1. Home
  2. Myanmar News

နာရေးကူညီမှုအသင်းကို လေယာဉ်တစ်စင်း လှူဒါန်ရန် သြစတြေးလျ ကမ်းလှမ်း

Myanmar News ส.ค. 25, 2560 view 1,508

နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုနိုင်ရန် ၁၂ ယောက်စီး လေယာဉ်ငယ်တစ်စင်းကို သြစတြေးလျနိုင်ငံက လှူဒါန်းရန် ကမ်းလှမ်းထားကြောင်း သိရှိရသည်။

အဆိုပါ ကမ်းလှမ်းမှုကို ဇူလိုင်လတွင်းက သြစတြေးလျနိုင်ငံဘက်မှ နာရေးကူညီမှုအသင်းသို့ ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းဉက္ကဋ္ဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။


ကျွန်တော်ကိုကမ်းလှမ်းတယ်။ သြစတြေးလျနိုင်ငံကနေပြီး ၁၂ ယောက်စီး လေယာဉ်တစ်စင်း လှူချင်တယ်တဲ့။ လှူချင်တယ်ဆိုတော့ ဝမ်းသာတာပဲလေ။ ဒီဘက်ကနေ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် လုပ်မယ်။ ဒါပေမယ့် တချို့အဖွဲ့ဝင်တွေက ဥက္ကဋ္ဌ စိတ်ကူးတွေယဉ်မနေပါနဲ့ ပြောတယ်။ ဟိုဘက်က လှူမယ့်အလှူ့ရှင်က လှူမယ်ဆိုပြီးတော့ ကမ်းလှမ်းတာကို ကိုယ်ကမယူဘူးဆိုရင် ဘာဖြစ်သွားမလဲ။ ကျွန်တော်ကတော့ ရအောင်လုပ်မှာပဲ။ ဘာဖြစ်မလဲတော့မသိဘူး


ဟုပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံဘက်မှ လေယာဉ်လှူဒါန်းခဲ့ပါက လေယာဉ်ထားရှိရန်နှင့် လေယာဉ်နှင့် ပက်သက်သော ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်ချက် အခက်အခဲများ ရှိလာနိုင်သော်လည်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမို အကျိုးရှိလာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လေယာဉ်ထက်စာလျှင် ဟယ်လီကော်ပတာက ပိုပြီးအသုံးဝင်နိုင်မှာဖြစ်လို့ အလှူရှင်များ၏ ဆန္ဒကို ဖြစ်အောင် လုပ်ပေးရမည်ဟု ဆက်လက်ပြောဆိုခဲ့သည်။
လေယာဉ်အတွက် လိုအပ်သော ကိစ္စအဝဝကို ကူညီနိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ လေကြောင်းကုမ္ပဏီများဖြစ်သည့် ကမ္ဘောဇနှင့် MAI တို့ကိုလည်း အကူညီတောင်းခံထားကြောင်း သိရှိရသည်။

သြစတြေးလျမှ လှူဒါန်းလာမည့် လေယာဉ်၏ ပုံစံနှင့် အချက်လက်များကို သိရှိရန် သြစတြေးလျနိုင်ငံသို့ ပြန်လည်ပေးပို့ရန် တောင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။

သတင်းရင်းမြစ်-ဒီမိုကရေစီတူဒေး
 



Follow us on