1. Home
  2. Good Morning Myanmar

ဘယ်လ်ဂျီယံတွင် ကြက်ဥကြော်ပွဲတော်ပြုလုပ်

Good Morning Myanmar ส.ค. 18, 2560 view 1,420

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဘယ်လ်ဂျီယံနိုင်ငံမှာ ပိုးသတ်ဆေးတွေပေနေတယ်ဆိုတဲ့ ကြက်ဥတွေတွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုနှစ်ဧရာမကြက်ဥကြော်ပွဲတော် ကိုတော့ အစဉ်အလာမပျက်ကျင်းပခဲ့ပါတယ်။ပွဲတော်ကိုတော့ ဘယ်လ်ဂျီယံနိုင်ငံ၊အရှေ့ပိုင်းက မဲလ်မယ်ဒီမြို့မှာ ဩဂုတ်လ(၁၅)ရက်တိုင်းနှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ဧရာမကြက်ဥကြော်ပွဲတော်ကို ယခုနှစ်မှာ(၂၂)ကြိမ်မြောက်ကျင်းပခဲ့ပါတယ်။ ယခုနှစ်ကြက်ဥကြော်ပွဲတော်မှာ ကြက်ဥအလုံးပေါင်း(၁၀ဝ၀ဝ)ကျော်လောက်ကို စုပေါင်းကြော်ခဲ့တာပါ။

ဧရာမကြက်ဥကြော်ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ရဲ့ဥက္ကဌ ဘန်နီဒစ်ခ်မက်သီက ဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကိုသိရှိနေတဲ့အတွက် ကြက်ဥတွေကို ဝယ်ယူပြီးကတည်းက အသေအချာ စစ်ဆေးခဲ့ပြီး အဆိပ်အတောက်ကင်းစင်တယ်၊ဘေးကင်းတယ်ဆိုတာလူတိုင်းကို အာမခံ ပေးနိုင်တယ် လို့ ဆိုပါတယ်။ပွဲကိုတက်ရောက်လာတဲ့အမျိုးသမီးတစ်ဦးကလည်း သူမရဲ့ပတ်ဝန်းကျင်က ကြက်မွေးမြူရေးခြံ၊မွေးမြူရေးလုပ်ကိုင်နေတဲ့လယ်သမားတွေနဲ့ကြက်တွေမှာ ပိုးသတ်ဆေးနဲ့ပတ်သတ် တာတွေပါဝင်နေတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်တယ်ဆိုပြီး ပြောပါတယ်။

ကြက်ဥကြော်ရာမှာ ဝက်ပေါင်ခြောက်တွေကိုပါအသုံးပြုသွားတာဖြစ်ပြီး ဝက်ပေါင် ခြောက်အလေးချိန်ကီလို(၃၀)လောက်ကိုအသုံးပြုခဲ့ပြီး ကြက်သွန်၊ဆားနဲ့ ငရုတ်ကောင်းမှုန့်တွေကို အသုံးပြုခဲ့တယ်လို့ ဧရာမကြက်ဥကြော်ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စတက်ဖန် ဘလေ့ဇ်ကပြောပါတယ်။



Follow us on