1. Home
  2. Myanmar News

ဒလသင်္ဘောဆိပ် အနီးက စည်ပင် နယ်နိမိတ်နှင့် မလွတ်ကင်းသည့် အဆောက်အဦများကို ဖျက်သိမ်းရန်ညွှန်ကြား

Myanmar News ส.ค. 22, 2560 view 1,445

ဒလသင်္ဘောဆိပ်ကမ်း အနီးရှိ စည်ပင်နယ်နမိတ်နှင့် မလွတ်ကင်းသော အဆောက်အဦများကို သြဂုတ်လကုန် အပြီးဖျက်သိမ်းပြီး ပြည်သူများသွားရေးလာရေး အဆင်ပြေအောင် လုပ်ဆောင်ပေးရန် ဝန်ကြီး ဒေါ်နီလာကျော်မှ ညွှန်ကြားထားကြောင်း သိရှိရသည်။

''ဆိပ်ကမ်းမှာက ဆိုင်တွေက ပေ၂ဝကျော်လောက် ကျူးနေတယ်။ ပလက်ဖောင်းတွေ အကုန်ပျောက်နေတယ်။ တချို့က ပြည်တွင်းရေကြောင်းနဲ့ ဆိုင်တယ်။ မနေ့က ဝန်ကြီးဒေါ်နီလာကျော်ကလည်း ပြောသွားတယ်။ အမှန်က ဒီနေရာတွေက ပြည်သူပိုင် ဖြစ်ရမယ်တဲ့။ ဟိုကပိုင်တယ်။ ဒီကပိုင်တယ်ဆိုတဲ့ကိစ္စက မဖြစ်သင့်တော့ဘူးတဲ့။ အဲဒီဌာနတွေနဲ့ သူရှင်းမယ်တဲ့။ လုပ်စရာရှိတာကို လုပ်ဖို့ပြောတယ်'' ဟု ဒလမြို့နယ်တိုင်းဒေသကြီး (၁)လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က သြဂုတ် ၂၁ ရက်ကပြောသည်။ ဆိုင်ခန်းများကို ဆိပ်ကမ်းသာ ယာလှပရေးကော်မတီက တာဝန်ယူပြီး တစ်ပြေးညီပုံစံတူဆောက်လုပ်ရန် ဝန်ကြီးက ညွှန်ကြားခဲ့ကြောင်း ဦးထွန်းရင်က ပြောသည်။

ဖျက်သိမ်းမည့်ဆိုင်ခန်းများကို ပြည်တွင်းရေကြောင်းပိုင် မြေနေရာတွင် ပြန်လည်နေရာချပေးမည်ဖြစ်ပြီး ဆိပ်ကမ်းသာယာလှပရေး ကော်မတီအနေနှင့် ပြည်တွင်းရေကြောင်းပိုင် မြေနေရာကို ပြည်တွင်းရေကြောင်းထံမှ တစ်နှစ်လျှင် ကျပ်သိန်း ၆ဝဖြင့် ငှားရမ်းခဲ့ကာ ဇူလိုင်လအတွင်းက စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

''လက်မှတ်ရုံအဟောင်းကတော့ ဖျက်လိုက်ပြီ။ အဲဒီနေရာကနေ အတက်လမ်း တစ်လမ်းဖောက်မယ်။ လမ်းက ပေ၁ဝဝ ဝန်းကျင်လောက်တော့ခင်းရမယ်။ အတက်လမ်းကို အရေး ပေါ်ခင်းမှာ။ လမ်းခင်းပြီးတော့ လူတွေသွားလို့လာလို့ရအောင်။ ဆိုင်ကယ် တွေကိုလည်း သူ့နေရာနဲ့သူသတ်မှတ် ထားတဲ့နေရာမှာပဲ ချပေးမယ်။ သတ်မှတ်ထားတဲ့နေရာမှာ မလုပ်တဲ့သူတွေကို ဝန်ကြီးကလည်း အရေးယူဖို့မှာတယ်။ စည်းကမ်းမလိုက်နာရင် အရေးသာယူလို့ပြောသွားတယ်'' ဟု ဦးထွန်းရင်က ပြောသည်။

ဆိပ်ကမ်းသာယာလှပရေး ကော်မတီကို ၂ဝ၁၇ မေလ၄ရက်က ကော်မတီဝင် ၂၃ဦးဖြင့်ဖွဲ့စည်းခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး ဒလမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ''စည်ပင်နယ်နိမိတ်နဲ့ မလွတ်တဲ့ဆိုင် တွေကိုဖျက်ခိုင်းထားပါတယ်'' ဟု သြဂုတ်၂၁ ရက်ကပြောသည်။

စည်ပင်နယ်နိမိတ်နှင့် မလွတ်ကင်းသည့်ဆိုင်ခန်းအမိုးများ ဖျက်ပေး ရမည်ဖြစ်ကြောင်း၊ သြဂုတ် ၂၁ ရက်မှ စတင်ကာ စည်ပင်နယ်နိမိတ်နှင့် မလွတ်ကင်းသည်များကို သြဂုတ်လကုန်အပြီး ဖျက်ပေးရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ကားလိုင်းများကိုလည်း သတ်မှတ်ဧရိယာအတွင်း ပြန်လည်နေရာချ ထားပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်းရင်းမြစ်−ဒီမိုကရေစီတူဒေး
 



Follow us on