ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS(56)ယာဉ်လိုင်းမှာ လုံခြုံရေးကြီးကြပ်သူများကို စမ်းသပ်ကာလအဖြစ်ထားရှိနေပြီဖြစ်တယ်လို့ YBS(56) ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ YBS(56)ယာဉ်လိုင်းဟာ သခင်မြပန်းခြံ၊ဗိုလ်ချုပ်ကွေ့၊မော်တင်(ဗဟိုစည်)၊ သရက်တောကျောင်း၊ဆေးရုံကြီး၊ပန်းဆိုးတန်းမှတ်တိုင်တွေအပြင် ညောင်ပင်လေးဈေး၊မော်တင်၊ ကလီ၊ကျုံးကြီးမှ သခင်မြပန်းခြံအထိပြေးဆွဲပေးနေတာဖြစ်ပါတယ်။ YBS(56) ယာဉ်လိုင်းမှာ နေ့စဉ်ပြေးဆွဲနေတဲ့ (၂၅)စီးရှိပြီးယာဉ်အစီးရေတိုင်းမှာ လုံခြုံရေးကြီးကြပ်သူတစ်ဦးစီထားရှိပေးထား တာကြောင့် ယာဉ်မောင်းတွေအနေနဲ့ယာဉ်မောင်းနှင်ရာမှာ ခရီးသည်အတက်အဆင်းတွေနဲ့ ယာဉ်စီးခ ကို ငွေပုံးထဲထည့်၊မထည့် ကြည့်ရှုရတာတွေမရှိတော့ဘဲ မိမိယာဉ်ကိုသာပိုမိုအာရုံစိုက်မောင်းနှင်နိုင် တယ်လို့သိရပါတယ်။
YBS(56)ယာဉ်လိုင်းမှကားများမှာ အခုလိုလုံခြုံရေးကြီးကြပ်သူတစ်ဦးစီ ထားရှိပေးတဲ့အတွက် ခရီးသည်အများစုကလည်း ကြိုက်နှစ်သက်တယ်လို့ပြောပါတယ်။ YBS ဘတ်စ်ကားအများပိုင်ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ Omni Focus ကုမ္ပဏီ အနေနဲ့ YBS(56) ယာဉ်လိုင်းမှာ လုံခြုံရေးကြီးကြပ်သူထားရှိပေးတာဟာ ခရီးသွားပြည်သူများ အတွက် စည်းကမ်းပိုင်းဆိုင်ရာတွေနဲ့သက်ကြီးရွယ်အိုများအတွက်လည်း ကားပေါ်အတက်အဆင်း အဆင်ပြေစေဖို့နဲ့ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရမှုတွေနဲ့ထိခိုက်ရမ်းကားမှုတွေမဖြစ်ပေါ်အောင် အခုလိုပြုလုပ်ပေးတာဖြစ်တယ်လို့ ကုမ္ပဏီမှတာဝန်ရှိသူကပြောပါတယ်။
လက်ရှိ YBS(56)ယာဉ်လိုင်းမှာ လုံခြုံရေးကြီးကြပ်သူ(၂၅)ဦးစမ်းသပ်ထားရှိပြီး နောက်ပိုင်းမှာလည်း YBS(20) ယာဉ်လိုင်းမှာပါ ထပ်မံထားရှိပေးသွားမယ်လို့သိရပါတယ်။ ဒီလိုထားရှိဖို့အတွက်လည်း ယာဉ်လိုင်းတာဝန်ရှိသူများမှ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံ တင်ပြထားတယ်လို့ပြောပါတယ်။