1. Home
  2. Myanmar News

လစဉ်ဆက်ကြေးကောက် ဗိုလ်ကျနေသော မြန်မာဓါးပြနှစ်ဦး ထိုင်းရဲအဖွဲ့ဖမ်းဆီး

Myanmar News ส.ค. 11, 2560 view 1,515

ဘန်ကောက်မြို့ အယ်ကချိုင် ၇၆ လမ်းတွင် မြန်မာအချင်းချင်း ဓါးပြတိုက်၊ ဆက်ကြေးကောက်သည့် မြန်မာ လူဆိုးဓါးပြနှစ်ဦးအား သြဂုတ်လ ၈ ရက်နေ့ ညဥ့်နက်ပိုင်းတွင် နယ်မြေထိုင်းရဲများက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။


ဖမ်းဆီးမိသည့် မြန်မာဓါးပြခေါင်းဆောင်အမည်မှာ ဇင်မင်းထွန်း ဖြစ်ပြီးအသက် သုံးဆယ်ကျော်ခန့်ရှိသည်။ သူသည် ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ၊ ဘန်ခွန်ထီယန် လမ်း (၁၀) တွင် အခြေချနေထိုင်သူဖြစ်ပြီး ဘန်ခွန်ထီယန် နယ်ထိန်းရဲများအတွက် ဘာသာပြန်အဖြစ် လုပ်ကိုင်သူလည်းဖြစ်သည်။


ဇင်မင်းထွန်းသည် ဖလန်ဆောင်နှင့် အယ်ကချိုင်နယ်မြေအတွင်းရှိ နေထိုင်ခွင့်မရှိသည့် မြန်မာအလုပ်သမားများနှင့် နေအိမ်တွင်း၊ ဖိနပ်ချုပ်၊ အထည်ချုပ်၊ အိပ်ချုပ်၊ ချဉ်လုံး၊ ကော်ကပ်၊ ဈေးရောင်း စသည့် မြန်မာအလုပ်သမားများ၏ အိမ်တို့ကို နယ်ထိမ်များကိုခေါ်ပြ၍ လစဉ် ဆက်ကြေးကောက်သူဖြစ်သည်။
အယင်အပတ်က ဇင်မင်းထွန်းသည် မြန်မာပတ်စပို့ စာအုပ်များကို ခိုးယူလာပြီး တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့် လိုက်လံရောင်းချနေခဲ့သည်။ MATအဖွဲ့ဝင်တစ်ဦး၏ စောင့်ကြည့်မှုကို သိရှိသွားသဖြင့် ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။


ပြီးခဲ့သည့်သြဂုတ်လ ၆ရက်နေ့ ညဉ့် ၁၁ နာရီ ၁၅မိနစ်အချိန်ခန့်က အယ်ကချိုင် ၇၆ လမ်းတွင်နေထိုင်သည့် အလုပ်သမားဇနီးမောင်နှံနှစ်ဦးတို့ ထမင်းစားပြီး နားနေကြစဉ် ပူအိုက်သဖြင့် တံခါးကိုအနည်းငယ် ဖွင့်ထားခဲ့သည်။


ထိုအချိန်တွင် ဇင်မင်းထွန်း နှင့်တပည့် မောင်မင်းနိုင် ဆိုသူတို့ ဝင်ရောက်လာခဲ့ကြသည်။ အိမ်တွင်းသို့ဝင်ပြီးနောက် မီးခလုပ်ကို မှိတ်လိုက်သည်။ အလုပ်သမားလင်မယား ၂ဦးတို့အား အိမ်သာထဲသို့ထည့်၍ ခြိမ်းခြောက် ဓါးပြတိုက်ခိုက်ကြသည်။

ဓါးပြတိုက်ခံရသည့် မအေးမိစံက “ သမီးတို့ လင်မယား ၂ယောက် ထမင်းစားပြီးလို့ ဖုန်းပွတ်နေကြတာ။ ပူလို့ တံခါးကို နဲနဲဟထားမိတယ်။ ဓါးပြ နှစ်ယောက်ဝင်လာပြီး ဓါးရှည်တစ်လက်ကိုပြတယ်။ သမီးတို့ အန္တရာယ်ရှိပြီ ဆိုတာနားလည်လိုက်တယ်။ သမီးတို့ဆီက ဖုန်း နှစ်လုံးကိုတောင်းတယ်။ သမီးတို့ နှစ်ယောက်ကို အိမ်သာထဲသွင်းပြီး အပြင်ကဖိထားတယ်။ အခန်းမီးတွေ ပိတ်လိုက်တယ်။
တပည့်ဖြစ်သူဓါးပြက အိမ်သာတံခါးကိုမှီးထားပြီး သမီးတို့အပြင် မထွက်နိုင်အောင်စောင့်နေတယ်။ သွန့် ကလက်နှိပ်ဓါတ်မီးနဲ့ တစ်ခန်းလုံးကိုမွှေတယ်။ ၃၂လက်မ ဆမ်ဆောင်း TV တစ်လုံး ဘတ်ငွေ နှစ်ထောင်ကျော်နဲ့ ဘတ် ၂၅၀၀ တန် လက်စွတ်တစ်ကွင်း ပါသွားတယ်၊ ပုလိပ်တိုင်ရင် သတ်မယ်လို့ခြိမ်းခြောက်သွားတယ်
” ဟုပြောသည်။


ဓါးပြများပြန်သွားသည့်အခါ မအေးမိစံက အလုပ်ရှင် သူဌေးမကိုဖုန်းဆက်လိုက်ပြီး သူဌေးနှင့်အတူ နယ်မြေရဲ စခန်းသို့သွားရောက်၍ အမှုဖွင့်တိုင်ကြားခဲ့သည်။ သို့ဖြစ်၍ ယမန်နေ့ညဥ့်က ဓါးပြနှစ်ဦးကို နယ်မြေရဲကဖမ်းဆီးလိုက်မိပြီဖြစ်ပါသည်။


ယနေ့ညနေပိုင်းတွင် ဓါးပြအတိုက်ခံရသည့် အလုပ်သမားဇနီးမောင်နှံနှစ်ဦးနှင့်အတူ ဘန်ဘော်ရပ်ကွက် အတွင်းမှ အဆိုပါဓါးပြများ ဆက်ကြေးအကောက်ခံခဲ့ရသူများကလည်း ထပ်မံ၍ အမှုဖွင့်ရန်သွားကြမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့က ပြောသည်။


ဓါးပြများခြိမ်းခြောက်ခံခဲ့ရသည့်ဇနီးမောင်နှံနှစ်ဦးတို့သည်လုံခြုံရေးအရ လုပ်ငန်းရှင် သူဌေးနေထိုင်ရာသို့ ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်ပါသည်။


သတင်း ...မောင်မောင်မြတ်ညို

 



Follow us on