N1 ဖြင့်သေဆုံး

Myanmar News ส.ค. 04, 2560 view 1,545

လပွတ္တာမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ကတ္တီပါကျေးရွာက အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကလေးမီးဖွားပြီး ၂ ရက်အကြာတွင် H1N1 ကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။


အဆိုပါအမျိုးသမီးဟာ ဇူလိုင်လ ၂၈ ရက်နေ့က ကုတင်(၂၀၀) ပြည်သူ့ဆေးရုံ(လပွတ္တာ)သို့ ကလေးမွေးဖွားဖို့အတွက် တက်ရောက်ခဲ့သူဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့မှာ သားယောကျာ်းလေးကို မွေးဖွားခဲ့တဲ့သူဖြစ်တယ်လို့ လပ္ပတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ပြောကြားခဲ့ပါတယ်။


သူမဟာ ကလေးမွေးဖွားပြီး နောက်တစ်ရက်မှာ အသက်ရှူခက်ခဲမှု ဝေဒနာဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီးကို တက်ရောက်ကုသခဲ့ရပါတယ်။ ရန်ကုန်ဆေးရုံကြီးကိုရောက်ပြီး နောက်တစ်ရက် သြဂုတ်လ ၂ ရက်နေ့မှာ သူမဟာ H1N1 positive နဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာတော့ လူနာစောင့်အဖြစ်လိုက်ပါလာတဲ့ သေဆုံးသူရဲ့ မိဘနှစ်ဦး၊ညီမဖြစ်သူ နဲ့ သေဆုံးသူရဲ့ ရက်သားကလေးငယ် ( ယောင်္ကျားလေး)ကို လပွတ္တာပြည်သူ့ဆေးရုံ ၊ အထူးကြပ်မတ်ကုသဆောင်မှာ ပြောင်းရွှေ့ပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တစ်စုံတစ်ရာထူးခြားမှုမရှိသေးဘူးလို့ သိရပါတယ်။


ဒါ့အပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေက H1N1 ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေနေခြင်း ၊ အများပြည်သူသိရှိနိုင်ဖို့ ပညာပေးဟောပြောခြင်းတွေ ပြုလုပ်နေပါတယ်။
ကျန်ရှိတဲ့ ရက်သား ကလေးငယ်ကို အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေပြီး ကူညီထောက်ပံ့လိုသူများရှိရင်လည်း ကူညီကြဖို့ နှိုးဆော်ထားတယ်လို့သိရပါတယ်။

သတင်းရင်းမြစ်−ပေါ်ပြူလာနယူးစ်

 



Follow us on