ရုရှားနိုင်ငံထဲက အမေရိကန်သံတမန် ၇၅၅ ဦးကို နိုင်ငံအတွင်းကနေ ထွက်ခွါဖို့ ရုရှား သမ္မတ ပူတင်က အမိန့်ပေးပြီးတဲ့နောက် ရုရှားနိုင်ငံထဲက အမေရိကန်သံရုံးနဲ့ကောင်စစ်ဝန်ရုံးတွေက ၀န်ထမ်းတွေဟာ ထွက်ခွါဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ရုရှားနိုင်ငံကို အရေးယူပိတ်ဆို့တာတွေ ပြုလုပ်နိုင်မယ့် ဥပဒေမူကြမ်းတွေကို အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က ပြီးခဲ့တဲ့သီတင်းပတ် တုန်းက အတည်ပြုခဲ့တာကို ရုရှားသမ္မတဘက်က အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
သမ္မတရဲ့အခုလို ကြေညာချက်ကို ရုရှားနိုင်ငံအတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ယူရိုးနယူးစ်သတင်းဌာနက သတင်းဖော်ပြပါတယ်။ရုရှားနိုင်ငံအနေနဲ့ လက်ရှိမှာ အပိတ်ခံထားရတဲ့ ဂိုထောင်တစ်လုံးအပါအ၀င် အမေရိကန်သံရုံးဝန်းနှစ်ခုကိုလည်း သိမ်းသွား မယ်လို့ပြောထားပါတယ်။ဆင်ခြေဖုံးတစ်နေရာမှာရှိတဲ့ သံဝန်းတစ်ခုကိုတော့ ပိတ်ထားလိုက်ပြီဖြစ်ပြီး ပရိဘောဂတွေနဲ့အခြားပစ္စည်းတွေကိုထည့်ထားတယ်လို့ယူဆရတဲ့ ဗင်ကားသုံးစီးကိုလည်း အဲဒီသံဝန်း မှာ တွေ့ရတယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။
အဲဒီသံဝန်းဟာ အမေရိကန်သံတမန်တွေနဲ့ဝန်ထမ်းတွေ မော်စကိုမြို့တွင်းကနေ ထွက်ပြီး အပန်းဖြေနေရာအဖြစ်အသုံးပြုတဲ့ ခြံဝန်းလည်းဖြစ်ပါတယ်။လက်ရှိမှာ အဲဒီခြံဝန်းထဲက သစ်သားအိမ်အသေးလေးတစ်လုံးဟာ ၀ါရှင်တန်နဲ့မော်စကိုကြားက သံတမန်ဆက်ဆံရေးမှာ အချက်အခြာဖြစ်နေပါတယ်။