
နေပြည်တော်ကောင်စီနယ်မြေအတွင်း လူမနေတဲ့အိမ်အချို့ တံခါးရွက်တွေဖြုတ်ခိုးခံရတယ်လို့ နေ ပြည်တော် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အချို့က ဆိုပါတယ်။ နေပြည်တော် ရှစ်မြို့နယ်မှာ မြို့ဟောင်းဖြစ်တဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့တွေမှာလူနေမှုများပြီး သီရိ ၅ မြို့နယ်ထဲမှာဆိုရင် ဝန်ကြီးဌာနရုံးတွေရှိတဲ့ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာသာ လူနေထိုင်မှု များပါတယ်။
အခြားမြို့နယ်တွေမှာ လူနေထိုင်မှုနည်းပါးကာ အိမ်တွေဆောက်ထားပေမယ့် သည် အတိုင်းပစ်ထားကြတာပါ။ နေပြည်တော်တည်ဆောက်ပြီးစဉ်က ဒေသခံတွေနဲ့ ရန်ကုန်၊ မန္တလေးမြို့တွေက ပိုက်ဆံရှိလူတစ်စုက နေရာကောင်းတွေဝယ်ပြီး အိမ်ကောင်းတွေ ဆောက်လုပ်ထားကြပါတယ်။
လူနေထိုင်မှု၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု အားနည်းတာကြောင့် အိမ်စောင့်တွေကို လစာပေးပြီးစောင့်ခိုင်းပေမယ့် နောက်ပိုင်းမှာ အများစုက အိမ်စောင့်မငှားကြတော့ပဲ သည်အတိုင်းပစ်ထားကြတာပါ။
နေပြည်တော် အိမ်ခြံမြေ ရွှေလက်ပံ အကျိုးဆောင်လုပ်ငန်းက ဦးကျော်စွာမြင့်က "ပထမတစ်ခါ ရေစက်ဖြုတ်တယ်၊ မီးစက်ဖြုတ်တယ်၊ မီးကြိုးဖြုတ်တယ်၊ ပြန်တပ်တယ်၊ ထပ်ခိုးတယ်။ နောက်တော့ မတပ်ပဲ ဒီအတိုင်းထားလိုက်တယ်။ ခိုးစရာမရှိတော့ တံခါးရွက်တွေပါ ဖြုတ်သွားကြတာ။ တချို့အိမ်အများစုမှာ အဲဒီပုံစံတွေပဲဖြစ်နေကြပြီ"လို့ ပြောပါတယ်။
ဒက္ခိဏသီရိမြို့နယ်အတွင်းမှာ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ နေပြည်တော် သီရိမြို့နယ် တွေဟာ နေရာတိုင်းမှာ လူမစည်ကားသေးဘဲ ကွက်ကျားစည်ကားနေတာပါ။
ညဈေးရှိတဲ့နေရာတစ်ဝိုက် ဘူတာရုံ၊ ဈေးတွေမှာသာ လူစည်ပါတယ်။ ဒက္ခိဏသီရိမြို့နယ်အတွင်း အိမ်ဝယ်ထားတဲ့ မသီရိလှိုင်က “အစ်မ အိမ်ကိုဝယ်ထားကတည်းက ပြန်ရောင်းဖို့ ဝယ်ထားတာ၊ ဈေးမတည့်တော့ ဒီအတိုင်းပဲပစ်ထားရတယ်။ အရင် အပြင်ကပစ္စည်းပဲ ပျောက်တယ်၊ အခုတံခါးရွက်ပါ ခိုးတဲ့အဆင့်ဖြစ်လို့ အစောင့်ကို လပေးနဲ့ခေါ်ထားရတယ်"လို့ ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ နေ့ရောညပါ လှည့်ကင်းတွေချထားပြီး စောင့်ကြည့်နေ တယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။ ဒါပေမဲ့လည်း တစ်နေရာနဲ့တစ်နေရာ အလှမ်းဝေးပြီး လူမနေထိုင်တာကြောင့် မသမာမှုပြုချင်သူတွေအတွက် အခွင့်အရေးဖြစ်နေပါတယ်။
နေပြည်တော်ကို ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ် စုစုပေါင်း ရှစ်မြို့နယ်နဲ့ ဖွဲ့စည်းထားတယ်။ ၂၇၂၄.၇၅ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေ ၁၁ သန်းကျော်နေထိုင်ပါတယ်။ ရဲအင်အား ၁၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်−မော်ဒန်ဂျာနယ်
comment